အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိတ္ထီလာတွင်ရှုံးခဲ့သည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများ ကန့်ကွက်လွှာတင်မည်

မိတ္ထီလာမြို့နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်ပြီး ရှုံးနိမ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်လောင်းလေးဦးသည် ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်သွားမည်ဟု မန္တလေးတိုင်း ပါတီတာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဓိကကတော့ မဲစာရင်းတွေ မှားယွင်းမှုအပေါ် အခြေခံပြီး ကန့်ကွက်လွှာတင်မှာပါ” ဟု ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းအတွင်းရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအတွင်း မိတ္ထီလာမဲဆန္ဒနယ်မဲစာရင်းတွင် အသက် ၁၈ နှစ်မပြည့်သေးသူ ၈၃ ဦး၊ မှတ်ပုံတင်မ ရှိသူ ၂၀,၀၀၀ ကျော်၊ မှတ်ပုံတင်ထပ်နေသူ ၇,၀၀၀ ကျော်ရှိကြောင်း စိစစ်တွေ့ရှိခဲ့ပြီး ၄၅ ရက်အတွင်း ကန့်ကွက်လွှာ တင်သွင်းသွားမည်ဟု ဦးအောင်ကျော်မိုးက ဆိုသည်။ 

အဆိုပါ လွဲမှားမှုများကို သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံ တင်ပြခဲ့သော်လည်း ထိရောက်သော ပြင်ဆင်ပြောင်းလဲမှုမျိုး မရှိခဲ့ဟု မိတ္ထီလာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ် (၁) မဲဆန္ဒနယ် တွင် ပြည်ခိုင်ဖြိုးကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးအောင်ကျော်မိုးက ဆိုသည်။ 

“ရှုံးသင့်ရှုံးထိုက်လို့ ရှုံးရတာဆိုရင် လက်မခံစရာ မရှိပါဘူး။ အခုကျတော့ မှားယွင်းမှုတွေက တမင်သက်သက်လား၊ မတော်တဆလား၊ ဒါမှမဟုတ် မလုပ်မကိုင်နိုင်လို့ မှားတာလား ဆိုတာတော့ ကာယကံရှင်တွေ ကိုယ်တိုင်မှ သိနိုင်မယ်” ဟု ဦးအောင်ကျော်မိုးက ပြောသည်။ 

မိတ္ထီလာမြို့နယ်မဲဆန္ဒနယ် လွှတ်တော်နေရာ အသီးသီးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများမှာ ဦးအောင်ကျော်မိုးအပါအဝင် ဒေါက်တာမောင်သင်း၊ ဦးရဲထွန်းနိုင်နှင့် ဦးစိုးသန်းတို့ ဖြစ်သည်။ 

ရွေးကောက်ပွဲနေ့မှစ၍ ယမန်နေ့ (နိုဝင်ဘာ ၁၇) အထိ ပြည်ခိုင်ဖြိုးပါတီက မိတ္ထီလာခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ တိုင်ကြားထားသည့် အမှု ၃ မှုရှိကြောင်း ခရိုင်ကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းထိုက်က Myanmar Now ကို ပြောသည်။ 

ယင်းအမှုများမှာ ရွေးကောက်ပွဲနေ့တွင် မဲ ၂ ခါ လာပေးခြင်း၊ မဲရုံမှူးက မဲလက်မှတ် မှားယွင်းထုတ်ပေးခဲ့ခြင်းနှင့် မဲစာရင်းတွင် ခွင့်ပြုချက်မရှိဘဲ မဲဆန္ဒရှင် ၂၀၀  ခန့် ပြင်ဆင်ထပ်တိုးခြင်းတို့ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လွှတ်တော်ရွေးကောက်ပွဲဥပဒေများအရ ရွေးကောက်တင်မြှောက်ခံရသူကို ကန့်ကွက်လိုသော ယှဉ်ပြိုင်ကိုယ်စားလှယ်လောင်း (သို့) မဲဆန္ဒရှင်တစ်ဦးဦးသည် ဆီလျော်သော အကြောင်းပြချက်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အနိုင်ရကိုယ်စားလှယ်အမည်စာရင်း ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာ တင်သွင်းနိုင်သည်။ 

ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ကြေညာချက်များအရ မိတ္ထီလာမြို့နယ် လွှတ်တော်နေရာ လေးခုလုံးတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်းများက အနိုင်ရခဲ့သည်။

မန္တလေးတိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၇) တွင် ဦးဘုန်းကျော်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဒေါက်တာဆင့်စိုး၊ တိုင်းဒေသကြီးလွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင်  ဦးလွင်မောင်မောင်၊ အမှတ် (၂) တွင် ဦးမောင်မောင်ကြီးတို့ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၇ နံနက်ပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီမန္တလေးတိုင်းရုံး၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်လည်း ရွေးကောက်ပွဲကို အချက် ၅ ချက်အရ ကန့်ကွက်ကြောင်း၊ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးသည် မှန်ကန်မျှတမှု မရှိကြောင်း ပြည်ခိုင်ဖြိုးပါတီက ဆိုသည်။ 

ရွေးကောက်ပွဲလုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းရာတွင် မျှတမှု မရှိခြင်း၊ မဲစာရင်းလွဲမှားမှု များစွာရှိခြင်း၊ ကိုဗစ်နိုင်တင်းကြောင့် ကြိုတင်မဲပေးသည့် ကာလရှည်သဖြင့် ပြဿနာမျိုးစုံ ကြုံတွေ့ရခြင်း၊ ရွေးကောက်ပွဲနေ့တွင် မဖြစ်သင့်သည့် အမှားအယွင်းများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ယင်းအခြေအနေများကို အခြေခံကာ ရရှိလာသည့် မဲရလဒ်သည် မမှန်ကန်နိုင်သဖြင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ပါတီတာဝန်ရှိသူများက ဆိုသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button