“ကျွန်တော်သန်းကြွယ်သူဌေးဖြစ်ခဲ့စဉ်က”၊ “လူကက်ဆက်” အမည်တို့ဖြင့် ABSDF မြောက်ပိုင်းမှ ကိုယ်တွေ့ငရဲခန်းများအကြောင်းကို ၂၀၁၁ ခုနှစ်က ကျွန်တော်ကိုယ်တိုင် အယ်ဒီတာလုပ်ခဲ့သော “ကောင်းကင်” အွန်လိုင်းစာပေနှင့် အနုပညာမဂ္ဂဇင်းတွင် စတင်ရေးသားခဲ့ရာမှ နှစ်ပေါင်းများစွာ မတို့မထိဘဲ ထားခဲ့သော မြန်မာ့ဒီမိုကရေစီခရီးကြမ်းမှ လူမဆန်သော ငရဲခန်းများအကြောင်း စာဖတ်သူများ အထိတ်တလန့်သိခဲ့ကြသည်။ ထိုမှစ၍ ကိုယ်တိုင်ခံစားခဲ့သူများရဲ့ အသံတွေ တစ်စတစ်စဆူညံလာခဲ့ကာ ဂဃနဏသိသူတွေကိုယ်တိုင် အကွက်ချ ဖုံးဖိထားခဲ့တဲ့ သမိုင်းအမည်းကွက်ဟာ ပြန်လည်နိုးထလာခဲ့ပါတော့တယ်။
အမှန်တော့ ကိုထွန်းအောင်ကျော်အပါအဝင် ပါဂျောင်ငရဲခန်း ဖြတ်သန်းရင်း ကျဆုံးသွားခဲ့တဲ့ ဒီမိုကရေစီကျောင်းသားရဲဘော်တို့ရဲ့ ဝိညာဉ်တွေကိုယ်တိုင် အရိုးတွန်လာခြင်း ဖြစ်ပါတယ်။ တစ်နေ့ကျရင် သမိုင်းအမှန်ကို အားလုံးသိရှိအောင် ဖော်ထုတ်ပေးပါ့မယ်လို့ ကျွန်တော်တို့ ကတိပြုခဲ့ကြဖူးတယ်။ အဲဒီကတိကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့အတွက်လည်း အတိုင်းအတာတစ်ခုထိ မိမိကိုယ်ကို ဖြေသိမ့်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ပြန်လည်ပြီး ပြောပြနိုင်အောင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရပါတယ်။
၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးကို စက်တင်ဘာ ၁၈ရက် စစ်အာဏာသိမ်းအပြီးမှာ သောင်းနဲ့ချီတဲ့ လူငယ်တွေဟာ နယ်စပ်သူပုန်စခန်းတွေဆီ လက်လက်နက်ကိုင်တော်လှန်ရေးတစ်ခု ဆင်နွှဲဖို့ ရည်ရွယ်ချက်တွေနဲ့ စွန့်စားရောက်ရှိခဲ့ကြတယ်။ ကျွန်တော်လည်း ကချင်ပြည်နယ်မြောက်ပိုင်း “ပါဂျောင်”ဒေသက ABSDF တော်လှန်ရေးတပ်ဖွဲ့မှာ တော်လှန်ရေးတပ်သားတစ်ယောက်အနေနဲ့ ရောက်ခဲ့ပါတယ်။ တက္ကသိုလ်စာသင်ခန်းက အရေးပေါ် စစ်ပညာစာပေလေးတွေဖတ်ပြီး တောထဲဝင်လာတဲ့ ကျွန်တော်တို့အတွက် တော်လှန်ရေးဆိုတာ ဟောလီးဝုဒ် ရမ်ဘိုစီးရီးထဲကလို မဟုတ်ဘူးဆိုတာ ခါးသီးစွာ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒီကြမ်းတမ်းမှုတွေကို ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်ဆိုးအောက်က လွန်မြောက်ချင်စိတ်တွေနဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။
