သတင်း

စစ်မှုထမ်းမည့်သူတို့ကို ထောက်ပံ့ရန် အုပ်ကြီးများက ငွေတောင်းနေ

စစ်တပ်ထဲဝင်သူကို ထောက်ပံ့ရန် အကြောင်းပြချက်ဖြင့် ဒေသတချို့မှ အုပ်ချုပ်ရေးမှူးများက ရပ်ရွာထဲတွင် ငွေကြေးကောက်ခံနေကြသည်။

ရန်ကုန်၊ မန္တလေးတိုင်းနှင့် နေပြည်တော်တို့ရှိ အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းမည့်သူများကို ထောက်ပံ့ရေးခေါင်းစဉ်ဖြင့် ရပ်ရွာထဲတွင် ငွေကြေးကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကိုင်အင်အား လိုအပ်နေသည့်  စစ်ကောင်စီက အရွယ်ရောက်ပြီးသူတိုင်း ၅ နှစ်အထိ စစ်မှုထမ်းရမည်ဟူသော စစ်မှုထမ်းဥပဒေကို အသက်သွင်းကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ကြေညာလိုက်ပြီးနောက် စစ်သားသစ်စုဆောင်းနိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်းကာ အလျင်အမြန်အကောင်အထည်ဖော်နေသည်။

မတ်လ ပထမပတ်မှစတင်၍ အုပ်ချုပ်ရေးမှူးများက လူစာရင်း ကောက်ယူခြင်း၊ ရပ်ကွက်ရုံးသို့ ဆင့်ခေါ်ခြင်း၊ အချို့မြို့နယ်များတွင် မဲနှိုက်ပြီး လူရွေးချယ်ခြင်းတို့ ပြုလုပ်နေကြရာမှ ငွေကြေး ပြောင်ပြောင်တင်းတင်း ကောက်ခံလာကြခြင်း ဖြစ်သည်ဟု သိရသည်။

မတ် ၂၀ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့အရှေ့ဘက် ပုသိမ်ကြီးမြို့နယ် ရပ်ကွက်တစ်ခုတွင် အုပ်ချုပ်ရေးမှူးရုံးက တစ်အိမ်လျှင် ကျပ် ၅၀၀၀ နှုန်း ကောက်ခံမည်ဟု ဆိုကာ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးခဲ့ကြောင်း မန္တလေးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းနေ့ နံနက်ပိုင်းက စစ်မှုထမ်းရမည့်သူရွေးချယ်နိုင်ရေး အစည်းအဝေးပြုလုပ်ပြီးနောက် စစ်ထဲဝင်ရန် ဆန္ဒပြုသူနှစ်ဦး ရရှိထားသည်၊ ထိုနှစ်ဦးကို ထောက်ပံ့ရမည်ဖြစ်ကြောင်း ထိုသူများက အကြောင်းပြသည်ဟု ဆိုသည်။

“မနက်ပိုင်းမှာတင် အစည်းအဝေးလုပ်ပြီးနောက် ညပိုင်းကျတော့ ဗော်လန်တီယာရပြီလို့ လိုက်အော်တယ်။ ကျွန်တော် ထူးဆန်းသွားတယ်။ အခုတော့ တစ်အိမ်ကို ၅၀၀၀ တဲ့၊ မိုက်နဲ့ အော်ကောက်သွားတာ” ဟု ထိုသူက ပုသိမ်ကြီးဒေသခံများကို ကိုးကား၍ ပြောသည်။

မူလက စစ်မှုထမ်းရမည့်သူကို ရပ်ကွက်အလိုက် မဲနှိုက်ရွေးချယ်မည်ဖြစ်သော်လည်း ဆန္ဒအလျောက် စစ်မှုထမ်းမည့်သူများ ရှိလာ၍ မဲမနှိုက်တော့ဘဲ ငွေကောက်ခံလာခြင်းဖြစ်သည်ဟု ဆိုသည်။

“အဲ့ဒီဗော်လန်တီယာနှစ်ယောက်က တကယ်ဟုတ်ချင်လည်းဟုတ်မယ်၊ ရှိချင်မှလည်းရှိမယ်။ အစည်းအဝေးလုပ်တာက ငွေရချင်လို့ ဖန်လိုက်တာလို့တောင် ယူဆမိသွားတယ်။ အခုတော့ ဗော်လန်တီယာ နှစ်ယောက်အတွက်ဆိုပြီး ဆက်ကြေးကောက်တော့တာနေမှာ” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းရန် အကျုံးဝင်သူ ၁၄ သန်းရှိပြီး အသက် ၁၈ မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားများ၏ အမည်စာရင်း ကောက်ခံရန် သက်ဆိုင်ရာအဖွဲ့များကို ညွှန်ကြားထားသည်။

