သတင်း

ပြင်ဦးလွင် DSA ကို တိုက်ခိုက်ခဲ့ကြောင်း MDY-PDF ပြော

စစ်ခေါင်းဆောင်ရောက်နေသောကြောင့် DSA ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY-PDF) ၏ ပြန်ကြားရေးတာဝန်ခံက အတည်ပြုသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် စစ်ဗိုလ်ချုပ်များ သင်္ကြန်ပွဲ ဆင်နွှဲရန် ရောက်ရှိနေကြသည့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် စစ်တက္ကသိုလ် (DSA) ကို ယမန်နေ့ (ဧပြီ ၁၄) ညက တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ပြောသည်။

ယမန်နေ့ ည ၉ နာရီကျော်ခန့်တွင် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း အဆိုပါမြို့နေသူများကလည်း ပြောသည်။

စစ်ခေါင်းဆောင် ရောက်ရှိနေသည့်အတွက် အဆိုပါ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ဆိုသည်။

“မနေ့ညက ပြင်ဦးလွင်ကို MDY-PDF က ပစ်ခတ် တိုက်ခိုက်ခဲ့တာကိုတော့ အတည်ပြုပါတယ်။ အသေးစိတ်ကိုတော့ မကြာခင်ထုတ်ပြန်ပေးပါမယ်” ဟု ၎င်းက Myanmar Now ကို ယနေ့ မွန်းလွဲချိန်တွင် ပြောသည်။

ယမန်နေ့ညက တိုက်ခိုက်မှုအတွင်း ပြင်ဦးလွင်မြို့တွင်း လူနေရပ်ကွက်များ၊ ဆေးရုံ၊ ဘုန်းကြီးကျောင်းတို့တွင်လည်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

DSA ကျောင်းကို PDF များက ပစ်ခတ်တိုက်ခိုက်ခဲ့ချိန်တွင် ပြင်ဦးလွင်အခြေစိုက် စစ်ကောင်စီတပ်များကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ညနက်ချိန်အထိ မြို့အနီးဝန်းကျင်တွင် ပစ်ခတ်သံများ ဆူညံနေခဲ့ပြီး စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းနှင့် မြို့ကို ပတ်နေခဲ့ကြောင်း ဆိုသည်။

“မနေ့ညကတော့ ၉ နာရီလောက်ကနေစပြီး ပစ်ခတ်သံကြားရတာပဲ၊ ပစ်ခတ်တဲ့အလုံးအရေအတွက်ကတော့ များလွန်းလို့ မှတ်တောင်မမှတ်မိဘူး။ ၁၀ နာရီကျော်လောက်မှ ပြန်ငြိမ်သွားခဲ့တာ၊ အသံတွေကလည်း အတော်ကို ကျယ်လောင်နေတာ” ဟု ပြင်ဦးလွင်မြို့ခံ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးက ပြောသည်။

ဆက်လက်၍ “ဒီနေ့မနက်တော့ အေးအေးပြန်ဖြစ်သွားပုံပဲ၊ မြို့ထဲပေါ့။ အစစ်အဆေးတော့ များတယ်။ အရင်နေ့လောက်တော့ ရေပက်တာ မစည်ကားတော့ပေမဲ့ ပက်တော့ပက်နေကြတာ တွေ့ရတယ်” ဟု ၎င်းက ဆက်ပြောသည်။

ပြင်ဦးလွင်မြို့ခံ အမျိုးသားတစ်ဦးကလည်း ယမန်နေ့ညပစ်ခတ်မှုတွင် လက်နက်ကြီး အလုံး ၄၀ ဝန်းကျင်ခန့် ရှိနိုင်ကြောင်း ဆိုသည်။

“(ည) ၉ နာရီ ၁၆ ကနေ နှစ်လုံး အရင်ကျတယ်။ နောက်တစ်လုံး ထပ်ကျတယ်။ ပထမ ၈ လုံးလောက်က တော်တော်လေး ဆိုးတယ်” ဟု ၎င်းက ကြားရပုံကို ပြောသည်။

