
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နှင့် မိုင်အနည်းငယ်သာ ကွာသည့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၊ ကျောက်မဲလေးကျေးရွာရှိ စစ်တပ်စခန်းကို ဇန်နဝါရီ ၆ ရက်မှစ၍ တော်လှန်ရေးအဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း စုံစမ်းသိရှိရသည်။
စစ်တက္ကသိုလ်များတည်ရှိသည့် ပြင်ဦးလွင်မြို့မြောက်ဘက် မိုင် ၂၀ ဝန်းကျင်အကွာ၊ ပြင်ဦးလွင်- မိုးကုတ်လမ်းပေါ်မှ ကျောက်မဲလေးကျေးရွာရှိ စစ်စခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး/MDY-PDF) နှင့် တအာင်းတပ် (TNLA) တို့ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။
ယနေ့ (ဇန်နဝါရီ ၁၀) အထိ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းသုံး၍ တုံ့ပြန်နေကြောင်း MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောသည်။
“စစ်ကောင်စီဘက်ကလည်း လေကြောင်းကို အလွန်အကျွံအသုံးပြုပြီးတော့ ခုခံနေတာ…တွေ့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုက တောက်လျှောက်လုပ်နေတယ်လို့ ပြောရင်ရတယ်ဗျ” တစ်ရက်ကို ပျမ်းမျှ ၅ ကြိမ်၊ ၆ ကြိမ်လောက်အထိ ဂျက်ဖိုက်တာတွေရော၊ MI 35 တွေရော သုံးပြီး တိုက်ခိုက်နေတာမျိုးရှိတယ်”။
ယနေ့တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက ဗုံးကြဲလေယာဉ်များဖြင့် တိုက်ခိုက်နေသည်ဟု TNLA ပြန်ကြားရေးတာဝန်ခံ အမျိုးသမီးက ပြောသည်။
“မနေ့ကဆိုရင်လည်း နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပြီးတော့မှ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ကူတာမျိုးရှိတယ်။ လေကြောင်းကလည်း ဗုံးကြဲတာရှိတယ်”။

TNLA ၏ စာရင်းများအရ ကျောက်မဲလေးရွာတိုက်ပွဲ ၅ ရက်တာအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ် ၃၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးဖြင့်လည်း အကြိမ်ရေ ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ အထက်ပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။
မကြာသေးခင်က TNLA, MDY-PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူခဲ့သော သံဘိုကျေးရွာတပ်စခန်းနှင့် ယခု တိုက်ခိုက်နေသောစခန်းသည် ၂ မိုင်ခန့်သာ ကွာဝေးသည်။
သံဘိုကျေးရွာ စစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၃ ရက်က သိမ်းပိုက်စဉ် လက်နက်ခဲယမ်းအမြောက်အမြားနှင့်အတူ စစ်ကောင်စီဘက်မှ ဒုဗိုလ်မှူးကြီးတစ်ဦးကို ဖမ်းမိခဲ့သည်။ လက်ရှိအချိန်ထိ သံဘိုစခန်းနေရာကို စစ်တပ်က ပြန်လည်သိမ်းယူနိုင်ခြင်းမရှိသေးသလို စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်အနီးမှ နောက်ထပ်စစ်ခန်းတစ်ခု ထပ်မံ တိုက်ခိုက်ခံနေရခြင်းဖြစ်သည်။
စစ်ကောင်စီလေတပ်သည် တိုက်ပွဲဖြစ်ပွားရာနေရာကိုသာမက၊ တိုက်ပွဲနှင့် ဝေးရာ ကျေးရွာများကိုပါ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားများ၊ အိုးအိမ်များ ထိခိုက်ပျက်စီးမှုများရှိနေသော်လည်း လက်ရှိတွင် ထိုနေရာအနီး အခြေအနေအသေးစိတ် မသိရသေးပေ။
ပြင်ဦးလွင်မြို့နှင့် တဖြည်းဖြည်းနီးလာသည့် တိုက်ပွဲများကြောင့် စစ်တက္ကသိုလ်များအတွင်းရှိ စစ်သည်များနှင့် မိသားစုဝင်များကို အပြင်သို့ ထွက်ခွင့်မပေးတော့ဘဲ ခံစစ်ပြင်ဆင်နေသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။
TNLA သည် ၂၀၂၃ အောက်တိုဘာလကုန်တွင် စတင်သည့် “၁၀၂၇ စစ်ဆင်ရေး” အစိတ်အပိုင်းအဖြစ် နောင်ချိုမြို့နယ်အတွင်းရှိ စစ်စခန်းများကိုပါ NUG ၏ MDY-PDF၊ မိုးကုတ် PDF ၊ ဓနုတပ် (DPLF) တို့နှင့် ပူးတွဲတိုက်ခိုက်နေသည်။
ရက္ခိုင့်တပ်တော် (AA)၊ ကိုးကန့်တပ် (MNDAA) တို့နှင့် ပူးတွဲ၍ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ရှမ်းပြည်မြောက်ပိုင်းတစ်ခွင်တွင် တပ်စခန်းကြီး/ငယ် စခန်းပေါင်း ၇၇ ခု ရရှိထားကာ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့သည်ဟု TNLA က ဆိုထားသည်။
ထိုစစ်ဆင်ရေးကာလ ၂ လကျော်အတွင်း ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသည့်လမ်းကြောင်းပေါ်ရှိ မြို့ ၇ မြို့ကို TNLA၊ မြို့ ၆ မြို့ကို MNDAA က သိမ်းယူထားသည်။ ထို့အတူ ဟိုပန်မြို့ကိုလည်း မြောက်ပိုင်းအဖွဲ့များက သိမ်းပိုက်ကာ အင်အားကြီးတိုင်းရင်းသားအဖွဲ့ ဝ (UWSA) ထံ လွှဲပြောင်းပေးထားသည်။
နိုင်ငံအလယ်ပိုင်း မြို့တော်မန္တလေးမှ ရှမ်းမြောက်ကို ဖြတ်သန်းကာ တရုတ်နှင့် ကုန်သွယ်မှုတွင် အချက်အချာကျသော မူဆယ်၊ လားရှိုး၊ သိန္နီ၊ နမ့်ဖတ်ကာ၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့တို့ကိုလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့များက ထိန်းချုပ်ရန် ကြိုးပမ်းနေရာ စစ်ရေးအခြေအနေ တင်းမာလျက်ရှိသည်။