သတင်း

မောင်တောတွင် မိုင်းပေါက်ကွဲ၍ ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ယနေ့ (နိုဝင်ဘာ ၁၇) နေ့လယ်ပိုင်းက မိုင်းပေါက်ကွဲမှုကြောင့် ကထိန်အလှူပွဲမှ ပြန်လာသူများစီးနင်းလိုက်ပါသည့် ကားတစ်စီး ထိခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 

မောင်တောမြို့နယ် သာယာကုန်းကျေးရွာ ကထိန်အလှူပွဲမှ ခရေမြိုင်ရွာသို့ ပြန်လာစဉ် ကားလမ်းမတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အခင်းဖြစ်ပွားနေရာသို့ ရောက်ရှိနေသည့် နံ့သာတောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တစရဏက Myanmar Now ကို မိန့်သည်။

“ကားမောင်းတဲ့လူ ဆုံးတယ်။ ပြီးတော့ သူ့မိန်းမ၊ ကလေး ဆုံးတယ်။ ကလေးက တစ်နှစ်ခွဲပါပဲ။ ကျန်တဲ့ ခြောက်ယောက်ကတော့ ဒဏ်ရာအပြင်းအထန်ရလို့ မောင်တောဆေးရုံကို ပို့လိုက်ပါတယ်။ မျက်နှာတွေ၊ ခြေထောက်တွေမှာ ဒဏ်ရာအများကြီးပဲ။ ကားက လယ်ကွင်းဘက် စင်ထွက်ပြီးတော့ အလောင်းတွေက လွင့်စဉ်သွားတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

ယင်း နံ့သာတောင်ဆရာတော်သည် သာယာကုန်းရွာကထိန်တွင် တရားဟောရန် ရောက်ရှိနေခြင်းဖြစ်ပြီး အကူအညီပေးရန် မိုင်းပေါက်ကွဲမှုဖြစ်ရာနေရာသို့ ရောက်ရှိနေခြင်းဖြစ်သည်။ 

အဆိုပါကားပေါ်တွင် လူ ၉ ဦး စီးနင်းလိုက်ပါလာခြင်းဖြစ်ပြီး ကားမောင်းသူ ကိုကျော်ရဲအောင် (အသက် ၂၅ နှစ် )၊ ဇနီးဖြစ်သူ မအေးဆန်းနု (အသက် ၂၀ နှစ်) နှင့် ၎င်းတို့၏ တစ်နှစ်ခွဲအရွယ် ကလေးငယ်တို့ နေရာတွင် သေဆုံးသွားကာ ကျန် ၆ ဦးမှာလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟု သိရသည်။ 

အဆိုပါ မိုင်းပေါက်ကွဲရာ နေရာသည် ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာနေသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း မကြာခဏ မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

“သိပ်စိတ်မကောင်းဘူး။ ဒီလောက်ဝေးလံခေါင်ဖျားဒေသမှာ ကထိန်ရာသီ ဖြစ်နေတယ်။ သာသနာစည်ပင်ပြန့်ပွားဖို့အတွက် အလှူ့ရှင်၊ အလှူ့ဒါယိကာမတွေကလည်း ဝိုင်းဝန်းလုပ်ဆောင်နေတဲ့ အချိန်ကာလမှာ ဒီဖြစ်စဉ်တွေကြောင့် နောက်ဆိုရင် သာသနာတောင် ညှိုးနွမ်းသွားမယ့်အနေအထား ရှိတယ်။ ဖိတ်ကြားထားတဲ့သူတွေတောင် လာရဲမှာမဟုတ်တော့ဘူး” ဟု နံ့သာတောင်ဆရာတော်က မိန့်သည်။

အဆိုပါ နေရာသို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကို ဆက်သွယ်ရာတွင် သတင်းကြားသိရသော်လည်း အသေးစိတ်ကို မသိရှိရသေးဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်ကုန်ပိုင်းမှ လက်ရှိအချိန်ထိ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံး ၃၆ ဦးနှင့် ဒဏ်ရာရရှိသူ ၇၅ ဦးအထိ ရှိလာသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းများအရ သိရသည်။

Show More

Related Articles

Back to top button