“ပထမနှစ်လုံးကျပြီးတော့ ရပ်သွားတာ။ အသံတွေ အကုန်ရပ်သွားတာ…တစ်မြို့လုံး။ အသံတွေက တောက်လျှောက်ကြားရတာ။ တစ်မိနစ်အတွင်း ၃ လုံး၊ ၄ လုံး ပစ်တာတွေလည်း ရှိတယ်။ တောက်လျှောက်ပစ်တဲ့အသံတွေ ကြားရတယ်။ အလုံး ၄၀ ဝန်းကျင်လောက်တော့ ရှိမယ်။ အသံတိုးတာတွေရော ပါတယ်။ တက္ကသိုလ်ထဲလည်း အနည်းဆုံး ၅ လုံးလောက်တော့ ကျမယ်။ သေဆုံးက ဘုန်းကြီးတစ်ပါး..ကြားတယ်” ဟု ၎င်းက ဆိုသည်။

ဧပြီ ၁၄ ရက် ညပိုင်းတွင် ပြင်ဦးလွင်မြို့အတွင်း ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ပစ်ခတ်ခံရပြီး ပြည်သူ့ဆေးရုံရှိ အရိုးကုသဆောင်၊ အောင်မြေဇေယျာဘုန်းကြီးကျောင်း၊ Luxury Hotel ၊ ရပ်ကွက်ကြီး (၅)၊ ဗလမင်းထင်ရပ်ကွက်နှင့် စံပယ်ရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အောင်မြေဇေယျာဘုန်းတော်ကြီးကျောင်းမှ သံဃာ ၂ ပါး အပါအဝင် ၄ ဦး၊ ကလေးများအပါအဝင် ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့ပြီး Myanmar Now အနေဖြင့် အခြေအနေအသေးစိတ် မသိရသေးပေ။

ပြင်ဦးလွင်တွင် ယမန်နေ့က ထိရောက်သော တိုက်ခိုက်မှုဖြစ်ခဲ့ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သော ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုသည်။

“တကယ့်မြေပြင်သတင်းအရဆိုရင် ရှော့ဒုံးနဲ့ ၂ လုံး၊ အများဆုံး ၅ လုံးထက် မကျော်တဲ့အရေအတွက်နဲ့ စစ်တက္ကသိုလ်နဲ့ တအခ (တပ်မတော်အုပ်ချုပ်မှုကျောင်း) ဝန်းကျင်ပေါ့၊ ကျောင်းနှစ်ခုကလည်း ကပ်နေတာ၊ အဲ့ဒီဝန်းကျင်ကို ပစ်တယ်။ ၂ လုံးလောက်ကလည်း စစ်ရေးပစ်မှတ်ကို သေချာပေါက်ထိခဲ့တယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

“ကျန်တာတွေကတော့ သူတို့ထုံးစံအတိုင်းပဲ ပြင်ဦးလွင်တပ်နယ်ထဲက တပ်တွေ၊ လုံခြုံရေးစခန်းတွေကနေ ထင်ရာမြင်ရာကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပြီးတော့ ပစ်တာ။ အဲ့လိုပစ်လို့လည်း ဆေးရုံတွေ၊ ကျောင်းတွေကို ထိတာလို့ ကျွန်တော်တို့ရထားတဲ့ မြေပြင်သတင်းတွေအရ သုံးသပ်ပြီး ပြောလို့ရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်တက္ကသိုလ် တိုက်ခိုက်ခံရပြီးနောက် ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်အစပ်တို့တွင် ယနေ့ နံနက်မှ စတင်၍ စစ်တပ်နှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေကြောင်း MDY-PDF ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားရာနေရာပြမြေပုံ။

ပြင်ဦးလွင်မြို့မှ မိုင် ၂၀ ကျော်အကွာ တအာင်းတပ် (TNLA) နှင့် MDY-PDF တို့ နေရာယူထားသည့် နောင်ချိုမြို့နယ်၊ ပြင်ဦးလွင်- မိုးကုတ်လမ်းပေါ်မှ သံဘိုကျေးရွာနှင့် ကျောက်မဲလေးကျေးရွာအနီး စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ယနေ့နံနက်အစောကတည်းက တိုက်ပွဲဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်သံများကို ကြားနေရကြောင်း အဆိုပါ မြို့နယ် နှစ်ခုအစပ်တွင် နေထိုင်သူများက ပြောကြသည်။

အဆိုပါသံဘိုကျေးရွာနှင့် ကျောက်မဲလေးကျေးရွာတို့မှ စစ်ကောင်စီ၏ တပ်စခန်းများကို TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့များက “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ကာ စခန်းချ တပ်စွဲထားသည်။

မြောက်ပိုင်းအဖွဲ့များနှင့် မဟာမိတ်များက ရှမ်းမြောက်ဒေသကို ထိုးစစ်ဆင်ရာတွင် ပြင်ဦးလွင်ဘက်မှ စစ်ကောင်စီတပ်များ စစ်ကူမလာနိုင်စေရန် TNLA, PDF ပူးပေါင်းတပ်များက နောင်ချိုဘက်မှ စတင်၍ နယ်မြေထိန်းချုပ်ကာ တပ်ကူများကို ဟန့်တားခဲ့ခြင်းဖြစ်သည်။

TNLA, PDF ပူးပေါင်းတပ်များက ယခုနှစ် ဇန်နဝါရီ ၃ ရက်တွင် သံဘိုကျေးရွာ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ဒုဗိုလ်မှူးကြီးတစ်ဦးကို အရှင်ဖမ်းမိသလို နှစ်မိုင်ခန့်အကွာရှိ ကျောက်မဲလေးကျေးရွာစစ်စခန်းကိုလည်း နောက်ရက်များတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ထိုကတည်းက အဆိုပါနေရာအနီး တိုက်ပွဲများ ငြိမ်သက်သွားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မန္တလေးတိုင်းအခြေစိုက် MDY-PDF သည် တပ်ရင်း ၅ ရင်းဖြင့် ဖွဲ့စည်းထားကာ TNLA နှင့်အတူ ပူးတွဲတိုက်ပွဲဝင်နေပြီး မန္တလေးနှင့် ရှမ်းအစပ်တွင် လှုပ်ရှားသည်။

ယခုနှစ်ဆန်းက တရုတ်၏ ကြားဝင်ညှိနှိုင်းမှုကြောင့် ဖြစ်ပေါ်လာသည့် ဟိုင်ဂင်သဘောတူညီမှုအရ မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတို့အကြား အပစ်အခတ်ရပ်စဲလိုက်သည့်အတွက် တိုက်ပွဲများငြိမ်သက်နေခဲ့ရာမှ မန္တလေး-ရှမ်းနယ်မြေအစပ်တွင် တိုက်ပွဲများ ယနေ့ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ဗိုလ်ချုပ်ကြီးများ နေထိုင်သည့် နေပြည်တော်တွင်လည်း မကြာသေးခင်က တစ်ပတ်အတွင်း တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားထားကာ ပြည်သူ့ကာကွယ်ရေးတပ်များက လုံခြုံရေးကို ခြိမ်းခြောက်နိုင်ခဲ့သည်။

ဧပြီ ၄ ရက် နံနက်အစောက စစ်ရုံးချုပ် (ကက-ကြည်း) နှင့် ဧလာလေတပ် စသည့်နေရာနှစ်ခုတွင် ဒရုန်းဖြင့်လည်းကောင်း၊ ဧပြီ ၁၁ နံနက်တွင် ဧလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့်လည်းကောင်း တိုက်ခိုက်ခံထားရသည်။

Show More

Related Articles

Back to top button