ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားသော ကျေးရွာကို စစ်ကောင်စီလေတပ်က တစ်ပတ်အတွင်း နှစ်ကြိမ် ဗုံးကြဲခဲ့ရာ ဒေသခံတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရခဲ့သည်။
မြို့မြောက်ဘက် ၁၄ မိုင်ခန့်အကွာတွင်ရှိသည့် မြို့သစ်ရွာ တိုက်နယ်ဆေးရုံကို မေ ၇ နှင့် ၁၃ ရက်တို့တွင် တိုက်ခိုက်ခဲ့ရာ ပထမကြိမ်တွင် ဆေးရုံအဆောက်အအုံ ပျက်စီးသည်၊ ဒုတိယအကြိမ်တွင် ထိခိုက်သေဆုံးမှု ဖြစ်ခဲ့သလို အဆောက်အအုံများလည်း ပျက်စီးသည်ဟု ဆိုသည်။
မေ ၁၃၊ ည ၈ နာရီခန့်က ပေါ်ပေါက်ခဲ့သည့် တိုက်ခိုက်မှုတွင် ဗုံးက ဆေးရုံအနီးရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲရာ အအေးဆိုင်ဖွင့်ထားသည့် နေအိမ်တွင်း ရှိနေသည့် အသက် ၄၀ ကျော်အရွယ် ဦးနိုင်ဝင်း သေဆုံးပြီး ဇနီး ဒေါ်ချယ်ရီဖြူနှင့် ယောက္ခမ ဒေါ်သောင်းတင်တို့ ဒဏ်ရာရသွားကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“အိမ်တည့်တည့်ပဲ သူတို့က အအေးဆိုင်လေး ဖွင့်ထားတာ၊ တည့်တည့်ကိုကျတာ။ အဲဒီအမျိုးသားက အလောင်းကို တစ်စစီလိုက်ကောက်ရတယ်၊ ကျန်တဲ့နှစ်ယောက်လည်း ခြေထောက်တွေဘာတွေမှာ ဒဏ်ရာရသွားတယ်” ဟု ထိုရွာ၏ မြောက်ဘက် ၃ မိုင်ခန့်အကွာတွင်ရှိသော ကုန်းလောရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
“ဆေးရုံကိုပဲ ထပ်လာကြဲတာနေမှာ၊ ဘာသတင်းရလဲတော့ မသိဘူး။ အဲဒီအအေးဆိုင်အိမ်က ဆေးရုံနားတင် ဆိုတော့ မှားပြီးကျသွားတာ”
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့သစ်ရွာရှိ ဒေသခံများ သေဆုံးထိခိုက်ဒဏ်ရာရကြောင်း အတည်ပြုသည်။
မေ ၇ ရက်ကလည်း ဆေးရုံကို ဗုံးကြဲခဲ့သဖြင့် ဆေးရုံတစ်ခုလုံးပျက်စီးခဲ့သည်။
ထိုနေ့က သေဆုံး၊ ထိခိုက်မှု မဖြစ်ကြခြင်းမှာ အဆိုပါဆေးရုံမှာ ဧပြီလဆန်းတွင် တိုက်ပွဲများဖြစ်ကတည်းက ပိတ်ထားခြင်းကြောင့်ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလတစ်လလုံး ထိုဒေသသတစ်ဝိုက်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ခဲ့ပြီးနောက် KIA ပူးပေါင်းတပ်များက မြို့သစ်ရွာအခြေစိုက် စစ်ကောင်စီတပ်၏ ခမရ (၃၂၀)၊ ရဲစခန်းနှင့် တာဝါတိုင်စခန်းကုန်းတို့ကို သိမ်းပိုက်ကာ ရွာကို ထိန်းချုပ်လိုက်သည်။
ထိုဆေးရုံကို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ထိုဒေသတွင် တိုက်ပွဲများ ငြိမ်သက်နေသည်မှာ ကာလကြာပြီဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
“ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေလည်း မရှိဘူး၊ သူတို့ စစ်ကြောင်းထိုးတာလည်း မရှိဘူး၊ တိုက်ပွဲလည်း မရှိဘူး။ တမင်တကာ ပြည်သူလူထုတွေရှိတဲ့ နေရာတွေကို သူတို့ ဗုံးလာကြဲတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာအုပ်စုရှိ မြို့သစ်ကျေးရွာသည် တိုက်နယ်အဆင့် ကျေးရွာကြီးဖြစ်ကာ မန္တလေး-မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးဘေးတွင် တည်ရှိသည်၊ ၂၀၁၄ သန်းခေါင်စာရင်းအရ မြို့သစ်ကျေးရွာအုပ်စုတွင် လူဦးရေ ၂၃၀၀ ကျော် နေထိုင်သည်။
၂၀၂၁ တွင် အာဏာသိမ်းပြီး လမ်းပေါ်ထွက် ဆန့်ကျင်သူများကို ပစ်သတ်ခဲ့သော စစ်ကောင်စီသည် နိုင်ငံအနှံ့အပြား စစ်မျက်နှာဖွင့်ထားရပြီး တော်လှန်ရေးအဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်နေသဖြင့် လေတပ်ကို အားပြု ခုခံနေရာ အရပ်သားများ ထိခိုက်သေဆုံးနေသည်။
မကွေးတိုင်း ဆောမြို့နယ်တွင်လည်း တစ်ပတ်အတွင်း နှစ်ကြိမ် လေကြောင်းမှ တိုက်ခိုက်ရာ မေ ၉ ရက်နေ့ အကြည်ပန်းပလွန်းရွာရှိ ဘုန်းကြီးကျောင်း တိုက်ခိုက်မှုတွင် အမျိုးသား၊ အမျိုးသမီး ၁၆ ဦး ထက်မနည်း သေဆုံးခဲ့သည်၊ မေ ၁၄ ရက်နေ့ ဆောမြို့နယ် တောမရွာ ဗုံးကြဲမှုတွင် ကလေးများ အပါအဝင် ၇ ဦး သေဆုံးခဲ့သည်။
အလားတူ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်ရှိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျေးရွာတချို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားအများအပြား သေဆုံးခဲ့သည်။
စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများသည် လေကြောင်းပစ်မှတ် ဖြစ်လာသည်။
စစ်ကောင်စီကမူ အကြမ်းဖက်သမားများကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ရံဖန်ရံခါ တုံ့ပြန်တတ်သည်။