တပ်ဝင်းအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ပါတီကို မဲပေးရန် ဖိအားပေးနေကြောင်း Facebook တွင် ရေးတင်ခဲ့သူ မသဉ္ဇာသန်းမင်းကို တပ်မတော်အပေါ် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် ယနေ့တွင် ပခုက္ကူမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၉)လချမှတ်လိုက်သည်။
ပခုက္ကူမြို့နယ် တရားသူကြီးဦးမြတ်မင်းဟန်က မသဉ္ဇာသန်းမင်း၏ရေးသားမှုသည် “တပ်မတော်က ထုတ်ပြန်ထားသော ဒေသန္တရအမိန့်ကို မသိနားမလည်ဘဲ ချိုးဖောက်မိကြောင်း ပြစ်မှုထင်ရှားသည်။ သို့သော် တရားရုံးထွက်ချက်များတွင် မသဉ္ဇာသန်းမင်းက တပ်မတော်ကိုပြန်လည်တောင်းပန်၍ သက်ညှာသောအားဖြင့်ဟုဆိုကာ” ရုံးချိန်း(၉)ကြိမ်စစ်ဆေးပြီး အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
ပခုက္ကူမြို့နယ်ရှိ အမှတ် ၂၃၅ ခြေလျင်တပ်ရင်းအတွင်း မိဘများနှင့်အတူနေထိုင်သူ ၂၅ နှစ်အရွယ် မသဉ္ဇာသန်းမင်းသည် တပ်မတော်ဆေးဘက်ဆိုင်ရာလက်ထောက်အရာခံဗိုလ် ဦးသန်းမင်း၏ သမီးဖြစ်သည်။
၎င်းက ဆန္ဒမဲပေးခြင်းနှင့်ပတ်သက်၍ တပ်အတွင်း ဖိအားပေး မှုများရှိနေကြောင်း Facebook လူမှုကွန်ရက်မှာ ရွေးကောက်ပွဲကျင်းပရန် လပိုင်းအလို စက်တင်ဘာ ၂၃ တွင် ရေးတင်ခဲ့ခြင်းဖြစ်သည်။
“ကျွန်မအဖေက စစ်သားဖြစ်နေလို့ USDP ကိုမဲပေးရမယ်တဲ့။ ကျွန်မကတော့ NLD ကို မဲပေးတော့ ကျွန်မအဖေရာထူးကို ခြိမ်းခြောက်နေပါတယ်ရှင့်။…….အခုစာလည်း တင်လို့ဆိုပြီး အရေးယူမလား မသိဘူးရှင့်” မသဉ္ဇာသန်းမင်းက Thin Zar အကောင့်ဖြင့် ရေးသားခဲ့သည်။
ထိုသို့ ရေးသားပြီး နောက်တစ်ရက်တွင် တပ်အရာရှိက မသဉ္ဇာသန်းမင်းကို တပ်တွင်းရုံး၌ ခေါ်စစ်သဖြင့် မိခင်ဖြစ်သူနှင့်အတူ တပ်တွင်းရုံးသို့ သွားရာတွင် တပ်အရာရှိက မသဉ္ဇာသန်းမင်း၏ လက်ကိုင်ဖုန်းကို တောင်းယူသဖြင့် တပ်အရာရှိနှင့် အချင်းများခဲ့ကြသည်။
ထိုဖြစ်ရပ်များကြောင့် တပ်မ (၁၀၁)တပ်မှ ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်ဝင်းက မသဉ္ဇာသန်းမင်းကို တပ်မတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)ဖြင့် တပ်မတော်ကိုယ်စား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဗိုလ်မှူးကြီးအောင်ခိုင်ဝင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) ဖြင့် ပခုက္ကူရဲစခန်းတွင် အမှုထပ်ဖွင့်ထားသည်။ တပ်မ(၁၀၁)လက်အောက်ခံ အမှတ် (၂၃၅) ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီးမျိုးမင်းလွင်တို့ကလည်း မသဉ္ဇာသန်းမင်း၏ ရေးသားမှုသည် ၎င်းတို့ ဂုဏ်သိက္ခာကျဆင်းစေသည်ဆိုကာ ဆက်သွယ်ရေးဥပဒေပါ ၆၆ (ဃ) ဖြင့် ပခုက္ကူမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားဆဲဖြစ်သည်။
သို့သော် ထိုအမှုများသည် တရားရုံးသို့ ရောက်ရှိလာခြင်းမရှိသေးကြောင်း ပခုက္ကူမြို့နယ်တရားသူကြီး ဦးမြတ်မင်းဟန်က Myanmar Now ကိုပြောထားသည်။
ထိုဆက်သွယ်ရေးဥပဒေများဖြင့် မသဉ္ဇာသန်းမင်းကို အရေးယူနိုင်ရန် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ တင်ပြထားဆဲဖြစ်ကြောင်း ပခုက္ကူရဲစခန်းမှသိရသည်။
ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) မှာ တပ်မတော်အကျိုး ပျက်ပြားစေရန် ဖော်ပြရေးသားခြင်း၊ ထုတ်ပြန်ကြေညာခြင်း၊ ကောလာဟလလွှင့်ခြင်းတို့အတွက် တပ်မတော်က စွဲဆိုသောပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
သို့သော်လည်း အဆိုပါ ဖော်ပြရေးသားချက် သို့မဟုတ် ကောလဟသည် မှန်ကန်သည်ဟု ယုံကြည်ရန်အကြောင်းရှိသည့်အပြင် အကျိုးပျက်ပြားစေရန် အကြံမရှိဘဲ ပြုလုပ်ပါက ပုဒ်မ ၅၀၅ (က) ၏ ပြစ်မှုမမြောက်ဟု ရာဇသတ်ကြီးတွင် ပြဋ္ဌာန်းထားသည်။