မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဂျိုင်းမြစ်ကမ်းအနီးရှိ ကျေးရွာများကို လေတပ်၊ ရေတပ်တို့က တိုက်ခိုက်ခဲ့ရာ ဓမ္မသကျေးရွာတွင် အိမ်ခြေ ၅၀၀ မီးလောင်ကျွမ်းခဲ့ပြီး အမျိုးသား ၂ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
အသက် ၆၈ နှစ်အရွယ် ဒေသခံ နိုင်ဟရောင်၏ ရုပ်အလောင်း၊ အခြားတစ်ဦး၏ မီးလောင်ကျွမ်းထားသည့် ရုပ်အလောင်းတို့ကို မတ် ၃၁ တွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
မတ် ၃၀ ညနေပိုင်းက သံကလောင်ရွာသား နိုင်ဟရောင် ရာဘာခြံသို့ အသွားတွင် စစ်တပ်က ပစ်သတ်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဓမ္မသရွာ ၃ ကြိမ်တိုင် မီးလောင်ခဲ့ရာ အိမ်ခြေ ၅၀၀ ကျော် ဆုံးရှုံးခဲ့ရသည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ပြောရေးဆိုခွင့်ရှိသူ မိဆုတဂျိုက ပြောသည်။
“စစ်တပ်က အဲဒီနားတွေမှာ စခန်းချထားတာတွေ ရှိတယ်။ ဘုန်းကြီးကျောင်းတွေမှာ စခန်းချထားတာရှိတယ်ဆိုတော့ တရနာနဲ့ သံကလောင်က ရွာချင်းဆက်နေတာဆိုတော့ သူ့ခြံကို သူ ရော်ဘာသွားခြစ်တာကို ပစ်သတ်လိုက်ပါ” ဟု ၎င်းက ပြောသည်။
နောက်ထပ် အမျိုးသားတစ်ဦးကိုမူ ဓမ္မသရွာကို မီးငြှိမ်းသတ်ရာမှာ မီးလောင်ကျွမ်းနေသည့် နေအိမ်တစ်လုံးတွင် မတ် ၃၁ က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ မည်သူမည်ဝါ အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်ဟု စစ်ဘေးဒုက္ခသည်များကို အကူအညီပေးနေသူတစ်ဦးက ပြောသည်။
“လူတစ်ယောက် ပျောက်နေတာတော့ ရှိတယ်။ ပြီးတော့ အဲဒီအချိန်မှာလည်း အဲဒီလူက အဲဒီနားတစ်ဝိုက်မှာပဲ ရှိနေတယ်။ ဒါပေမဲ့ မီးလောင်တဲ့ အချိန်မှာကျတော့ အကုန်လုံး ပြေးလွှားနေကြတော့ အဲဒီလူနဲ့ အဆက်အသွယ်ပြတ်သွားတယ်”
အရပ်သားများသေဆုံးမှုတချို့နှင့် ပတ်သက်ပြီး ရှင်းချက်ထုတ်တတ်သည့် စစ်တပ် အင်တာနက်စာမျက်နှာတွင် ပြီးခဲ့သည့် ရက် ၃၀ အတွင်း မွန်ပြည်နယ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
မီးလောင်ပျက်စီးသွားသည့် ဓမ္မသရွာမှာ မော်လမြိုင်-ဘားအံ ကားလမ်းအနီး ဂျိုင်းမြစ်ကမ်းဘေး ရမ္မဝတီကားလမ်းပေါ်မှ ကျေးရွာ ဖြစ်သည်၊ စစ်တပ်တပ်စွဲထားပြီး ရဲစခန်း အသိမ်းခံခဲ့ရသည့် ကော့ဘိန်း (ကအ်ဗိန်) ရွာနှင့်လည်း မော်တော်ယာဉ်လမ်း တစ်ဆက်တည်းတွင် တည်ရှိသည်။
မတ် ၂၇ ရက်နေ့ကလည်း ဓမ္မသရွာဘေး ဂျိုင်းမြစ်တွင် ရပ်တန့်ထားသည့် စစ်သင်္ဘောက ဓမ္မသရွာကို လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ရာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ထို့ပြင် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် မတ် ၃၁ တွင် တရနာ ဘုန်းကြီးကျောင်းပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သည်။ ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့ကလည်း ကျိုက်မရောနှင့် မော်လမြိုင်ဘက်မှ ဓမ္မသရွာ အနီးဝန်းကျင်သို့ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေရာ ကျေးရွာ ၅ ရွာမှ ထောင်သောင်းသည့် စစ်ဘေးဒုက္ခသည်များသည် ပိုမိုလုံခြုံမည့် နေရာများသို့ တိမ်းရှောင်နေကြရသည်ဟု မိဆုတဂျိုက ပြောသည်။
