သတင်း

ဘာသာရေးအကြောင်းပြ မဲဆွယ်ဟုဆိုကာ မိတ္ထီလာပြည်ခိုင်ဖြိုးအမတ်လောင်းလေးဦးကို အမှုဖွင့်

ဘာသာရေးအကြောင်းပြ မဲဆွယ်သည်ဟုဆိုကာ မိတ္ထီလာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်လောင်း ၄ ဦးကို ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မဖြင့် ရဲစခန်း၌ ယမန်နေ့ (နိုဝင်ဘာ ၂၂) တွင် အမှုဖွင့်ထားကြောင်း တိုင်ကြားသူက ပြောသည်။ 

မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်တွင် လွှတ်တော်အရပ်ရပ်အတွက် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၄ ဦး၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကြော်ငြာဆိုင်းဘုတ်တွင် မြို့အထင်ကရ ကရဝိက်နှင့် ဖောင်တော်ဦးစေတီပုံကို နောက်ခံထား အသုံးပြုခဲ့သည့်အတွက် ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၅၈ (ဂ) ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။ 

“အဓိကတော့ မိတ္ထီလာမြို့သူမြို့သားတွေ တန်ဖိုးထားတဲ့ သမိုင်းဝင် ဖောင်တော်ဦးဘုရားကြီးကို ရွေးကောက်ပွဲ မဲဆွယ်တဲ့နေရာမှာ အသုံးချတာကို ဒေသခံတစ်ယောက်အနေနဲ့ မနှစ်သက်လို့ တရားစွဲဆိုရတာပါ။ အခြား ပုဂ္ဂိုလ်ရေး၊ ပါတီရေး ကိစ္စတွေ မရှိပါဘူး” ဟု မိတ္ထီလာမြို့နယ် အောင်ဆန်းရပ်ကွက်တွင် နေထိုင်သည့် ဦးတိမ်မင်းက ပြောသည်။ 

အမှုကို လက်ခံထားပြီး တိုင်ကြားချက်နှင့် ပတ်သက်၍ လတ်တလော စိစစ်နေဆဲသာ ဖြစ်သည်ဟု မိတ္ထီလာမြို့မရဲစခန်းမှူး ရဲအုပ်ထွန်းထွန်းဝင်းက Myanmar Now ကို ပြောသည်။

တိုင်ကြားခံရသည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ၄ ဦးမှာ ဒေါက်တာမောင်သင်း၊ ဦးအောင်ကျော်မိုး၊ ဦးစိုးသန်းနှင့် ဦးရဲထွဋ်နိုင်တို့ ဖြစ်သည်။ 

ကရဝိက်နှင့် ဖော်တော်ဦး စေတီပုံနောက်ခံဖြင့်  ပြည်ခိုင်ဖြိုး အဆိုပါ ကိုယ်စားလှယ်လောင်း ၄ ဦး၏ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်များကို ပြည်ခိုင်ဖြိုးပါတီ၏ မိတ္ထီလာခရိုင်ရုံးရှေ့အပါအဝင် မြန်မာ့စီးပွားရေးဘဏ်၊ မိတ္ထီလာတက္ကသိုလ်နှင့် မြို့အထင်ကရနေရာများ၌ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးကာလအတွင်း စိုက်ထူထားခဲ့ကြသည်။ 

ကရဝိက်ဖောင်တော်သည် မိတ္ထီလာမြို့၏ ကျက်သရေဆောင်ဖြစ်သည့်အတွက် အသုံးပြုထားခြင်းသာဖြစ်ပြီး ဘာသာရေးအကြောင်းပြု ပြောဆိုရေးသားခြင်း မရှိဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့သူ ဒေါက်တာမောင်သင်းက ပြောသည်။ 

“အဲဒီအပေါ် မူတည်ပြီး နောက်ကွယ်မှာ ဘာသာရေးနဲ့ ပတ်သက်တာ၊ ဥပဒေနဲ့ ငြိစွန်းတဲ့စကားလုံးတစ်လုံးမှ ဘယ်နေရာမှ ပြောခဲ့ဆိုခဲ့ခြင်း မရှိပါဘူးဗျ။ ပြီးတော့ ဗီနိုင်းမှာ ရေးထားတဲ့စာကလဲ ရှင်းပါတယ်။ မိတ္ထီလာမြို့အတွက် ဒီလူတွေကို ရွေးကြစို့ဆိုပြီး ရေးထားတာပါ” ဟု ဒေါက်တာမောင်သင်းက Myanmar Now ကို ပြောသည်။

မဲဆွယ်စည်းရုံးရေးနောက်ဆုံးနေ့ နိုဝင်ဘာ ၆ ညတွင် ပြည်ခိုင်ဖြိုးပါတီအလံများ ကိုင်ဆောင်၍ ပါတီတံဆိပ်ပါအင်္ကျီများ ဝတ်ဆင်ထားသူ ၅၀ ဦးခန့်ပါ မဲဆွယ်ယာဉ်တန်းတစ်ခုသည် “သာသနာရောင်ဝါလင်းဖို့ ပြည်ခိုင်ဖြိုးက ရှေ့က ကာကွယ်မယ်၊ ဘာသာပျောက်လျှင် လူမျိုးပျောက်မယ်၊ အမျိုး၊ ဘာသာ၊ သာသနာအတွက် ထမ်းရွက်မယ့် ပြည်ခိုင်ဖြိုးပါတီကို မဲပေးစို့“ အစရှိသည့် စာသားများ ပါဝင်သော သီချင်းများဖွင့်လျက် မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမပေါ်၌ မဲဆွယ်ခဲ့သည်ကိုလည်း Myanmar Now က တွေ့ခဲ့ရသည်။  

ရွေးကောက်ပွဲအပြီးတွင် အင်အားကြီးပါတီကြီးနှစ်ခုသည် ရွေးကောက်ပွဲဆိုင်ရာတိုင်ကြားချက်အမျိုးမျိုးဖြင့် အပြန်အလှန် ဖွင့်ထားသည့် အမှုအများအပြားရှိသည်ဟု မိတ္ထီလာခရိုင် ဒုတိယရဲမှူးကြီးအုန်းဟန်ဦးက ပြောသည်။

ရဲအရေးပိုင်မှုအများစုမှာ ဘာသာရေးအကြောင်းပြ မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲနေ့တွင် မဲနှစ်ခါထည့်ခြင်း ကိစ္စရပ်များဖြစ်ကာ အများအားဖြင့် ကာယကံရှင်လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဟုတ်ဘဲ ပါတီတာဝန်ရှိသူများ သို့မဟုတ် မြို့ခံများက တိုင်ကြားကြခြင်းဖြစ်သည်ဟု ဒုရဲမှူးကြီးအုန်းဟန်ဦးက ဆိုသည်။ 

ရွေးကောက်ပွဲဆိုင်ရာဥပဒေ ပုဒ်မ ၅၈ (ဂ) အရ လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲ ပေးရန်သော်လည်းကောင်း၊ ဆန္ဒမဲမပေးရန်သော်လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ် ပြန်ခြင်း (သို့) ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်း ပြုလုပ်ပါက အမြင့်ဆုံး ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ ဒဏ်ငွေ ကျပ် ၁၀၀,၀၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

Show More

Related Articles

Back to top button