အနုပညာနှင့် ယဉ်ကျေးမှု

လေထန်ကုန်းနှင့် ဦးသုံးကြိမ်

(က)

တစ်နေ့သ၌ ကျွန်ုပ်သည် ‘သရုပ်ဖော်ပုံ ကားတစ်ချပ်ကို စိတ်ပါလက်ပါ ရေးဆွဲလျက်ရှိ၏။ အနှီသရုပ်ဖော်ပုံကား ပုံမှန် သရုပ်ဖော်ရေးဆွဲနေကျဆိုက် A4 တို့၊ A3 တို့ မဟုတ်မူဘဲ မူကွဲကာ ‘၁၀ ပေ x ၇ ပေ’ လောက် ရှိပါပေ၏။ ပုံကလည်းကြီးမားကာ အခရိုင်းလစ်အရောင်တွေကလည်း စုံလွန်းလှပါပေတော့၏။ ကျွန်ုပ်ရေးဆွဲနေသည်မှာ မိမိနေအိမ်ရှိ ပုံရေးစားပွဲပေါ်မှာမဟုတ်ဘဲ မြို့တော်ရန်ကုန်၏ အသည်းနှလုံး ဆူးလေလမ်းမကြီးနှင့်ကပ်လျက် ၃၃ လမ်း (အထက်) နောက်ဖေးလမ်းကြားမှာ ဖြစ်ပါ၏။

ဒီမှာဘက်ခေတ်အစိုးရတွေ လက်ထက်မှာ မြို့တော်ရန်ကုန်၏ နောက်ဖေးလမ်းကြားတွေကိုရှင်းလင်းကာ သာယာစိုပြည်လာအောင် ကြံဆောင်ဖန်တီးပြီး ရပ်ကွက်နေလူထု အပန်းဖြေနားနေစရာ နေရာလေးတွေ ဖြစ်အောင် ပြုစုပျိုးထောင်နေချိန်မှာ ကျွန်ုပ်တို့လည်း တတ်သည့်ပညာမနေသာဆိုသလို ပရဟိတ အခမဲ့အကျိုးဆောင်ပေးနေခြင်းလည်း ဖြစ်ပါ၏။

“ဆရာ ဆာသော်ဒိုးရေ . . . အင်တာဗျူးလေး နည်းနည်းရိုက်ချင်လို့”

၃၃ လမ်း နောက်ဖေးလမ်းကြားရှိ ကျောက်တံတား ရဲစခန်း၏ ကျောဘက်နံရံမှာ အမှန်အကန် စိတ်နှစ်ကာ ရေးနေခိုက် အနောက်ဘက်ဆီမှ ဤသို့ အသံပေါ်လာတာ ဖြစ်ပါ၏။ မီဒီယာတစ်ခုမှ အွန်လိုင်းတီဗီအတွက် မေးမြန်းရိုက်ကူးမှုပြုရန် ခွင့်တောင်းလာပါလေ၏ ခင်ဗျာ။

(ခ)

မြို့တော်ရန်ကုန် ဒေါင်းတောင်းဧရိယာရှိ ပန်းဘဲတန်းမြို့နယ်တို့၊ ကျောက်တံတားမြို့နယ်တို့၏ နောက်ဘက်လမ်းကြားများမှာ အမှိုက်များ၊ အညစ်အကြေးများ၊ အဖီများ၊ အမိုးများ၊ အရှုပ်အပွများကို အချိန်ယူ ရှင်းလင်း၏။ ပြီးသော် ကွန်ကရစ် ပြန်လောင်း၏။ ပြီးသော် အချို့နံရံများကို ဖာထေးသင့်တာ ပြန်ဖာ၏။ သည့်နောက် ပန်းချီဆရာများ၊ ကာတွန်းဆရာများက တိုက်နံရံနှင့် ဝန်းကျင်နှင့် လိုက်ဖက်လှပအောင် ပုံများ ရေး