“အိမ်ရှိနေတဲ့သူတွေ ပြန်နိုင်ဖို့ကလည်း လက်နက်ကြီးက ဆက်တိုက်ကျနေတော့ ပြန်လို့မရဘူး ဖြစ်နေတယ်။ အိမ်ခြေက ၁၅၀၀ ကျော် ဘုန်းကြီးကျောင်း ၂၁ ကျောင်းပေါ့၊ မော်လမြိုင်မြို့မှာ အများစုပေါ့။ စစ်ရှောင်တွေက ရေးမြို့အထိ ရောက်တယ်။ ဘုန်းကြီးကျောင်းတိုင်းမှာတော့ အကုန်လုံးရှိနေကြပြီ”
ဓမ္မသရွာမှာ အိမ်ခြေ ၁၀၀၀ နီးပါးရှိပြီး စစ်တပ်၏ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများကြောင့် မီးငြှိမ်းသတ်ရန် တာဝန်ယူထားသည့် လူငယ်တချို့မှအပ ရွာလုံးကျွတ် တိမ်းရှောင်နေရသည်၊ နေရပ်မပြန်နိုင်သူများအတွက် ပြန်လည်နေရာချထားရန် ဒုက္ခသည်စခန်းများ လိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
“ကျန်တဲ့ သူတွေက ဂူထဲမှာနေတာတို့ တောတောင်မှာ နေတာတို့၊ ဘုန်းကြီးကျောင်းမှာနေတာတို့ ဖြစ်လာတယ်” ဟု ၎င်းက ပြောသည်။
“အိမ်ပြန်စရာ မရှိတဲ့သူတွေ သူတို့ သွားချင်တဲ့ နေရာကို သွားဖို့ တောင်းဆိုလာကြတော့ ချိတ်ဆက် ဆောင်ရွက်ပေးနေရတာပေါ့”
မတ် ၂၄ တွင် ကော့ဘိန်း (ကအ်ဗိန်) ရဲစခန်း သိမ်းပိုက်ခံရပြီးနောက် အနီးဝန်းကျင်ရှိ ဓမ္မသ၊ တရနာ၊ ကော့သတ်၊ ကော့ဆွယ် စသည့်ကျေးရွာများကို စစ်ကောင်စီ၏ ကြည်းရေလေတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်ကို ကော့ဘိန်း (ကအ်ဗိန်) ရဲစခန်းတိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA လက်အောက်ခံ Lion Battalion ဗျူဟာစစ်ကြောင်း၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် Mon Liberation Army၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း တပ်ခွဲ (၃) ပျံလွှားတပ်ဖွဲ့တို့အပြင် ဒရုန်းတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်။
ထိုတိုက်ပွဲတွင် မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာသည့် မွန်ပြည်သစ်ပါတီ – စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP_AD) လည်း ပါဝင်ခဲ့ပြီး ကျိုက်မရော စစ်ဒေသ၊ မုဒုံ-မော်လမြိုင် စစ်ဒေသ၊ သံဖြူဇရပ်-ရေး စစ်ဒေသ၊ ကြာအင်းဆိပ်ကြီး စစ်ဒေသ ဟူ၍ စစ်ဒေသ ၄ ခု ခွဲပြီး စစ်ရေးလှုပ်ရှားနေသည်ဟု ခွဲထွက် မွန်ပြည်သစ် ပြောခွင့်ရ နိုင်ဗညားမွန်က မတ် ၂၇ က Myanmar Now ကို ဖြေဆိုထားသည်။
ကော့ဘိန်းရွာ (ကအ်ဗိန်) ရွာ စခန်းသိမ်းတိုက်ပွဲတွင် အာဏာသိမ်း စစ်တပ်မှ သေဆုံးသူ ၅ ဦး ရှိသည်၊ လက်နက် ၂၇ လက် နှင့် စစ်သုံ့ပန်း ၂၇ ဦး ရရှိခဲ့သည်ဟု ထိုတိုက်ပွဲတွင် ပါဝင်သည့် Lion Battalion က မတ် ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။