လူငယ်လူရွယ်အများအပြား စစ်မှုထမ်းရမည့် ထိုအခြေအနေတွင် လိုက်လံနှိုးဆော်နေသည့် အုပ်ချုပ်ရေးမှူးတချို့ အသတ်ခံနေရသည်။

မတ်လ ၁၈ ရက်နေ့ က မကွေးတိုင်း၊ စလင်းမြို့၊ ပခက်တိုင်ရွာမှ အုပ်ချုပ်ရေးမှူး ဦးမြင့်ထူး အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်နေစဉ် ပစ်သတ်ခံရသည်။ နောက်တစ်နေ့တွင် မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ သီးကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆန္ဒအလျောက် စစ်မှုထမ်းရန် ဆန္ဒပြုသူကို လစဉ် ကျပ် ၃ သိန်းနှုန်း ထောက်ပံ့မည်၊ သင်တန်းတက်ရန် စတင်ဆင့်ခေါ်ခံရသည်နှင့် တစ်နှစ်စာ ၃၆ သိန်း ပေးမည်ဟု အုပ်ချုပ်ရေးမှူးများက ပြောဆိုနေသည့် ရုပ်သံတစ်ခု အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။

“သူတို့ပေးမယ်ပြောနေတဲ့ထောက်ပံ့ကြေးက ရပ်ကွက်ကလူတွေဆီကနေ ကောက်ပြီးပေးမယ့် သဘောဖြစ်သွားတာပေါ့။ သူတို့အိတ်ထဲက ပေးမှာမဟုတ်ဘဲ ပြည်သူ့ပိုက်ဆံနဲ့ပေးမယ့်သဘောပဲ” ဟု မန္တလေးမြို့သားတစ်ဦးက ပြောသည်။

နေပြည်တော်တွင်လည်း အလားတူ အစီအစဉ်ရှိကြောင်း အုပ်ချုပ်ရေးမှူးများက အသိပေးထားသည်ဟု ကိုယ်တိုင်ကြုံတွေ့သူတို့က ပြောသည်။

နေပြည်တော် ဇဗ္ဗူသီရိ၊ လယ်ဝေး၊ ပျဉ်းမနားမြို့နယ်တို့ရှိ ရပ်ကွက်ကျေးရွာတချို့တွင် စစ်မှုထမ်းသူ ခရီးစရိတ်နှင့် မိသားစုအတွက် ထောက်ပံ့စရိတ် တစ်အိမ်ထောင်လျှင် ကျပ် ၃၀၀၀ မှ တစ်သောင်းထိ ကောက်ခံမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးများက ခေါ်ယူပြောဆိုခဲ့သည်ဟု ဇဗ္ဗူသီရိမြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ရပ်ကွက်နှင့် ကျေးရွာများတွင် တည်ရှိနေသည့် လူဦးရေအရေအတွက်အပေါ် မူတည်၍ ကောက်ခံသည့်နှုန်းထား မတူညီဟု ဆိုသည်။

“စစ်မှုထမ်းပါတဲ့သူတွေကို ရပ်ကွက်ထဲ ပိုက်ဆံရှိတဲ့သူတွေက သနားလို့ ထောက်ပံ့တာရှိတယ်၊ ခု အုပ်ချုပ်ရေးမှူးကတော့ စစ်သင်တန်းတက်ရင် တစ်အိမ်ထောင် ၅၀၀၀၊ စစ်မှုထမ်းနဲ့ တာဝန်ထမ်းဆောင်ရင် မိသားစုထောက်ပံ့ဖို့ တစ်လကို ၃၀၀၀ ဆိုပြီး ပြောတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ ရန်ပြုလာနိုင်သဖြင့် ဝင်ငွေနည်းပါး ကျပ်တည်းနေသူများလည်း ထည့်ဝင်ကြမည်ဖြစ်ကြောင်း ပျဉ်းမနားမြို့နယ်မှ လက်လုပ်လက်စား အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့က တစ်ရက်မှ ၅၀၀၀ လောက် ရတာ၊ နေ့စဉ်အလုပ်က ပုံမှန်ရှိတာ မဟုတ်တော့ မလွယ်ပေမဲ့ ထည့်ရမှာပဲ၊ သူတို့လုပ်ပြီး ကိုယ်တွေပြည်သူက ထည့်ရတာတော့ သဘောမကျဘူး” ဟု ဆိုသည်။