ခြယ်ပေးကြပါလေ၏။

ယခု အွန်လိုင်းတီဗီတစ်ခုက အင်တာဗျူးလာပါ၏။ ယခု ၃၃ လမ်း (အထက်ဘလောက်) ကား စာပေလမ်း၊ အနုပညာလမ်းတစ်ခုဖြစ်ပေရာ ထိုအကြောင်းအရာများနှင့်ပတ်သက်၍ ဖြေကြားပေးပါရန် ပန်ကြားလာပါ၏။

“သည် ‘လေထန်ကုန်းလမ်းကြား’ နဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ အမှတ်တရလေးတွေ ရှိရင် ပြောကြားပေးပါ”

” ၃၃ လမ်းဟာ စာပေလမ်းပေါ့ ခင်ဗျာ။ ‘လေထန်ကုန်း’ လက်ဖက်ရည်ဆိုင်လေး စတင်ဖွင့်လှစ်တဲ့အချိန်ကစပြီး နောက်ဆုံး ဆိုင်ပိတ်သွားတဲ့နှစ်အထိ ထိုင်ဖြစ်ခဲ့ပါတယ်ခင်ဗျ။ လေထန်ကုန်းမှာ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ပန်းချီဆရာတွေ၊ ကာတွန်းဆရာတွေ၊ အယ်ဒီတာတွေ၊ ဂျာနယ်လစ်တွေ၊ အဆိုတော်တွေ၊ တေးရေးဆရာတွေ၊ ထုတ်ဝေသူတွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေ၊ နယ်ပယ်ပေါင်းစုံက လူတွေ၊ အနယ်နယ်အရပ်ရပ်က အနုပညာရှင်တွေ ထိုင်ခဲ့ကြပါတယ်။ ဒီအထဲမှာ ‘စာပေနယ်’ က လူတွေကတော့ အများဆုံးပါ။ ရန်ကုန်အခြေစိုက် စာပေသမား ကြီးငယ်ပေါင်းစုံက လာထိုင်တာ မြင်ခဲ့ရပါတယ်။

ဆရာကြီးတွေကော၊ ဆရာလေးတွေကောပေါ့ဗျာ’ လေထန်ကုန်းမှာ မြင်တွေ့ခဲ့ရတဲ့ ဆရာတွေကို သူတို့ရဲ့ ‘ကလောင်’ အမည်တွေအတိုင်းပြောရရင် ပါရဂူ၊ ဒဂုန်တာရာ၊ မြသန်းတင့်၊ နတ်နွယ်၊ မောင်ပေါ်ထွန်း၊ မောင်သာရ၊ သုတေသီမြင့်ထွန်း၊ လင်းဝေမြိုင်၊ ဆင်ဖြူကျွန်းအောင်သိန်း၊ အီကြာကွေး၊ မင်းလူ၊ သုမောင်၊ ကိုအလင်္ကာ၊ ဗမိုး၊ တင်ဆွေမိုး၊ မောင်မိုးသူ၊ မောင်ဒီ၊ သန်းဌေးမောင်၊ မောင်နိုး၊ အောင်ဝေး၊ ဖေသိန်း၊ မောင်ဝဏ္ဏ၊ ကံချွန်၊ ချစ်စရာ၊ နေဝင်းမြင့်၊ သိုက်ထွန်းသက်၊ ရဲသျှမ်း၊ ဆူးငှက်၊ မင်းထက်မောင်၊ လွတ်လပ်အိမ်၊ သစ္စာနီ၊ ဖျာပုံနီလုံဦး၊ ခင်လွန်း၊ လှသန်း၊ နိုင်သစ်နီ၊ လူအိမ်၊ နေမျိုး၊ ငွေကြည်၊ ရွှေမင်းသား၊ ဇော်ဇင်၊ ဇာဂနာ၊ အရိုင်း၊ နေဇော်နိုင် . . . စသည်ဖြင့် အပါအဝင် ဆရာဖေမြင့် အထိပေါ့ဗျာ။ ဒီ ၃၃ လမ်း (အထက်) မှာ စာပေတိုက်တွေ၊ ပုံနှိပ်တိုက်တွေ၊ တေးသံသွင်းဆိုင်တွေလည်း အများကြီး ရှိခဲ့တာကိုး။ ဂုဏ်ထူးစာပေ၊ စာပေလောက၊ အင်ကြင်းမြိုင်စာပေ၊ ပေဖူးလွှာ မဂ္ဂဇင်းတိုက်၊ ရွှေအမြုတေ မဂ္ဂဇင်းတိုက်၊ မိုးဝေ မဂ္ဂဇင်းတိုက်၊ အလင်းတန်း ဂျာနယ်တိုက်၊ ဂီတာဖေဝင်း တေးသံသွင်းဌာန . . . အစစအရာရာ စုံလှပါသဗျာ။ ဒါတွေကို အင်တာဗျူး ထဲမှာလည်း ထည့်ဖြေဖြစ်ခဲ့ပါတယ်။