ဒါပေမယ့် လက်နက်နဲ့ အာဏာကြောင့် ခေါင်းဆောင်နေရာလုပွဲကြီးမှာ တကယ်အရည်ချင်းရှိတဲ့ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်နဲ့ ကျွန်တော်အပါအဝင် တော်လှန်ရေးရဲဘော်တွေဟာ ABSDF အလံတစ်ခုတည်းအောက်က ရော်နယ်အောင်နိုင်၊ မျိုးဝင်း၊ သံချောင်း၊ လဆိုင်း၊ အောင်ဆွေဦး သန်းဇော်တို့ရဲ့ အငြိုးအတေးကြီးစွာနဲ့ အမှုဆင်ပြီး စစ်အစိုးရထောက်လှမ်းရေး စပိုင်တွေလို့ စွပ်စွဲပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုကြီးနဲ့ ကြုံခဲ့ရပါတယ်။
ကျွန်တော်ကိုယ်တိုင် ပြင်းထန်တဲ့ ညှဉ်းဆဲနှိပ်စက်မှုတွေကို မခံနိုင်တဲ့အဆုံး စစ်ထောက်လှမ်းရေးပါလို့ ဟန်ဆောင်ထွက်ဆိုပေးခဲ့ရပါတယ်။ ငရဲတမျှရက်စက်တဲ့ အကျဉ်းထောင်မှာ ညပေါင်းများစွာ လပေါင်းများစွာ ခံစားခဲ့ရဖူးပါတယ်။ နောက်ဆုံး ၁၉၉၂ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကိုထွန်းအောင်ကျော်အပါအဝင် ၁၅ ယောက်ကို ခေါင်းဖြတ်သတ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ ကျွန်တော်တို့ဟာ ပါဂျောင်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
မြို့ပေါ်ရောက်ပြီး နှစ်ကာလများစွာကြာတဲ့အထိ ဒီအကြောင်းတွေကို ပြန်မစဉ်းစားချင်လောက်အောင် ခါးသီးနာကြည်းခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒီဆိုးရွားလှတဲ့ပြစ်မှုကြီးကို ကျူးလွန်ထားသူတွေဟာ လွတ်မြောက်နယ်မြေထဲမှာ ကိုယ်ယောင်ဖျောက်ပြီး ဒီမိုကရေစီရေး အလေးပေးကြိုးပမ်းနေသူတွေအဖြစ် ဆက်ရှင်သန်နေကြပါတယ်။ ဒီလိုနဲ့ ၂၀၁၂ ခုနှစ်မှာ “ကျွန်တော်သန်းကြွယ်သူဌေးဖြစ်ခဲ့စဉ်က”နဲ့ “လူကက်ဆက်” ဆောင်းပါးတွေကနေ ဒီတောထဲမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်မှန်ကို ရေးသားတင်ပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော့်လိုပဲ ခံခဲ့ရသူတွေက ရှုထောင့်မျိုးစုံကနေ ဝိုင်းဝန်းဖော်ထုတ်ရေးသားကြရင်းက ဒီထိတ်လန့်ဖွယ်ဖြစ်ရပ်ဆိုးကြီးကို စာဖတ်သူတွေ စတင်သိခဲ့ကြရပါတယ်။
