သတင်း

ပျော်ဘွယ်မြို့ခံများ၏ သံပုံးတီးလုပ်ရပ် နိုင်ငံရေးထိုးနှက်ချက်ဟု ပြည်ခိုင်ဖြိုးစွပ်စွဲ 

ပျော်ဘွယ်မြို့တွင် ရွေးကောက်ပွဲရလဒ်ကို မကျေနပ်၍ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ ဆန္ဒဖော်ထုတ်ခဲ့သည်ကို မြို့ပေါ်ရပ်ကွက်များတွင် သံပုံးတီးသည့်လုပ်ရပ်မှာ ပြဿနာဖန်တီးခြင်းဖြစ်၍ အရေးယူရန် စီစဉ်နေသည်ဟု ပျော်ဘွယ်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်နိုင်ညွန့်က Myanmar Now ကို ပြောသည်။

“သူတို့ပြောတာကတော့ ကိုဗစ်ရောဂါကို ထုတ်တယ်ပေါ့။ တကယ်တမ်း သူတို့ (NLD ဝန်းရံသူ) ရေးနေတာကကျတော့ ဖုတ်တွေ၊ သရဲတွေ၊ တစ္ဆေတွေ ထွက်အောင် လုပ်တယ်ပေါ့၊ အစိမ်းတွေ ထွက်အောင် လုပ်တယ်ပေါ့” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အပေါ် အယုံအကြည်မရှိကြောင်း ပြည်ခိုင်ဖြိုးပါတီဝန်းရံများက ဆန္ဒဖော်ထုတ်ခဲ့သည့် နိုဝင်ဘာ ၂၁ ရက်နေ့ ညပိုင်းတွင် ပျော်ဘွယ်မြို့ပေါ် ရပ်ကွက်များ၌ သံပုံးတီးခဲ့ခြင်းဖြစ်ပြီး သုံးညတိုင်တိုင် ဆောင်ရွက်မည်ဟု ကြားသိရသည်ဟုလည်း ဦးအောင်နိုင်ညွန့်က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ ဆန္ဒဖော်ထုတ်ပြီး ညပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးနေအိမ်ရှေ့ လမ်းမပေါ်တွင် မော်တော်ဆိုင်ကယ်များဖြင့် သံပုံးတီးကာ အော်ဟစ်ဖြတ်သန်းခဲ့သဖြင့် ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးခဲ့ရသည်ဟုလည်း ၎င်းက ပြောသည်။ 

“အမှုဖွင့်ဖို့တော့ စီစဉ်နေတယ်။ အဓိကခေါင်းဆောင်တဲ့လူကို လိုက်ပြီးစုံစမ်းနေတယ်။ ခေါင်းဆောင်ဆိုတဲ့အနေအထားကို ဦးတည်ပြီး(အမှု)ဖွင့်မှ အဆင်ပြေမှာလေ။ အဓိကတော့ ပြဿနာဖြစ်အောင် လှုံ့ဆော်တဲ့လူပေါ့၊ အဲဒါကို လိုက်ရှာနေတယ်” ဟု ဦးအောင်နိုင်ညွန့်က ပြောသည်။

ရပ်ကွက် ၉ ခုရှိသည့် ပျော်ဘွယ်မြို့တွင် ထိုသို့သံပုံးတီးခြင်းအပေါ် ယင်းမြို့နယ်ရှိ ကျေးရွာများမှ ပြည်ခိုင်ဖြိုးထောက်ခံသူများက ကျေနပ်မှုမရှိသဖြင့် စိတ်လိုက်မာန်ပါ မဖြစ်စေရန် တားမြစ်နေရသည်ဟုလည်း ၎င်းက ဆိုသည်။

“ဦးသောင်းအေးအိမ် ဝိုင်းခံရတယ်ဆိုပြီး မဟုတ်မမှန်သတင်းဖြန့်နေသူတွေ ရှိနေတာပေါ့လေ။ တကယ်ဖြစ်တယ်ထင်ပြီး ရွာတွေကနေ တက်လာတဲ့သူတွေများတယ်။ လာတဲ့သူတွေကို ကျွန်တော်တို့ကတော့ ပြန်ပြန်လွှတ်တာပဲ” ဟု ဦးအောင်နိုင်ညွန့်က ဆိုသည်။

ပျော်ဘွယ်မြို့ပေါ်တွင် ထိုသို့သောကိစ္စများ ပေါ်ပေါက်နေခြင်းမှာ မှန်ကန်ကြောင်း ရမည်းသင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တာဝန်ခံ ဦးအေးသိန်းက Myanmar Now ကို အတည်ပြုသည်။