(ဂ)

‘လေထန်ကုန်း’ မတိုင်ခင်က ‘ရွှေကြည်အေး’ ရှိတယ်ဗျ။ ၃၃ လမ်းနဲ့ အနော်ရထာလမ်းထိပ် အနောက်ဘက်ထောင့်ဟာ ‘ရွှေကြည်အေး’ ပေါ့။ ‘ရွှေကြည်အေး’ မှာ အနုပညာသမားတွေ ထိုင်ကြတယ်။ အောင်ချိမ့်၊ မောင်ချောနွယ်၊ သစ္စာနီ၊ သိဒ္ဓတ္ထလှိုင်၊ ကိုလေးလွင်၊ မောင်ဆွေနွယ်၊ မုတ်သုန်၊ ကိုဆွေ အစရှိသူတို့ကို တွေ့ခဲ့ရပါတယ်။ ‘ရွှေကြည်အေး’ ရှေ့ က အခုအထိရှင်သန်နေဆဲ ‘ခရေပင်’ ရဲ့ အောက်က အုတ်ခုံလေးမှာလည်း အနုပညာသမားတွေ နှစ်နှစ်သက်သက်ကို ထိုင်တတ်ကြပါတယ်။ ‘ရွှေကြည်အေး’ ကို ကောင်းကောင်း မီလိုက်ပြီး အပတ်စဉ် တစ်ရက် နှစ်ရက်တော့ ထိုင်ဖြစ်ပါတယ်။ စာမူအပေးအယူ၊ စာမူခ အပေးအယူ အချိန်းအချက်ကို ‘ရွှေကြည်အေး’ မှာ လုပ်ခဲ့ကြတယ်။

‘ရွှေကြည်အေး’ က မျက်နှာစာ ‘နှစ်ဖက်ဖွင့်’ ပေါ့။ ၃၃ လမ်းဘက်မှာ တစ်ပေါက်၊ အနော်ရထာလမ်း ဘက်မှာ တစ်ပေါက်။‘ရွှေကြည်အေး’ နောက်ပိုင်းမှာ အနုပညာသည်တွေဟာ‘လေထန်ကုန်း’ မှာ တပ်စွဲကြပါတယ်။ ရုပ်ရှင်မင်းသားမြတ်လေးကြီးလည်း လာတယ်။ ကဗျာဆရာ မောင်စိမ်းနီကြီးလည်း သူ့လွယ်အိတ် ဧရာမဖားဖားကြီးနဲ့ စာအုပ်တွေ အပြည့်၊ စာအိတ်တွေ အပြည့်နဲ့ အမြဲတမ်း လာလာထိုင်တာ မြင်ရပါတယ်။ တင့်တင့်ထွန်းတို့ကလည်း ဒီလမ်းမှာ နေတယ်။ နာမည်ကျော် ဓာတ်ပုံဆရာကြီးတွေလည်း ဆိုင်တွေ ဖွင့်ထားတယ်။ ‘မကြီးစန်းပေါက်စ’ လေးလည်း ရောက် ရောက်လာတတ်တယ်။

စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ ကြီးငယ်ပေါင်းစုံ ထိုင်ကြတာ မြင်ရပါတယ်။ နယ်ပေါင်းစုံက စာပေသမားတွေ ရန်ကုန်ရောက်ကြရင်လည်း ‘လေထန်ကုန်း’ မှာ ဝင်လိုက် ထွက်လိုက် ထိုင်ကြပါတယ်။ လေထန်ကုန်းမှာ မထိုင်ဖူးတဲ့ စာပေသမား မရှိသလောက် ရှားပါတယ်။ လှသန်း၊ အောင်ဘညို၊ မိုဃ်းဇော်၊ စိုင်းဝင်းမြင့်၊ မိုးဝေး၊ လူအိမ်၊ ကိုရွေး၊ မင်းထက်မောင်၊ လွတ်လပ်အိမ်၊ ကောက်နွယ်(ကနောင်)၊ ဖျာပုံနီလုံဦး၊ ညွန့်သစ်၊ မောင်လင်းယုန်(ရှမ်းပြည်)၊ ဗမိုး၊ ညိုသစ်၊ သန်းအုန်း၊ ငုအိမ်ထက်မြက်၊ နီကိုရဲ၊ တာရာမင်းဝေ၊ မင်း

ခိုက်စိုးစန်၊ ညမင်းကျော်၊ CNK၊ မြတ်ကျော့၊ NCS၊ ကောင်းထက်၊ နေမင်း၊ အော်ပီကျယ်၊ ကိုရွှေထူး (ပြည်) ၊ စိုးစံဝင်း၊ စောမင်းဝေ၊ အောင်မော်၊ ဇော်မောင်၊ ဘဌေးကြည်၊ ဧကစာချို၊ အောက်တိုဘာ အောင်ကြီး၊ ကျော်ဇင်ကိုကို . . . အများကြီးပါဗျာ။ သူတို့တွေနဲ့ တစ်ဝိုင်းထဲ ထိုင်ဖူးတယ်”

တစ်ဝိုင်းမှာ လက်ဖက်ရည် တစ်ခွက်ပဲမှာပြီး မျှသောက်ဖူးကြတယ်။ ရေနွေးကြမ်းအိုးတွေ တစ်အိုးပြီးတစ်အိုး မှာသောက်ဖူးကြတယ်။ ကိုယ့်စာမူခနဲ့ သူ့ကို လက်ဖက်ရည်တိုက်ပြီး သူ့စာမူခနဲ့ ကိုယ်လည်း လက်ဖက်ရည် သောက်ဖူးတယ်။ ‘လေထန်ကုန်း’ မှာ ဘေးချင်းကပ်ပြီး ထိုင်ဖူးကြတယ်။

ကျောချင်းကပ်ပြီး ထိုင်ဖူးကြတယ်။ သူ့စာမူခထဲကနေ ကိုယ့်အတွက် ‘လမ်းစရိတ်’ ရဖူးသလို ကိုယ့်စာမူခထဲကနေ သူ့အတွက် ‘ဘော်ဒါကြေး’ ရက်ရက်ရောရော ပေးဖူးတယ်။ ‘လေထန်ကုန်း’ မှာ အမှတ်တရ များစွာ ရှိခဲ့ဖူးကြတယ်။

အခု… ‘စာပေလမ်းကြား’ စာ ကဗျာ အရုပ်များ ရေးဆွဲနေတာကတော့ ‘ကျောက်တံတားအမတ်’ နှမတော် ‘မကြည်ပြာ’ ရဲ့ အကူအညီတောင်းခံမှုအရပါ။ ပရဟိတ အခမဲ့ လာရောက် ရေးဆွဲပေးနေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ဝက်လောက် က ‘မကြည်ပြာ’ နဲ့ ဆုံတော့ ‘အစ်ကိုရေ . . . အဲသည်လိုလေးတော့ လုပ်ချင်တယ် . . . ’ ဆိုတာနဲ့ အခုလို ကူညီဖြစ်တာပါ။ ကိုယ့်အလုပ်ချိန်ထဲကနေ အချိန်အချို့ ခွဲပြီး ‘စာပေလမ်းကြား’ကို ဝင်ရောက်ကူညီနေတာပါ။

(ဃ)

” ‘လေထန်ကုန်း’ ကနေ အမှတ်တရ အဖြစ်အပျက်တွေရှိရင်လည်း ပြောပြပေးပါဦး ဆရာ ဆာသော်ဒိုး”