ထိုသို့ ငွေကြေးကောက်ခံခြင်းသည် အထက်က ကောက်ခံခိုင်းခြင်းမဟုတ်ဘဲ စာနာစိတ်ဖြင့် ကူညီရန် စီစဉ်ကြခြင်းဖြစ်ကြောင်း နေပြည်တော်မှ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင်မူ အုပ်ချုပ်ရေးမှူးက မဲမနှိုက်တော့ဘဲ ထောက်ပံ့ကြေးယူပြီး တပ်ထဲသွားမည့်သူတို့ကို ရှာဖွေမည်၊ ထိုသူတို့ကို ပေးရန် တစ်အိမ်လျှင် ကျပ် ၅၀၀၀ ကောက်ယူမည်ဖြစ်ကြောင်း ရွာခံများကို မတ် ၁၈ ရက်နေ့က ခေါ်ယူပြောဆိုခဲ့သည်ဟု သိရသည်။

“ရွာခံတွေကလည်း သဘောတူတော့ နောက်တစ်နေ့မှာ ဆယ်အိမ်မှူးက တစ်အိမ်တက်တစ်အိမ်ဆင်း ပိုက်ဆံ ၅၀၀၀ လာကောက်တယ်လို့ ပြောပါတယ်” ဟု တွံတေးဒေသခံတစ်ဦးက ရွာခံများကို ကိုးကား၍ ပြောသည်။

“နောက်နေ့ကျတော့ စစ်တပ်ဘက်က လက်မခံဘူးဆိုပြီး ရွာမှာ မဲပြန်နှိုက်ပြီး ၅ယောက် ရွေးသွားတယ်လို့ ပြောပါတယ်။ ပိုက်ဆံ ၅၀၀၀လည်း အခုထိ ပြန်မရဘူးလို့ပြောပါတယ်”

စစ်မှုထမ်းရန် အသက်အကျုံးဝင်သူ တစ်ဦးဦးသည် နေအိမ်တွင် မရှိပါက၊ ကျန်ရှိသည့် မိဘအုပ်ထိန်းသူ သို့မဟုတ် ဆွေမျိုးသားချင်းတစ်ဦးဦးက ခိုင်လုံသည့် အကြောင်းပြချက် ပေးနိုင်ရမည်ဟု စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ထုတ်ဖော်ပြောထားသည်။

အကြောင်းပြချက်မခိုင်လုံပါက ‘တရားခံပြေး’ အဖြစ် သတ်မှတ်မည်ဖြစ်ပြီး စစ်မှုမထမ်းလို၍ တိမ်းရှောင်ပါက အုပ်ထိန်းသူကို အရေးယူ၊ မယူရန် ကိစ္စကို မကြာခင် ထွက်ရှိလာမည့် စစ်မှုထမ်းနည်းဥပဒေတွင် ထည့်သွင်းသွားမည်ဟုလည်း ဆိုသည်။

စစ်သင်တန်းတက်ပြီးပါက တပ်ထဲ ရှိနေသည့် စစ်သားများ၏ ရနေသည့် လစာ၊ ရိက္ခာအတိုင်း ပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြောထားသည်။

ဤအခြေအနေကြောင့် ခရီးစရိတ်နှင့် အဆက်အသွယ်ရှိသော လူငယ်လူရွယ်အများအပြားသည် နယ်စပ်နှင့် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခြင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ခိုလှုံခြင်းများ ရှိနေသည်။

၂၀၂၁ ခုနှစ် ကိုဗစ်ကပ်ဘေးကြောင့် လူအများအပြား သေဆုံးနေချိန်တွင် စစ်တပ်က မဲစာရင်းမှားသည်ဟု အကြောင်းပြပြီး အာဏာသိမ်းရာ လမ်းပေါ်ထွက် ဆန့်ကျင်ဆန္ဒပြမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ နိုင်ငံအနှံ့ ဆန္ဒပြသူများ ပစ်သတ်ခံရသဖြင့် ခုခံလိုသူ လူငယ်အများအပြားက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် စစ်ပညာသင်ယူခဲ့ကြသည်။

နိုင်ငံအနှံ့တွင် ထိုးစစ်ဆင်ခံနေရသည့် စစ်တပ် အထိနာနေပြီး စစ်သည်အင်အား အရေးတကြီးလိုအပ်နေချိန်တွင် စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ လူငယ်များကို စုဆောင်းနေခြင်း ဖြစ်သည်။

စစ်တပ်က နိုင်ငံအနှံ့အပြားတွင် သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခြင်းတို့ကြောင့် နာမည်ပျက်နေ၍ စစ်ကောင်စီတပ်နှင့် ပူးပေါင်းရန် အများစုက ဝန်လေးနေကြသည်။

Show More

Related Articles

Back to top button