
ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ ကမ်းနီရွာကို ယမန်နေ့ (မတ်လ ၁၂ရက်) နံနက်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲရာ ဆယ်နှစ်အောက် ကလေး ၃ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးသွားသည်။
နံနက် ၁၁ နာရီခန့်တွင် မြို့ပေါ်ရှိ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်စခန်းက ပစ်ခတ်ရာ မြစ်အနောက်ဘက်ကမ်းရှိ ကမ်းနီ၊ စင့်ကင်၊ မိုးစိမ်းကျွန်း၊ မိုင်းကာ စသည့် ကျေးရွာများကို ထိခိုက်ခဲ့သည်ဟု သိရသည်။
ကမ်းနီတွင် သေဆုံးသည့် အမျိုးသမီး ၂ ဦးအနက် တစ်ဦးမှာ ကလေး ၃ ဦး၏ အသက် ၃၀ အရွယ် မိခင်ဖြစ်သည်ဟု ဗန်းမော်ဒေသခံတစ်ဦးက ပြောသည်။
“ညတိုင်းနီးပါး ပစ်နေတာ၊ အရင်ရက်တွေကလည်း အဲဒီရွာတွေကို (လက်နက်ကြီး) တောက်လျှောက် ကျတယ်” ဟု အသက် ၅၀ ခန့်အရွယ် အထက်ပါ အမျိုးသားက ပြောသည်။
ရုပ်အလောင်းများကို ယနေ့နံနက်တွင် သင်္ဂြိုဟ်စီးသွားသည်ဟု ဆိုသည်၊ ၎င်းတို့၏ အမည်များကိုမူ မသိရသေးပေ။
မတ်လ ၈ ရက်နေ့ ညက KIA နှင့် ပူးပေါင်းအဖွဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗန်းမော်လေယာဉ်ကွင်းနှင့် ဂေါက်ကွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။
ထို့ကြောင့် အဆိုပါ ရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် လက်တုံ့ပြန်ပစ်ခတ်ခြင်း ဖြစ်သည်ဟု ဒေသခံများက ယူဆသည်။
ပြီးခဲ့သည့် ၇ ရက်အတွင်း စစ်ကောင်စီက ဗန်းမော်ဒေသအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိပေ။
ကချင်ပြည်နယ်တွင် KIA ဦးဆောင်သည့် တပ်များက တိုက်ပွဲများ ဖော်ဆောင်ပြီး စစ်ကောင်စီတပ်၏ ဗျူဟာမြောက်စခန်းများကို ဆက်လက်တိုက်ခိုက်နေသည်။
ပြီးခဲ့သည့် မတ် ၇ ရက်က မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးတစ်လျှောက် စခန်းအများအပြားကို သိမ်းပိုက်ခဲ့သည်၊ တိုက်ပွဲဖြစ်ပွားသည့် အချို့နေရာများသည် ဗန်းမော်မြို့နှင့် မိုင် ၂၀ ကျော်ခန့်သာ ကွာဝေးသည်။
ဗန်းမော်မြို့၏ တောင်ဘက် ၁၂ မိုင်ခန့်အကွာတွင်ရှိသည့် မံစီမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်းများကို ဖေဖော်ဝါရီလအတွင်း KIA က တိုက်ခိုက် သိမ်းပိုက်ထားသည်။
တိုက်ပွဲများ မြို့နှင့် တဖြည်းဖြည်း နီးကပ်လာရာ မတ်လ ၈ ရက်နေ့တွင် စစ်တပ်က မြို့မြောက်ဘက်တွင်ရှိသည့် ဗန်းမော် တက္ကသိုလ်ဝင်းနှင့် ဘုန်းကြီးကျောင်းတို့တွင် ဝင်ရောက်တပ်စွဲထားသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“မြို့အထွက်က ဘုန်းကြီးကျောင်းမှာလည်း တပ်စွဲထားတယ်။ မြို့အပြင်က စစ်ရှောင်လာတဲ့ လူတွေလည်း အဲဒီဘုန်းကြီးကျောင်းထဲမှာပဲလေ၊ သူတို့က နေရာတကာကို ရောက်နေပြီး မြို့ပေါ်မှာလည်း ကင်းပုန်းတွေချထားတယ်” ဟု သူက ဆိုသည်။
ထို့ပြင် မတ် ၉ ရက်နေ့ ညပိုင်းတွင် ဗန်းမော်မြို့ပေါ်ရှိ ရောဘတ်စစ်ရှောင်စခန်းမှ အမှုတော်ဆောင် သင်းအုပ်ဆရာတော်တစ်ပါး အပါအဝင် စစ်ရှောင်အမျိုးသား ၁၇ ဦးကို စစ်တပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံတချို့က ပြောသည်။
ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့နှင့် အနီးဆုံးဖြစ်သည့် ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေသလို ကျောက်စိမ်းမြို့တော် ဖားကန့်တွင်လည်း ပူးပေါင်းတပ်များက စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်နေသည်။