ဒီလိုနဲ့ ဒီအဖြစ်အပျက်တစ်ခုလုံးကို အစအဆုံး ချရေးနိုင်ခဲ့ပြီး ၂၀၁၄ မှာ ကိုဇာဂနာ တည်ထောင်ထားတဲ့ HOME production ကနေ ပထမအကြိမ်ထုတ်ဝေခဲ့ပါတယ်။ နောက်တော့ ၂၀၁၉ ဇွန်လမှာ ငါတို့စာပေကနေ ပြန်လည်တည်းဖြတ် ထပ်မံထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ကို ရေးသားချိန်မှာ အဖြစ်အပျက်တို့ကို ပြည့်ပြည့်စုံစုံ နားလည်သိရှိနိုင်ဖို့တင်မက ရသပါတဲ့ အနုပညာစာပေလက်ရာတစ်ခုဖြစ်ဖို့ ကြိုးစားရေးခဲ့ပါတယ်။ ၂၀၂၀ နှစ်ဆန်းစမှာ ငါတို့စာပေက မြေမှုန်လွင်က ဖုန်းဆက်ပြီး ကျွန်တော့်စာအုပ်ကို ရုပ်ပြအနုပညာရှင်တစ်ယောက်က ရုပ်ပြဆွဲဖို့ စိတ်ဝင်စားနေတယ်၊ သူ့ရဲ့လက်ရာကို အစ်ကိုတွေ့ရအောင် နမူနာပို့ပေးလိုက်မယ်၊ ကြည့်ပြီး ဆွဲခွင့်ပြုဖို့ သဘောတူမတူ အကြောင်းပြန်ပေးပါတဲ့။ သူနမူနာပေးလိုက်တဲ့ ဂရပ်ဖစ်သရုပ်ဖော်ပုံတွေ ကြည့်လိုက်ရုံနဲ့ ဒီလက်ရာရှင်ဟာ ခုမှ စိတ်ကူးပေါက်ပြီး ထလုပ်တာမျိုးမဟုတ်ဘဲ နှစ်ကာလများစွာ ဒီနယ်ပယ်ထဲမှာ မြှုပ်နှံထားတဲ့သူဆိုတာ အရမ်းသိသာလှတာမို့ ချက်ချင်းပဲ သဘောတူတဲ့အကြောင်း ပြန်ကြားခဲ့ပါတယ်။ အထူးသဖြင့် ညီငယ်တစ်ယောက်လို ခင်မင်ရင်းနှီးရတဲ့ မြေမှုန်လွင်ဟာ မြန်မာပြည်စာပေလောကမှာ ရုပ်ပြစာအုပ်တွေ တစ်ဖန်ရှင်သန်လာဖို့ ကြိုးစားနေတာကိုလည်း သိနေတာမို့ ဒီကိစ္စမှာ တစ်နည်းတစ်လမ်း ပါဝင်ခွင့်ရလို့ ဝမ်းသာမိပါတယ်။
ကျွန်တော့်တစ်သက်တာမှာ လူမှန်းသိတဲ့အချိန်ကစလို့ ကာတွန်းတွေ ရုပ်ပြတွေကို စွဲစွဲလမ်းလမ်းနဲ့ အသက်ကြီးတဲ့အထိ တိတိကျကျပြောရရင် ရုပ်ပြတွေ ပျောက်ကွယ်သွားချိန်ထိ ရုပ်ပြတွေကို ဖတ်ရှုအားပေးခဲ့တယ်။ ကျွန်တော့်ဘဝမှာ ရုပ်ပြနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရပြောစရာ ဖြစ်ရပ်တစ်ခုကတော့ ကျွန်တော် ၇တန်းကျောင်းသားဘဝကပါ။ ကျွန်တော့်ကို ရွာကနေ အမျိုးတွေရှိတဲ့ ဟင်္သာတကို ကျောင်းပိတ်ရက်ရှည်မှာ အလည်ထည့်လိုက်ပါတယ်။ ဟိုမှာ သုံးစွဲဖို့ မုန့်ဖိုး ၁၈ ကျပ်ထည့်ပေးလိုက်ပါတယ်။ မဲဇလီကုန်းဘူတာမှာ ရထားစောင့်ရင်း ဘူတာပလက်ဖောင်းပေါ်က ကိုလှယဉ် လူငယ်စာပေဆိုင်ရှေ့သွားတဲ့အခါ ပန်းချီမောင်ငြိမ်းချမ်းရဲ့ “ငှက်ဂဠုန် မြွေနဂါး” ဆိုတဲ့ စိုင်းဗေဒါရုပ်ပြတွေ့တော့ အရမ်းလိုချင်သွားပါတယ်။ ဈေးမေးကြည့်တော့ ၁၈ ကျပ်တဲ့။ လက်ဖက်ရည်တစ်ခွက် သုံးမတ်ပဲ ရှိတဲ့အချိန်မှာပါ။ ဝယ်လိုက်ရင် ပါတဲ့မုန့်ဖိုးအားလုံးကုန်ပြီး