သတင်း

ရွေးကော်ရုံးရှေ့ဆန္ဒပြသူများမှာ ပြည်ခိုင်ဖြိုးဝန်ကြီးဟောင်း၏ ဇာတိရွာမှဖြစ်နေ 

ပြည်ခိုင်ဖြိုးပါတီ ရှုံးနိမ့်ခဲ့သည့် ရွေးကောက်ပွဲရလဒ်ကို မကျေနပ်၍ လှည်းကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် နိုဝင်ဘာ ၁၀ ရက်က “ကာကွယ်ရေးဦးစီးချုပ် ဦးမင်းအောင်လှိုင် ကူညီပါ” ဟု ကြွေးကြော်ကာ ဦးဆောင်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က တရားစွဲဆိုထားပြီး လိုက်လံရှာဖွေနေကြောင်း သိရသည်။ 

ခွင့်ပြုချက်မဲ့ ဆန္ဒပြတောင်းဆိုရာတွင် ဦးဆောင်ပါဝင်ခဲ့သူ တပ်မတော်သားဟောင်း ဦးထွန်းထွန်းဦး၊ ဦးသီဟအောင်နှင့် ဒေါ်လွင်မြတ်နိုး (ခ) နိုးနိုးတို့ ၃ ဦးကို ငြိမ်းစုစီ (ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ) ဥပဒေ၊ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုထားသည်ဟု လှည်းကူးမြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်စိုးဟိန်းက Myanmar Now ကို ပြောသည်။ 

ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ဝန်းရံသူ ၇၀ ခန့်က “ကာကွယ်ရေးဦးစီးချုပ်ကနေတစ်ဆင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို အမြန်ဆုံး ဆောင်ရွက်ပေးစေချင်ပါတယ်” ဟု ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် အော်ဟစ်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ 

ဆန္ဒပြတောင်းဆိုရာတွင် ဦးဆောင်ပါဝင်ခဲ့သူများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက်တွင် လျှပ်စစ်ဝန်ကြီးဖြစ်ခဲ့သူ ဦးခင်မောင်စိုး၏ မွေးရပ်ဇာတိ ဖောင်ကြီးအနောက်ကျေးရွာမှ အပါအဝင် ဖောင်ကြီးအရှေ့နှင့် မင်းကုန်းကျေးရွာမှဖြစ်သည်ဟု သိရသည်။ 

ထိုဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်ခဲ့၍  ငြိမ်းစုစီဥပဒေ ပုဒ်မ (၁၉) ဖြင့် ရဲက အလိုရှိနေသော တပ်မတော်သားဟောင်း ဦးထွန်းထွန်းဦးမှာ မင်းကုန်းကျေးရွာအုပ်စု၊ ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယစည်းရုံးရေးမှူးတစ်ဦး ဖြစ်သည်ဟု မင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

လှည်းကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် ဆန္ဒပြမှုကို ဦးဆောင်ခဲ့သူများဖြစ်သည့် မင်းကုန်းကျေးရွာနေ ဦးထွန်းထွန်းဦးနှင့် ဦးသီဟအောင်တို့ ၂ ဦးကို နိုဝင်ဘာ ၁၁ နံနက်ပိုင်းတွင်  ရဲတပ်ဖွဲ့က လာရောက်ရှာဖွေခဲ့သည်ဟုလည်း မင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးက Myanmar Now ကို ပြောသည်။

ယခင်အစိုးရလက်ထက်က လျှပ်စစ်ဝန်ကြီးဟောင်း ဦးခင်မောင်စိုးမှာ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်လောင်းကို မဲအရေအတွက် ငါးသောင်းကျော်အကွာဖြင့် ရှုံးနိမ်ခဲ့သည်။ 

NLD ပါတီကိုယ်စားလှယ် ဦးသိန်းတန်က ထောက်ခံမဲ ၁၀၈,၀၂၄ ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးအစိုးရလက်ထက် လျှပ်စစ်ဝန်ကြီးဟောင်းဖြစ်သူ ဦးခင်မောင်စိုးက ထောက်ခံမဲ ၅၈,၀၃၆ သာ ရရှိခဲ့သည်။ 

ဦးခင်မောင်စိုးသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ၎င်း၏ မဲဆန္ဒနယ်ဟောင်းဖြစ်သည့် လှည်းကူးမြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သည်။

ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးဝန်ကြီးဟောင်း ဦးခင်မောင်စိုး ရှုံးနိမ့်ပြီးနောက် ၎င်း၏ဇာတိကျေးရွာမှ ပြည်ခိုင်ဖြိုးထောက်ခံသူများက လှည်းကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ 