“အမှတ်တရတွေကတော့ အများကြီးပါ။ နီကိုရဲနဲ့ တာရာမင်းဝေတို့လည်း လေထန်ကုန်းဇာတ်လမ်းတွေထဲမှာ

ဆာသော်ဒိုးတို့ကို ထည့်ထည့် ကလော်ဖူးတယ်။ အစ်ကိုမင်းလူလည်း သူ့စာထဲမှာ ထည့်ထည့် နောက်ဖူးတယ်။ ဆာသော်ဒိုးလည်း ဒီလေထန်ကုန်းကနေ အစစ်အမှန်သရော်စာတစ်ပုဒ် ရဖူးတယ်ခင်ဗျ။ ခေါင်းစဉ်က

‘နှစ်ရာဖိုး သုံးကြိမ်’ တဲ့”

တစ်ခါတုန်းက နေ့လယ်ဘက် ဓမ္မာရုံပေါ်ကခုံမှာ ဆရာ‘အီကြာကွေး’ နဲ့ ထိုင်ပြီး တဝါးဝါး တဟားဟား လေပစ်နေတုန်း ဗြုန်းဆို ‘တနင်္ဂနွေနာမ်’နဲ့ စတဲ့ ‘အယ်ဒီတာလေး ပုလုကွေး’ ရောက်လာတယ်။ သူ့မဂ္ဂဇင်းမှာ အဲသည်လ ပါတဲ့ ဆရာကွေးရဲ့စာမူအတွက် စာအုပ်နဲ့ စာမူခ လာပေးတာပေါ့။ အဲသည်ကာလက စာမူခ လေးရာ၊ ငါးရာခေတ်။ ဆရာကွေးလည်း စာမူခထည့်ထားတဲ့ စာအိတ်အညိုကို ချက်ချင်းပဲ ဖွင့်လိုက်တော့… ‘ငွေကျပ်သုံးရာတိတိ’ ပဲ တွေ့ရတယ်။ ရရမှာက ‘ကျပ်ငါးရာ’ ဆိုတော့ကာ။ အယ်ဒီတာလေး ပုလုကွေးလည်း သူ့အင်္ကျီ အိတ်ကပ်ထဲ ဟိုနှိုက်သည်နှိုက်လုပ်ပြီး‘နှစ်ရာ’ ရှာသလိုလို ဘာလိုလိုပေါ့ဗျာ။ ပြီးတော့မှ စက္ကူဈေး

တွေ၊ ပုံနှိပ်ခတွေကို ညည်းပြရင်း ဘာမပြော၊ ညာမပြောနဲ့ ဓမ္မာရုံကြမ်းပြင် သမံတလင်းပေါ် ဆင်းထိုင်ကာ ဆရာကွေးကို ‘ဦးသုံးကြိမ်’ ချပါလေတော့တယ်။

“ဟဲ့. . . ဟဲ့ကောင် . . . ဘာလုပ်တာလဲဟ ဂုရု ငါ့ကို”

“ဆရာကွေးကို စာမူခ အပြည့်မပေးနိုင်လို့ တောင်းပန် ကန်တော့တာပါ”

“ဪ . . . အေးအေး . . . အေး . . ဟုတ်ပါပြီကွာ . .ဟုတ်ပါပြီကွာ. . . ”

လက်ဆယ်ဖြာဦးထိပ်တင် ကန်တော့ပန်းဆင်ပြီးတာနဲ့ အယ်ဒီတာလေး ပုလုကွေးလည်း သူ့တိုက်ရှိရာ ပန်းဆိုးတန်းကို ဒုန်းစိုင်းပါလေပြီ။

“လေထန်ကုန်းမှာ ကိုယ်တွေ့ဇာတ်လမ်းလေးပါ။ နောက်ထပ် ဇာတ်ဆန်းလေးတွေလည်း ရှိပါသေးတယ်ခင်ဗျ”

“ဟုတ်ကဲ့ပါဆရာ။ နောက်တစ်ခေါက်ကျ ထပ်မေးပါဦးမယ်”

***

ဆာသော်ဒိုး

Show More

Related Articles

Back to top button