
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနဥယျာဉ်မြို့တော်အိမ်ရာတွင် နေထိုင်သူ ၂၀၀ ကျော်သည် မြို့နယ်လျှပ်စစ်ရုံး ငွေကိုင်စာရေးမှတဆင့် မီတာခ (လျှပ်စစ်ဓာတ်အားခ) ပေးဆောင်ထားပြီးဖြစ်သော်လည်း မီတာခကြွေးကျန် ကျပ်သိန်း ၈၀ ခန့် ကျန်ရှိနေသည်ဆိုကာ တောင်းခံထားရသည်ဟု သိရသည်။
ယုဇနဥယျာဉ်မြို့တော် တန်ဖိုးနည်းအိမ်ရာ အပိုင်း (၁) ရှိ ၈၆၄ ခန်းအနက် အခန်း ၂၀၀ ကျော်ကို လျှပ်စစ် မီတာခကြွေးကျန်များ ရှိနေကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အောက်တိုဘာ ၁၉ ရက်တွင် အသိပေးအကြောင်းကြားခဲ့သည်ဟု ဆိုသည်။
မြို့နယ်လျှပ်စစ်ရုံးမှ ငွေကိုင်စာရေး (၂) ဒေါ်စိုးစိုးမာမှတစ်ဆင့် မီတာခပေးဆောင်ထားပြီးဖြစ်သော်လည်း အောက်တိုဘာလဆန်းပိုင်းတွင် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါဖြင့် ဒေါ်စိုးစိုးမာ ဆုံးပါးချိန်တွင် အဆိုပါမီတာခကြွေးကျန် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
“ဒေါ်စိုးစိုးမာလည်း ဆုံးပြီးရော ကျွန်တော်တို့ကို မီတာစာရွက်လာပေးတော့ ၄ လစာ ကျန်တယ်၊ ၅ လစာ ကျန်တယ်ဆိုပြီးတော့ စာရွက်ပေါ်မှာ လအမည်တွေ မဖော်ဘဲနဲ့ ကြွေးကျန်ဆိုပြီးတော့ ရေးချလိုက်တယ်။ မင်နီနဲ့ ရေးချလိုက်တယ်။ အဲ့ဒီလို ပုံစံမျိုးနဲ့ ကျွန်တော်တို့ကို တောင်းတာ” ဟု မီတာခကြွေးကျန် ကျပ် ၂ သိန်းကျော် တောင်းခံရသည့် အိမ်ရာအပိုင်း (၁) ရာအိမ်မှူး ဦးအောင်ခိုင်က Myanmar Now ကို ပြောသည်။
မီတာစာရွက်ပေါ်တွင် လက်ရေးဖြင့်ရေးကာ လျှပ်စစ်မီတာခ ကြွေးကျန်ကျသင့်ငွေဟုဆိုကာ လအမည်မဖော်ပြဘဲ မြို့နယ်လျှပ်စစ်ရုံးမှ တောင်းခံခဲ့ခြင်း ဖြစ်သည်။
မီတာစာရွက် ဖြတ်ပိုင်းများတွင် ငွေရှင်းပြီးကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာ၏တံဆိပ်တုံး ရိုက်နှိပ်ထားသော်လည်း စာရွက်အတုသာဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ရုံးဘက်က ဆိုသည်ဟုလည်း ဦးအောင်ခိုင်က ပြောသည်။
“ရှင်းပြီး လက်မှတ်ထိုးတာလည်း ရှိတယ်။ တံဆိပ်တုံးရိုက်တာလည်းရှိတယ်။ တံဆိပ်တုံးရိုက်တာလည်း သူတို့တံဆိပ်တုံး မဟုတ်ဘူးလို့ ပြောတယ်။ အတုဆိုပြီး ပြောထည့်တာ” ဟု ၎င်းက Myanmar Now ကို ပြောသည်။
မီတာခကြွေးကျန် တောင်းခံရသူများသည် အနည်းဆုံး ကျပ် ၃၀,၀၀၀ ကျော်မှ ကျပ် ၄ သိန်းကျော်အထိ တောင်းခံရခြင်းဖြစ်ပြီး ယခုနှစ်ကုန် နောက်ဆုံးထားပေးသွင်းရန် YESC က နောက်ဆုံးအကြိမ် သတိပေးစာပေးပို့ထားသည်ဟု သိရသည်။

အဆိုပါအိမ်ရာတွင် နေထိုင်သူအများစုသည် မြို့နယ်လျှပ်စစ်ရုံးမှ ငွေကိုင်စာရေးမှတဆင့် မီတာခပေးဆောင်ကြခြင်းဖြစ်ပြီး မီတာခပေးဆောင်ထားသည့် အထောက်အထားများလည်း ရှိသည်ဟု ဆိုသည်။
လျှပ်စစ်ရုံး ငွေကိုင်စာရေးဖြစ်သူ ဒေါ်စိုးစိုးမာမှတဆင့် မီတာခပေးဆောင်သူများတွင် မီတာခကြွေးကျန် အတောင်းမခံရသူများလည်း ရှိနေပြီး ယင်းအိမ်ရာ အပိုင်း (၁)၊ တိုက်နံပါတ် ၈ တွင် နေထိုင်သူ ဦးထွန်းအောင်သည် ကြွေးကျန်တောင်းခံရသူများတွင် ပါဝင်ခြင်း မရှိပေ။