“ဦးသောင်းအေးက ရဲတပ်ဖွဲ့ကို ချက်ချင်းခေါ်တယ်လို့ ကြားတယ်။ ရဲကားနှစ်စီးရောက်လာတယ်။ ဆိုင်ကယ်သမားတွေက သူ့ဟာသူတီး ထွက်သွားပြီး ထပ်မလာတော့ ရဲလည်းပြန်သွားပါတယ်။ မနေ့ည (နိုဝင်ဘာ ၂၂ရက်) ကလည်း မြို့သစ်ဘက်မှာ သံပုံးတီးကြတာကို ရဲက ချက်ချင်းလာတားတယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့ သံပုံးတီးသည့်ကိစ္စမှာ ရပ်ရွာဓလေ့သာဖြစ်၍ တားမြစ်ခံရမှုအပေါ် ဒေသခံတို့က မကျေမနပ်ပြောဆိုနေကြ၍ လိုက်လံနှစ်သိမ့်နေရကြောင်းလည်း ဦးအေးသိန်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးသောင်းအေး၏ မဲဆန္ဒနယ်ဖြစ်သည့် ပျော်ဘွယ်မြို့တွင် နိုဝင်ဘာ ၂၁ ရက်မှစ၍ နှစ်ညဆက် သံပုံးတီးကြခဲ့ကြပြီး နိုင်ငံရေးအရောင်အသွေးအရ ပြုလုပ်ခြင်းမဟုတ်ဟု မြို့ခံတချို့က ဆိုသည်။

“ဒီနေ့ညလည်း နောက်ဆုံးအဖြစ် ဆက်တီးဦးမှာပါ။ ပျော်ဘွယ်မြို့ရဲ့ရိုးရာပါ။ ကပ်ဆိုးကျရောက်တယ်ဆိုပြီးတော့မှ သံပုံးတီးပြီး ကပ်ထုတ်တာလေ” ဟု မြို့သစ်ရပ်ကွက်နေ မအိအိချိုက ပြောသည်။

ရှမ်းပွဲရပ်ကွက်နေ ကိုသတိုးဆွေကလည်း ပျော်ဘွယ်မြို့တွင် နှစ်စဉ်သင်္ကြန်ကာလအပြီးတွင် မကောင်းဆိုးဝါးနှင်ထုတ်သည့် ဓလေ့ရှိပြီး ယခုကိစ္စမှာလည်း အစဉ်အလာအရဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ပြောသည်။

“ရပ်ကွက်ထဲမှာက ဘယ်လိုဖြစ်လာလဲဆိုတော့ မဲကိစ္စ(ရွေးကောက်ပွဲ)နဲ့ပတ်သက်ပြီး မနိုင်ဘဲ တွယ်ကပ်နေတာ အဲဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး တစ်ခါတည်းသံပုံးတီးပြီးထုတ်တယ်၊ အဲဒီလိုပုံစံမျိုး မြင်သွားလားမသိဘူး’ဟု ကိုသတိုးဆွေက ဆိုသည်။

ပျော်ဘွယ်မြို့နယ်စခန်းမှူး ဒုရဲမှူးဘိုဘိုကလည်း သာမန်မိရိုးဖလာကိစ္စသာဖြစ်ပြီး ထူးထူးခြားခြား ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည့်အခြေအနေ မဟုတ်ကြောင်း ပြောသည်။

“ဘာမှမဖြစ်ပါဘူး။ ဘာမှမဖြစ်ပါဘူး။ ဘာမှမရှိပါဘူး။ ဘာမှမထူးခြားပါဘူးဗျ။ မိရိုးဖလာ သူ့ဘာသာ အစဉ်အလာအရ လုပ်တယ်လို့ပဲ သိရပါတယ်ဗျ။ ကပ်ရောဂါကို မောင်းထုတ်တယ်။ နှင်ထုတ်တယ်ဆိုတဲ့ ကျေးရွာတွေမှာ လုပ်လေ့ရှိတဲ့ ဓလေ့ပါပဲခင်ဗျ’ဟု စခန်းမှူးက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပျော်ဘွယ်မဲဆန္ဒနယ်ရှိ လွှတ်တော်သုံးရပ်လုံးတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများက ပျမ်းမျှ မဲအရေအတွက် ၁၅,၀၀၀ ကျော်စီဖြင့် ရှုံးနိမ့်ထားသည်။ 

၂၀၂၀ ရွေးကောက်ပွဲရလဒ်မှာ ဝေဖန်ထောက်ပြစရာများရှိနေပြီး တရားမဲ့ပြုကျင့်မှုများကို သက်သေအထောက်အထားများစုဆောင်းနေကြောင်း ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကိုယ်စားလှယ်လောင်းကို အနိုင်ရဖူးပြီး ယခုရွေးကောက်ပွဲတွင်မူ အရှုံးပေးခဲ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးက ပျော်ဘွယ်မြို့တွင် နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ထို့ပြင် ပျော်ဘွယ်မြို့၌ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲတစ်ခုကို နိုဝင်ဘာ ၂၁ ရက်တွင် ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြုလုပ်ခဲ့ရာ “တရားမဲ့မှုအတွက် ပြည်သူတွေရဲ့ ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲကို လုံခြုံရေးအပြည့်အဝ ဆောင်ရွက်ပေးခဲ့ကြသော ပြည်သူ့ရဲတပ်ဖွဲ့အား ကျေးဇူးအထူးတင်ပါသည်” ဟု ပျော်ဘွယ်အမတ် ဦးသောင်းအေးက ၎င်း၏ ‘မျိုးချစ်မောင်’ အမည်ရ Facebook တွင် ရေးသားထားသည်။ 

Show More

Related Articles

Back to top button