
Facebook လူမှုကွန်ရက်ပေါ်ရှိ သတင်းတု၊ သတင်းမှားများကို သတင်းဌာနများ၊ အချက်အလက်စစ်ဆေးသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများက စောင့်ကြည့်ထုတ်ပြန်နေကြသကဲ့သို့ Facebook ကလည်း ဖြုတ်ချခြင်း၊ သတိပေးခြင်းများပြုလုပ်လာရာ လူအများ သည်းခြေကြိုက် သတင်းတု၊ သတင်းမှားများပြုလုပ်ကာ ဝင်ငွေရှာသူများသည် YouTube ကို ပြောင်းလဲအသုံးပြုလာကြသည်ကို တွေ့ရသည်။
၂၀၁၉ နှင့်၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်သည့် Youtube Channel ပေါင်း ရာချီ ထွက်ပေါ်လာခဲ့ပြီး အများစုမှာ လိင်မှုဆိုင်ရာ ဆွဲဆောင်ဖော်ပြသည့် အကြောင်းအရာများ၊ အတည်မပြုနိုင်သည့် အချက်အလက်များ အသုံးပြုကာ လူကြိုက်များအောင် (Click-Bait) ရေးသားဖြန့်ဝေခြင်းဖြစ်ပြီး တရားဝင်သတင်းဌာနများထက်ပင် ဝင်ရောက်ကြည့်ရှုသူ များပြားသည်ကို တွေ့ရသည်။
ယင်း YouTube ချယ်နယ်များအနက် ‘Top MM Channel’ ၊ ‘Today Top MM’ ၊ ‘Myanmar TV – ရုပ်ရှင် သီချင်း ဟာသ သတင်း’ ၊ ‘Burmese Political’, ‘Myanmar Today Channel’ စသည့် ချယ်နယ်များသည် သတင်းတုများစွာ ဖြန့်ဝေနေကြောင်း Myanmar Now က တွေ့ရှိရသည်။ ယင်းချယ်နယ်များသည် ၂၀၁၉ ခုနှစ်ဝန်းကျင်မှသာ ဖန်တီးပြုလုပ်ထားသော ချယ်နယ်များ ဖြစ်ကြသည်။
‘Myanmar TV – ရုပ်ရှင် သီချင်း ဟာသ သတင်း’ Youtube Channel သည် ဖွင့်လှစ်ထားသည့် ၂ နှစ်ဝန်းကျင်အတွင်း Subscribe လုပ်ထားသူ ၄၈၀,၀၀၀ ကျော်ဖြင့် ကြည့်ရှုသူအများဆုံးဖြစ်သည်။
ယင်းချယ်နယ်များက တင်သည့် ဗီဒီယိုခေါင်းစဉ်များသည် ဖတ်ရှုသူကို ရုတ်တရက် အံ့ဩစေမည့် စကားလုံးများ အသုံးပြုထားသော်လည်း ရုပ်သံအကြောင်းအရာထဲတွင်မူ ခေါင်းစဉ်နှင့် ပတ်သက်သည့် အချက်အလက်များ မပါရှိဘဲ သွယ်ဝိုက်၊ လှည့်ဖြားထားသော အကြောင်းအရာများသာ ဖြစ်ကြသည်။
ကြည့်ရှုသူအရေအတွက်ပေါ်မူတည်ကာ ကြော်ငြာဝင်ငွေရရှိနိုင်ပြီး နေ့စဉ် ကြည့်ရှုသူ ၁၀,၀၀၀ ခန့်ရှိသည့် ချယ်နယ်တစ်ခုသည် တစ်လလျှင် YouTube ထံမှ ကြော်ငြာဝင်ငွေ ၇၅ ဒေါ်လာမှ ၁၂,၀၀ အတွင်း ရရှိနိုင်သည်။
ထို့အပြင် အတည်မပြုနိုင်သည့်အချက်အလက်များကို အသုံးပြုကာ တရားဝင်သတင်းဌာနာများ၏ ဓာတ်ပုံများကို အသုံးပြု၍ ပုဂ္ဂလိကထင်မြင်ယူဆချက်များကို ဗီဒီယိုအဖြစ် တင်ဆက်ထားခြင်းများလည်း ရှိသည်။
Top MM Channel က “NLD ပါတီခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံရဲ့ သမ္မတအသစ်ကြေညာလိုက်ပြီ” ဆိုသည့် ခေါင်းစဉ်ဖြင့် ဖော်ပြထားသည့် သတင်းမှားဗီဒီယိုကို ကြည့်ရှုသူ ၃၀၀,၀၀၀ ကျော် ရှိခဲ့သည်။ ယင်းချယ်နယ်ကပင် ဖော်ပြထားသည့် “ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဦးရဲမင်းဦးကို ခန့်အပ်လိုက်ပြီ အမေစုထုတ်ပြန်” ဆိုသည့် သတင်းတုဗီဒီယိုသည်လည်း ကြည့်ရှူ့သူ ၅၀,၀၀၀ ကျော်အထိ ရှိခဲ့သည်။
လတ်တလော လူစိတ်ဝင်စားမှုများသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်အသစ်နေရာနှင့် ပတ်သက်၍ အခြားချယ်နယ်များကလည်း အထင်မြင်လွဲစေနိုင်သည့် ခေါင်းစဉ်များဖြင့် ဗီဒီယိုများတင်ဆက်မှုရှိသည်။ Myanmar Today Channel ၏ “ရန်ကုန်တိုင်းရဲ့ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူတော့မည့်သူရွေးချယ်လိုက်ပြီ” အမည်ရှိ ဗီဒီယိုမှာ ကြည့်ရှုသူ ၆,၀၀၀ ကျော် ရှိသည်။