“ဒေါ်စိုးစိုးမာသေတော့မှ ဒီပြဿနာပေါ်တာ။ ကြွေးကျန်ရှိတယ်၊ ကျွန်မတို့ မဆောင်ဘူးဆိုရင် အရင်လတွေကတည်းက သူတို့ကြွေးကျန် ရေးရမယ်လေ။ အဲ့ဒီထဲက ကြွေးကျန်ပါလို့ရှိရင် လူသက်ရှိထင်ရှားရှိလို့ ရှင်းလို့ လွယ်တယ်။ အခုက လူသေတော့ ကြွေးကျန် ငါးလစာတွေ၊ လေးလစာတွေဆိုပြီးတော့မှ လာတယ်” ဟု အဆိုပါအိမ်ရာတွင် နေထိုင်သူတစ်ဦးဖြစ်သူ ဒေါ်မြင့်သက်ကျော်က ပြောသည်။
ဒေါ်မြင့်သက်ကျော်သည် မီတာတစ်စောင်လျှင် ဝန်ဆောင်ခ ကျပ် ၃၀၀ ယူ၍ လျှပ်စစ်ရုံး ငွေကိုင်စာရေးဖြစ်သူ ဒေါ်စိုးစိုးမာမှတဆင့် ကြားခံမီတာခ ပေးဆောင်နေသူလည်းဖြစ်ပြီး ယုဇနဥယျာဉ်အိမ်ရာတွင် ထိုသို့ ဆောင်ရွက်နေသည်မှာ သုံးနှစ်ရှိပြီဖြစ်သည်။
မီတာခပေးကြွေးကျန် တောင်းခံရခြင်းနှင့်ပတ်သက်၍ ယုဇနဥယျာဉ်အိမ်ရာ အပိုင်း(၁) တိုက်အမှတ် ၉ တွင် နေထိုင်သူ ဦးသောင်းလွင်နှင့် တိုက်အမှတ် ၁၁ တွင် နေထိုင်သူ ပန်းချီဆရာမောင်ရူပါတို့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ တိုင်ကြားခဲ့ပြီး တိုင်ကြားခံရသူများတွင် မြို့နယ်လျှပ်စစ်ရုံးမန်နေဂျာ ဦးတင်ထက်စိန်နှင့် လက်ထောက်အထွေထွေမန်နေဂျာ ဦးမြင့်ရွှေအပါ ရုံးဝန်ထမ်းအားလုံးပါဝင်သည်။
မီတာခကြွေးကျန်အဖြစ် ၇၆,၀၀၀ ကျပ်ကို ဒီဇင်ဘာလကုန်တွင် နောက်ဆုံးထားပေးသွင်းရန် YESC က တောင်းခံလွှာကို ရရှိထားသည်ဟုလည်း ပန်းချီဆရာမောင်ရူပါက ပြောသည်။
“စာရေး (ဒေါ်စိုးစိုးမာ) လုပ်တယ်ဆိုတာ သူတို့ လုံးဝငြင်းမရဘူး။ ဘာကြောင့်လဲဆိုတော့ စာရွက်မှာ မန်နေဂျာလက်မှတ်တွေ ပါနေတယ်” ဟု ပန်းချီဆရာမောင်ရူပါက Myanmar Now ကို ပြောသည်။
“မီတာနဲ့ပတ်သက်ပြီးတော့ သူတို့က ဆုံးသွားတဲ့အစ်မကြီးဆီမှာ သွားသွားဆောင်တာ။ ကျွန်တော်တို့ဌာနကလည်း သတ်မှတ်ထားတာ ရှိတယ်လေ။ အခြားသူ ဘယ်သူမှ ပေးဆောင်လို့ မရဘူးဆိုတာ။ အကုန်လုံးနီးပါးက ကိုယ်တိုင်လာမဆောင်ဘူး” ဟု တိုင်ကြားခံထားရသူ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးတင်ထက်စိန် က ပြောသည်။
လျှပ်စစ်ရုံးမှ လျှပ်စစ်ဓာတ်အားခ တောင်းခံစာအရ ဓာတ်အားခပေးဆောင်ရာတွင် သတ်မှတ်ထားသော ငွေလက်ခံဌာနများသို့ တိုက်ရိုက်ပေးသွင်းကြရန်နှင့် မီတာစာရေးကိုဖြစ်စေ၊ အခြားလျှပ်စစ်ဝန်ထမ်းကိုဖြစ်စေ၊ ပြင်ပပုဂ္ဂိုလ်တစ်ဦးဦးထံ ပေးသွင်း၍ ငွေကြေးပြဿနာပေါ်လာပါက ပေးဆာင်သူများ၏ တာဝန်သာဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် အဆိုပါတိုင်ကြားချက်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က စိစစ်နေဆဲဖြစ်သည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က နိုဝင်ဘာ ၁၆ တွင် Myanmar Now ကို ပြောသည်။
“ကျွန်မတို့က YESC ဘက်ကို စိစစ်တင်ပြရန်ဆိုပြီးတော့မှ ကျွန်မတို့က စာချပေးရမှာ။ သူတို့ဘက်က စိစစ်တင်ပြလာတော့မှ အစိုးရအဖွဲ့မှာ ဆွေးနွေးတာ ဖြစ်ပါတယ်။ အဲဒါကို စိစစ်ခိုင်းထားပါတယ်” ဟု ၎င်းက ပြောသည်။