ဟင်္သာတမှာ တစ်ပြားမှ မသုံးရဘဲ ကျောင်းပိတ်ရက်ကို ဖြတ်သန်းရမှာပါ။ နောက်ဆုံး ဖြစ်ချင်တာဖြစ်ဆိုပြီး ဇွတ်ဝယ်ကာ ရထားပေါ်မှာ ဖတ်သွားလိုက်ပါတယ်။ ရှိသမျှပိုက်ဆံကို ဘူတာမှာ စာအုပ်ဝယ်သွားတယ်ဆိုတဲ့သတင်းက နေ့တွင်းချင်း အိမ်ကို ရောက်သွားတော့တာပဲ။ နောက်ပိုင်း ကျွန်တော် တက္ကသိုလ်ရောက်တဲ့အထိ စံရိပ်ငြိမ်ထဲက အငှားဆိုင်တွေမှာ ထွက်သမျှရုပ်ပြအားလုံးလိုလို မလွတ်တမ်း ငှားဖတ်ခဲ့ပါတယ်။
အခုကြုံတုန်း ငယ်စဉ်ကစပြီး ဖတ်ခဲ့တဲ့ ရုပ်ပြစာအုပ်တွေ စာရင်းချကြည့်တဲ့ အခါ ရွေသွေး၊ တေဇတွေက ပန်းချီ ဦးဘကြည် ကာတွန်းဖေသိန်းတို့က စပြီး၊ ကာတွန်းမြင့်သိန်းရဲ့ စံရွှေမြင့်၊ ကာတွန်းအောင်မြင့် ကြံ့ဗဟုံး၊ ကာတွန်းအောင်ရှိန် ဦးကပ်စီး ဦးရှံစား၊ ကာတွန်းသန်းကြွယ်ရဲ့ မောင်ကမ္ဘာ၊ ကာတွန်းသော်က အရိုင်း၊ မောင်ဝဏ္ဏရဲ့ သမိန်ပေါသွပ်၊ ကာတွန်းမောင်လွင် ငထက်ဖျား၊ တင်အောင်နီရဲ့ ကိုပြာလောင်၊ ပြာဂလောင်ပြာလချောင်၊ ကာတွန်းအောင်အောင်ရဲ့ ရွေဂေါင်းပြောင်၊ ကာတွန်းစိန်ကြီး မက္ခရာဓား၊ ပိုးဇာရဲ့ လေးမွန်ထွေးမွန်၊ ရုပ်ပြကာတွန်း နန်းဦး၊ မင်းသိုက်၊ ရာမ၊ ကာတွန်းသစ်ထွန်းရဲ့ မောင်တီထွင်၊ ပန်းချီကိုကိုဝင်းရဲ့ နေကျောက်ခဲ၊ ပန်းချီမောင်ငြိမ်းချမ်းရဲ့ စိုင်းဗေဒါ၊ လုလင်ပန်းချီမောင်ငြိမ်းချမ်း၊ ပန်းချီကိုကိုမောင်၊ ပန်းချီမြိတ်ဝင်းထိန်၊ ရုပ်ပြဒီရဲဂျာ၊ ပန်းချီခိုင်တင်၊ ပန်းချီဝသုန်ရဲ့ လင်္ကာဒီပချစ်သူ၊ ကာတွန်းဆွေမင်းရဲ့ မြိုင်ရာဇာတွတ်ပီ၊ ကာတွန်းဝိဇ္ဖာ၊ ကာတွန်းကဆရဲ့ ရွှေကြာရုပ်စုံ၊ စံစံ(ဟင်္သာတ) ပန်းချီညိုဝင်းဖေ တို့ရဲ့ မင်းသားကျော်ဟိန်းစတိုင် ဇာတ်ကောင်များ၊ ကာတွန်းစိုးသော်တာ၊ ကာတွန်းကိုရွှေထူးတို့ ကိုတင့်တို့စူပါရပ်ကွက်ထိ စွဲစွဲလမ်းလမ်းဖတ်ခဲ့ရတာ လွမ်းစရာပါ။
ကိုဗစ်ပထမလှိုင်းအပြီး ရန်ကုန်မှာရှိတုန်း ကိုမြေမှုန်လွင်က ဖုန်းဆက်လာတယ်။ အစ်ကို့ဝတ္ထုကို ရုပ်ပြရေးနေတဲ့ artist Wooh Hmo နဲ့ ဆုံရအောင်လေ၊ သူဆွဲထားတာ ပြီးခါနီးနေပြီ၊ အစ်ကိုကြည့်ချင် ကြည့်ရအောင်တဲ့။ ဒီလိုနဲ့ လှည်းတန်းစင်တာမှာ ဆုံပြီး သူ့ပုံတွေကို တစ်ခုချင်းကြည့်ဖြစ်ခဲ့တယ်။ ရွေးချယ်ထားတဲ့အရောင်တွေ လိုင်းတွေ ကြည့်လိုက်တာနဲ့ သူ ဒီ “ပါဂျောင်” ရဲ့ ဖြစ်ရပ်ဆိုးကြီးထဲမှာ ကိုယ်ရောစိတ်ပါနှစ်ပြီး အလုပ်လုပ်ထားတယ်ဆိုတာ သိသာတယ်။ ဇာတ်ကောင်တစ်ကောင်ချင်းစီရဲ့ ကာရိုက်တာတွေကလည်း အင်မတန်အသက်ဝင်တယ်။ အားလုံးပြီးအောင် တစ်ဆက်တည်းမဖတ်နိုင်ဘဲ ခဏနားနားပြီးမှ ပြန်ကြည့်ရတယ်။ ကွယ်လွန်သွားတဲ့ ကိုထွန်းအောင်ကျော်တို့ ကိုချိုကြီးတို့ ပုံရိပ်တွေ မြင်ပြီး ဝမ်းနည်းကြေကွဲရသလို တစ်ဖက်မှာတော့ နောက်မျိုးဆက်တွေကို “ပါဂျောင်”ရဲ့ သမိုင်းဖြစ်ရပ်မှန် လက်ဆင့်ကမ်းလိုက်နိုင်တာအတွက်ရော၊ မြန်မာပြည်ရုပ်ပြသမိုင်းမှာ ထွက်ခဲ့သမျှတွေနဲ့မတူ တမူထူးခြားတဲ့ အနုပညာလက်ရာကောင်းတစ်ခု ပေါ်ထွန်းလာတဲ့အတွက် ညီငယ် ဟေမန်ဦးကိုရော၊ ထုတ်ဝေသူ မြေမှုန်လွင်နဲ့ ငါတို့စာပေတိုက်ကိုရော၊ ABSDF မြောက်ပိုင်းက အသက်မသေဘဲ ပြန်လာနိုင်ခဲ့သူများကိုယ်စား အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
ဒီရုပ်ပြဖာတ်လမ်းရဲ့ ထူးခြားမှုကတော့ ဒီအဖြစ်အပျက်ထဲမှာ ကိုယ်တွေ့ခံစားသူတွေက ပြန်ပြောတာမျိုး မဟုတ်ဘဲ အမှန်တရားကို တန်ဖိုးထားတဲ့ ကျွန်တော်တို့နောက်က မျိုးဆက်ရဲ့ အနုပညာပုံစံနောက်တစ်မျိုးနဲ့ ချပြထားတာဖြစ်ပါတယ်။ ရုပ်ပြလောကမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာတဲ့ ရုပ်ပြသမား Wooh Hmo ရဲ့ လက်ရာမှာ သူ့ရဲ့ ဖန်တီးမှုစကေးတင်မက သေသူတွေရဲ့ ဝိညာဉ်တွေ ပါဝင်နေတယ်လို့ ခံစားရပါတယ်။ သူကိုယ်တိုင်လည်း ကျွန်တော်ရေးခဲ့တဲ့ စာအုပ်ကို အကြိမ်ကြိမ်ဖတ်ပြီး အိပ်မရတဲ့ ညပေါင်းများစွာဖြတ်သန်းပြီး ပုံရိပ်တွေကို အရင်ပုံဖော်အပြီးမှာ ရေးဆွဲခဲ့တယ်လို့ ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။
အနုပညာရှင် ညီငယ် artist Wooh Hmo ဟေမာန်ဦး ရုပ်ပြလက်ရာကနေတစ်ဆင့် မျိုးဆက်သစ် ဂီတအနုပညာသမားတွေကပါ ဒီအဖြစ်အပျက်ကို ဂီတနဲ့ ပုံဖော်ဖို့ ကြိုးစားထားတာတွေပါအပြင်၊ လူငယ် Animation သမားတွေကပါ လှုပ်ရှားနေတဲ့ ပုံရိပ်တွေနဲ့ ထပ်ပြီး ပုံဖော်လာကြတာကို ကြည့်ပြီး တောထဲမှာ မတရားစွပ်စွဲ သတ်ဖြတ်ခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ မခင်ချိုဦးတို့နဲ့ ကျဆုံးခဲ့သူတွေရဲ့ ဝိညာဉ်တွေ တကယ်ပဲ အရိုးတွန်လို့ သက်ဝင်လာခဲ့ပြီဆိုတာ ပြောချင်ပါတယ်။