ပညာရေး

“သွေးနှောခြင်း” ဆိုသည်မှာ အမျိုးနီးစပ်သူချင်း ပြန်ယူခြင်းဟုလည်း ယူဆနိုင်သည်ဟု တာဝန်ရှိသူ ပြော

ရန်ကုန်  အခြေခံပညာ အစိုးရ သင်ရိုးညွှန်းတမ်းပါ “သွေးနှောခြင်းကိုငါတို့မုန်း လူမျိုးအညွန့်တုံး” အငြင်းပွားဖွယ် စာသားနှင့်ပတ်သက်ပြီး အဓိပ္ပာယ် ကောက်ယူမှု မလွဲမှားစေလိုကြောင်း နေပြည်တော်ရှိ အဆင့်မြင့်အရာရှိတစ်ဦးက Myanmar Now ကိုပြောသည်။

စတုတ္ထတန်း၏ စာရိတ္တနှင့်ပြည်သူ့နီတိ ဘာသာရပ်တွင်ထည့်သွင်းထားသည့် “ဝံသာနုစိတ်ဓာတ်”ဟု ခေါင်းစဉ်ပေးထားသည့် ထိုကဗျာတွင် “လူမျိုရင်သာ လူမျိုးပျောက် အားလုံး ဒုက္ခ ရောက်”၊ “အမျိုးပျောက်မှာ စိုးကြောက်ပါ ကျွန်ဖြစ်နွံနစ်မှာ”၊ “သွေးနှောတာ ငါတို့မုန်း လူမျိုး အညွန့်တုံး” စသည့် စာသားများပါဝင်သည်ကို တွေ့ရသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော စတုတ္ထတန်း စာရိတ္တနှင့်ပြည်သူ့နီတိ ဖတ်စာအုပ်ပါ ‘ဝံသာနုစိတ်ဓာတ်’ကဗျာ။

ထိုကဗျာကို ကျောင်းသားမိဘတစ်ဦးက လူမှုကွန်ရက်ပေါ်တင်ထားသည့် ဓာတ်ပုံမှာ ပြီးခဲ့သည့်ရက်ပိုင်းက ပျံ့နှံ့လာခဲ့ပြီးနောက် ထိုကိစ္စအပေါ် စိုးရိမ်မကင်းဖြစ်ကြသည့် အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်နှင့် တစ်သီးပုဂ္ဂလများက ဒီဇင်ဘာလ ၂၆ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတထံ စာပေးပို့ခဲ့ခြင်းဖြစ်သည်။

“ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု ခွင့်ပြုထားသည့် အခြေခံပညာသင်ရိုးညွှန်းတမ်းများတွင် လူမျိုး၊ ကိုးကွယ်ရာ ဘာသာအပါအဝင် အကာအကွယ်ပေးရမည့် ဝိသေသလက္ခဏာများအပေါ် အခြေခံ၍ ခွဲခြား ဆက်ဆံခြင်းနှင့် ဖိနှိပ်ခြင်းကို အားပေးသည့် အယူအဆများ၊ အကြောင်းအရာများ ထည့်သွင်းသင်ကြား နေသည်ကို သိရှိပြီးနောက် အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်”ရသည်ဟု ထိုစာတွင် ရေးသားထားသည်။

အဆိုပါ သင်ကြားမှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လူမျိုး၊ ကိုးကွယ်ရာဘာသာ စသည်အပေါ် အခြေခံ ခွဲခြားခြင်းမပြုဆိုသည့် ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်နေကာ “အရွယ်မရောက်သေးသည့် ကလေးငယ်များအား လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှုများနှင့် ယဉ်ပါးစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ သင်ကြား” နေသဖြင့် “တိုင်းပြည်၏ရေရှည်အနာဂတ်တွင်လည်း နိုင်ငံသူနိုင်ငံသား အချင်းချင်းကြား အထင်အမြင် လွဲမှားမှုနှင့် အမုန်းတရားအခြေခံသည့် ပဋိပက္ခများဖြစ်ပေါ်စေမည့် အမုန်းတရားသွတ်သွင်းမှုအဖြစ်” ရှုမြင်ကြောင်း ဆက်လက် ဆိုထားသည်။

သို့သော် အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကမူ ထို စကားရပ်သည် မြန်မာတိုင်းရင်းသားများအား အချင်းချင်း သွေးကွဲစေ လိုသော ရည်ရွယ်ချက်ဖြင့် သင်ကြားခြင်းမဟုတ်ဟု ပြောသည်။

အဓိကရည်ရွယ်ချက်ကတော့ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကို ရည်ရွယ်ပြီး ဦးတည်သင်ကြားတာပေါ့ တိုင်းရင်းသား အချင်းချင်းတွေ သွေးခွဲတာတော့ မဟုတ်ပါဘူး။ ရည်ရွယ်ချက်က အဲ့ဒီ(တိုင်ကြားစာပါ) ရည်ရွယ်ချက် မဟုတ်ပါဘူး”ဟု ဦးကိုလေးဝင်းက ဒီဇင်ဘာလ၂၇ ရက်တွင် ပြောသည်။

“ရည်ရွယ်ချက်က သူတို့ပြောနေသလို မဟုတ်ဘူး။ ကလေးတွေကို မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ဖို့၊ အမျိုးဂုဏ် ဇာတိဂုဏ်ကို စောင့်ထိန်းသိမ်းဖို့ ရည်ရွယ်တဲ့ သင်ခန်းစာဖြစ်ပါတယ်။ (ဒီသင်ရိုးညွှန်းတမ်းကိုလည်း) စနစ်အခြေအနေနဲ့ မကိုက်ညီရင်လည်းပဲ ပြုပြင်ပြောင်းလဲဖို့ အစီအစဉ်ရှိတယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် ကျန်းမာရေးရှုထောင့်၊ မျိုးရိုးဗီဇသိပ္ပံရှုထောင့်ဘက်မှလည်း “သွေးနှောခြင်း”ကို ဖွင့်ဆို၍ရသည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆိုသည်။

“ကဗျာတစ်ပုဒ်ကို ခံစားတဲ့အခါမှာ မျိုးစုံခံစားလို့ရတယ်။ မျိုးဗီဇရှုထောင့်ကြည့်ရင်လည်း သွေးနှောတယ် ဆိုတာ နီးစပ်တဲ့မောင်နှမ အချင်း ချင်းတွေ ပြန်ယူ၊ ပြန်ယူ၊ ပြန်ယူဆိုရင် နောက်ပိုင်းကျ genetic point (မျိုးရိုးဗီဇ ရှုထောင့်) အရ မဟုတ်တဲ့ရောဂါတွေပေါ်လာတာပေါ့။ ချွန်ရင်လည်း အရမ်းကို ထူးချွန်၊ တုံးရင်လည်း အများကြီးတုံးသွားတယ်။ သုံးမရတဲ့ရောဂါတွေ ဖြစ်တတ်တယ်။ ဒါလည်း လူမျိုးအညွန့်တုံး တယ်လို့ တစ်ဖက်က စဉ်းစားလို့ရတယ် အဲဒီတစ်ပိုဒ်ကလေးကို”ဟု ၎င်းက ပြောသည်။

“မကောင်းတဲ့ ဗီဇတွေ အကုန်ပြန်ပေါ်တယ်။ ဗီဇတွေ အဆိုးဝါးဆုံး ဖောက်ပြန်တယ်။ နောက်ဆုံးမှာ ကလေးကို မမွေးတာရှိတယ်၊ အဖတ်မတင်ဘဲ အကုန်သေကုန်တာ၊ လူမျိုးအညွန့်တုံးတယ်ဆိုတာ အဲဒါကိုပြောတာ”ဟု ၎င်းက ပြောသည်။

သင်ရိုးညွှန်းတမ်းများရေးဆွဲရာတွင် ယခုကဲ့သို့ လူမျိုးရေး၊ ဘာသာရေး၊ ခွဲခြားသော အသုံးအနှုန်းများ ပယ်ဖျက်၍ ရေးဆွဲသင့်ကြောင်း စာပေးပို့ခဲ့သည့် အဖွဲ့များထဲတွင် ပါဝင်သည့် The Seagull (လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေး တက်ကြွလှုပ်ရှားသောအဖွဲ့) မှ ဆရာမ ဒေါ်စုချစ်က ပြောသည်။

ပယ်ဖျက်တာက ဒီတစ်ပုဒ်တည်း မကဘူး။ ရှိသမျှ သူငယ်တန်းကနေ အထက်တန်းအထိ လူတစ်ဦး တစ်ယောက်နဲ့တစ်ယောက် တိုင်းရင်းသားတစ်စုနဲ့ တစ်စု အမုန်းပွားစေတဲ့ ဟာမျိုး၊ အကြမ်းဖက်မှုကို တွန်းအားပေးနေတဲ့ သင်ကြားမှုမျိုး၊ လူ့အခွင့်အရေးနဲ့ မကိုက်ညီတဲ့ သင်ရိုးညွှန်းတမ်းတွေကို ပယ်ဖျက်စေချင်တာပါ”ဟု ၎င်းကပြောသည်။

လက်ရှိသင်ကြားနေသော Grade-5 စတုတ္ထတန်း၏ သင်ရိုးညွှွှွှန်းတန်းသည် မူလစနစ်ဟောင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ပြောင်းလဲလိုက်သည့် စနစ်သစ်တွင် မပါဝင်သော်လည်း အချို့ကျောင်းများနှင့် ပုဂ္ဂလိက စာသင်ကျောင်း များတွင် စနစ်အဟောင်းအတိုင်း သင်နေကြဆဲဖြစ်ပြီး စတုတ္ထတန်း၏ သင်ရိုးညွှန်းတမ်းများကို ၂၀၂၁ ပညာသင်နှစ်တွင် လူမျိုးရေးနှင့်ပတ်သက်၍ အချင်းချင်းသွေးကွဲစေသော အသုံးအနှုန်းများ မပါဝင်အောင် ဆောင်ရွက်သွားမည်ဟု ဦးကိုလေးဝင်းကပြောသည်။

(မှတ်ချက်။ ။ ဤသတင်းတွင် မူလက ဦးကိုလေးဝင်း၏ ရာထူးကို ‘အဆင့်မြင့်ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်’ဟု ဖော်ပြခဲ့ပါသည်။ အမှန်မှာ ‘အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်’ သာဖြစ်သဖြင့် ပြန်လည် ပြင်ဆင်ထားပါသည်။)

 

Show More

Related Articles

Back to top button