ထိုဆန္ဒပြပွဲတွင် ဖောင်ကြီးအရှေ့ကျေးရွာအုပ်စုမှ ပြည်ခိုင်ဖြိုးပါတီဝင်နှင့် ပါတီဝန်းရံသူများလည်း ပါဝင်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီအင်္ကျီ ဝတ်ဆင်ထားသူများအပါအဝင် ကားသုံးစင်းဖြင့် ထွက်ခွာသွားသည်ကို မြင်တွေ့ခဲ့ရသည်ဟု ဖောင်ကြီးအရှေ့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဦးက Myanmar Now ကို ပြောသည်။

ထို့နောက် နယ်မြေရဲစခန်းက အကူအညီတောင်းလာ၍ ဆန္ဒပြပွဲတွင် ပါဝင်သူများကို မင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ဖောင်ကြီးအနောက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်စုံစမ်းပေးခဲ့ရသည်ဟု ၎င်းက ပြောသည်။

“အတိအကျတော့ မမြင်ရ၊ မကြားရတော့ မသိဘူးပေါ့ဗျာ။ ဒါပေမယ့်လည်း ဒီလိုထွက်လာမှတော့ ဒီလူတွေ (ပြည်ခိုင်ဖြိုးပါတီဝင်တွေ) မစီစဉ်ဘဲနဲ့ ဘယ်သူက ထွက်လာမှာလဲ” ဟု ဖောင်ကြီး အရှေ့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဦးက ပြောသည်။

ထိုဆန္ဒပြပွဲတွင် ပါဝင်သူများသည် ရွေးကောက်ပွဲမတိုင်ခင်က မဲရုံထားရှိရာ နေရာများသို့ လူစုလူဝေးဖြင့် လာရောက်ခဲ့သည်ဟု ဖောင်ကြီးဒေသခံများက ပြောသည်။

ဆန္ဒပြပွဲတွင် ပါဝင်၍ ရဲတပ်ဖွဲ့က အလိုရှိနေသူ ဦးသီဟအောင်၊ ပြည်ခိုင်ဖြိုးပါတီဝင် ဦးလှဆောင်နှင့် ဆန္ဒပြပွဲတွင် ပါဝင်သူများသည် နိုဝင်ဘာ ၄ ညက ကြိုတင်မဲပုံးများထားရှိရာ မဲရုံသို့ အုပ်စုဖွဲ့ လာရောက်ခဲ့သဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်ဟု ဖောင်ကြီးအရှေ့ကျေးရွာအုပ်စု၏ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမျိုးမြင့်နိုင်က ပြောသည်။

လှည်းကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ ဖောင်ကြီး အနောက်ကျေးရွာအုပ်စု၊ သပြေတောင်ကျေးရွာ မှ မဇင်မာဝင်းက Myanmar Now က တွေ့ဆုံမေးမြန်းခဲ့ရာတွင် ဆန္ဒပြမည်ကို မသိရှိရဘဲ လှည်းကူးမြို့ကို သွားရောက်မည်ဟုသာ သိရှိခဲ့ရပြီး ခင်မင်ရင်းနှီးသူများ ပါဝင်သောကြောင့် လိုက်ပါသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးရှေ့၌လည်း နိုဝင်ဘာ ၁၁တွင် လူအချို့က ရွေးကောက်ပွဲ တရားမျှတမှု မရှိဟုဆိုကာ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး မည်သည့်ပါတီဝင်မှ မဟုတ်ဘဲ ပြည်သူများသာဖြစ်သည်ဟုလည်း ထိုဆန္ဒပြသူများက ပြောဆိုသည်။ 

လက်ရှိရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်သဖြင့် တပ်မတော်နှင့်ပူးပေါင်း၍  ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် ပြည်ခိုင်ဖြိုးပါတီက တောင်းဆိုထားသည်။ 

ရွေးကောက်ပွဲနှင့် ပတ်သက်၍ အငြင်းပွားမှုများရှိပါက ဥပဒေကြောင်းအရ သက်ဆိုင်ရာကော်မရှင်တွင် တိုင်တန်းနိုင်ပြီး အခြေအမြစ်မရှိသော စွပ်စွဲချက်များကို ထည့်သွင်းစဉ်းစားမည် မဟုတ်ဘဲ ရွေးကောက်ပွဲရလဒ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ရှိအချိန်ထိ ထုတ်ပြန်ထားသော ရွေးကောက်ပွဲရလဒ်များအရ အာဏာရ NLD ပါတီသည် ပြည်ထောင်စုလွှတ်တော်တွင် အစိုးရဖွဲ့စည်းရန် လိုအပ်သည့် ရွေးကောက်ခံကိုယ်စားလှယ်အရေအတွက် ၃၂၂ ကို ကျော်လွန်ပြီး အနိုင်ရရှိနေပြီဖြစ်သည်။ 

Show More

Related Articles

Back to top button