ယင်းအကြောင်းအရာများနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် သမ္မတမှစ၍ ဝန်ကြီးအဆင့်ဆင့်ကို တာဝန်ချထားပေးမှုမျိုး မရှိသေးကြောင်း ပါတီဗဟိုပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်က Myanmar Now ကို အတည်ပြုပြောဆိုသည်။
“အဲဒါက ရှုပ်ထွေးအောင် လုပ်တာပါပဲ။ အစက လူတွေက တကယ်ကို ဖြစ်စေချင်တဲ့သူတွေကို ပြောကြတာပဲ။ နောက် မျှော်လင့်ချက်ရှိတဲ့ ပုဂ္ဂိုလ်တချို့ကလည်း ကိုယ့်ကိုယ်ကိုယ် လော်ဘီလုပ်တာတွေလည်း ရှိနေတဲ့အခါကျတော့ နောက်တစ်ခုက တမင်ကို မဟုတ်တဲ့သတင်းတွေနဲ့ ဖွနေတာ လူတွေထင်ယောင်ထင်မှားဖြစ်အောင်” ဟု ၎င်းက ပြောသည်။
ထို့အပြင် နိုင်ငံရေးပါတီများကြား အမုန်းပွားစေနိုင်သည့် သတင်းတု၊ သတင်းမှားများကိုလည်း ဖြန့်ဝေနေကြသည်။ “USDP ပြည်ခိုင်ဖြိုးပါတီကို ပါတီအဖြစ်မှထုတ်ပယ် အမေစုပြောပြီး” ခေါင်းစဉ်အမည်ဖြင့် Today Top MM Channel က ဒီဇင်ဘာ ၃ တွင် ဖော်ပြထားသည့် သတင်းတုဗီဒီယိုကို ကြည့်ရှုသူ လက်ရှိအထိ ၇၀,၀၀၀ ကျော် ရှိခဲ့သည်။
Myanmar Now ၏ အချက်အလက်စစ်ဆေးမှုများအရ ထိုကဲ့သို့သော အကြောင်းအရာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားခြင်း မရှိပေ။
Burmese Political အမည်ရှိ YouTube ချယ်နယ်ကလည်း “တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အသစ်ဖြစ်လာသူ ဒုတပ်ချုပ်စိုးဝင်း” ဆိုသည့် ခေါင်းစဉ်ဖြင့် သတင်းတုတစ်ခုကို ဒီဇင်ဘာ ၅ တွင် ဖော်ပြခဲ့သည်။ ယင်းဗီဒီယိုထဲတွင် ခိုင်မာခြင်းမရှိသည့် ခန့်မှန်းပြောဆိုချက်များကို စုစည်း၍ ဓာတ်ပုံများ အသုံးပြု တင်ဆက်ထားခြင်းသာ ဖြစ်သည်။
တပ်မတော်၏ ထုတ်ပြန်ချက်များအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ လက်ရှိအချိန်အထိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သာ ဖြစ်ပြီး ၎င်းအနားယူခြင်းနှင့် ပတ်သက်၍ တပ်မတော်က တိတိကျကျ ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပေ။
YouTube တွင် သတင်းတု၊ သတင်းမှား များစွာပျံ့နှံနေသော်လည်း YouTube အနေဖြင့် အရေးယူဆောင်ရွက်မှု အားနည်းနေသည်ဟု နိုင်ငံတကာအချက်အလက်စစ်ဆေးရေးအဖွဲ့ဝင် Myanmar ICT for Development Organization (MIDO) ၏ အမှုဆောင်ဒါရိုက်တာ ဒေါ်ထိုက်ထိုက်အောင်က ပြောသည်။
မြန်မာနိုင်ငံတွင် Facebook နှင့် နှိုင်းယှဉ်ပါက YouTube သည် သတင်းတု၊ သတင်းမှားနှင့် ပတ်သက်၍ အလေးထားဆောင်ရွက်မှု အားနည်းပြီး လုံလောက်မှုမရှိကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲအတွက်လည်း သီးသန့်ဆောင်ရွက်မှုမျိုး မရှိခဲ့ကြောင်း ဒေါ်ထိုက်ထိုက်အောင်က ဆိုသည်။
“YouTube မှာ မြန်မာ Content Reviewer (အကြောင်းအရာဆန်းစစ်သူ) ကလည်း အားနည်းနေတယ်လို့ ယူဆရတယ်။ ရွေးကောက်ပွဲကာလအတွင်းမှာလည်း အထူးသဖြင့် သတင်းတု၊ သတင်းမှား ဖြန့်ဝေတဲ့ ချယ်နယ်တွေကို အရေးယူတဲ့အခါမှာ ကြန့်ကြာတာတွေ တွေ့ရတယ်” ဟု ၎င်းက ပြောသည်။
သတင်းဌာနများ၏ YouTube ချယ်နယ်များအနက် DVB TV News သည် Subscribe လုပ်ထားသူ ၅၀၀,၀၀၀ ဝန်းကျင်ဖြင့် လူကြည့်အများဆုံးဖြစ်ပြီး Eleven Broadcasting က ၃၈၀,၀၀၀ ကျော်၊ 7Day TV က ၃၅၀,၀၀၀ ကျော်၊ VOA Burmese ၊ Mizzima TV၊ BBC Burmese၊ RFA Burmese စသည့် သတင်းဌာနများ၏ ချယ်နယ်များမှာ ၂၀၀,၀၀၀ နှင့် ၃၀၀,၀၀၀ အတွင်း ရှိကြသည်။
ထိုကဲ့သို့သော တရားဝင်သတင်းဌာနအများစုသည် သတင်းမှားဖြန့်ဝေနေသည့် ချယ်နယ်များလောက်ပင် ကြည့်ရှုသူ မရှိပေ။