အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကချင်ပြည်နယ်  မြို့နယ် ၅ ခုကို စစ်တပ်ဗုံးကြဲတိုက်ခိုက်

စစ်တပ်သည် အောက်တိုဘာလ ၂၂ ရက်နေ့တစ်ရက်တည်းတွင် ခေါင်လန်ဖူး၊ ဆော့လော်၊ ဗန်းမော်၊ ဝိုင်းမော်နှင့် ဖားကန့်မြို့နယ်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ကချင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်(KIA)တို့ တိုက်ပွဲများ ပြင်းထန်နေပြီး အောက်တိုဘာလ ၂၁ ရက်မှ ယနေ့အထိ စစ်တပ် ကချင်ဒေသ မြို့နယ် ငါး ခုတွင် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်(KIA)နှင့် ဒေသခံများထံက သိရသည်။

အောက်တိုဘာလ ၁၉ ရက်က ခေါင်လန်ဖူးမြို့နယ် တောင်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် ရှီလန်ဒမ်းကျေးရွာအနီးရှိ ပြည်သူ့စစ်စခန်းကုန်းတစ်ခုကို KIA တပ်များက သိမ်းပိုက်နိုင်ခဲ့သလို အောက်တိုဘာလ ၂၁ ရက်နေ့တွင် မခေါင်ဒမ်းကျေးရွာ ဆုတောင်းကုန်းရှိ ပြည်သူ့စစ်စခန်းတစ်ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

စခန်းနှစ်ခု လက်လွှတ်ရပြီးနောက် စစ်ကောင်စီတပ်က ခေါင်လန်ဖူးမြို့နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ဆော့လော်မြို့နယ် လန်ဆယ်ဒေသရှိ ကျေးရွာအချို့ကို အောက်တိုဘာလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KIA နှင့် နီးစပ်သူ ကချင်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အကုန်ကြဲတာပဲ သူတို့နာပြီဆိုရင် ကြဲပြီ မနေ့ကအထိ လေကြောင်းက မနည်းဘူးပဲ။ လန်ဆယ်နားတဝိုက်ကို ဗုံးအလုံးရေ ၂၀ ကျော်မယ်ထင်တယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

လန်ဆယ်ကျေးရွာနှင့် မိုင်အနည်းငယ်သာဝေးသည့် လာချင်ကျေးရွာအုပ်စုအတွင်းရှိ နာပေဖုံရွာအနီးတွင်လည်း ဗုံးအချို့ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အချို့ နှင့် ဘုရားရှိခိုးကျောင်းတစ်ခု ပျက်စီးခဲ့သည်ဟု သိရကာ ဒေသခံ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုမူ အတည်မပြုနိုင်သေးဟု အထက်ပါ အမျိုးသားက ပြောသည်။

ခေါင်လန်းဖူးမြို့နယ်အတွင်းရှိ ပြည်သူ့စစ် စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ကြောင်းကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီနော်ဘူက အတည်ပြုထားသည်။

“စစ်ကောင်စီကနေ ရှေ့တန်းထွက်ပြီးမှ နေရာယူထားတဲ့ စခန်းတွေသိမ်းတာရှိပါတယ်။ သူတို့လည်း ဆုတ်သွားတာပေါ့ အဲဒီနေရာကို ကျွန်တော်တို့လည်း သိမ်းပြီးမှ နေရာပြန်ယူထားတာတွေရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ တစ်ရက်တည်းတွင် ခေါင်လန်ဖူးနှင့် ဆော့လော်မြို့နယ်များအပြင် ဗန်းမော်၊ ဝိုင်းမော်နှင့် ဖားကန့်မြို့နယ်တို့ကိုလည်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယမန်နေ့က ဝိုင်းမော်မြို့နယ် အရှေ့ဘက်ရှိ တိုက်ပွဲပြင်းထန်နေသည့် ရွှေညောင်ပင်ရွာအနီးကို စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ သုံး ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု KIA ပြန်ကြားရေးက ယမန်နေ့က ထုတ်ပြန်ထားသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ လမြန်ရွာအနီးတွင်လည်း နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကို အဆက်မပြတ်ပြုလုပ်နေသည်ဟု KIA ပြန်ကြားရေးထံက သိရသည်။

ယမန်နေ့ ညကလည်း ဖားကန့်မြို့အနီးရှိ KIA ၏ တပ်ရင်း ၆ အခြေစိုက်နေရာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဗုံးကြဲတာကတော့ သေချာတယ်​ (ဗုံး)အလုံးတောင်မှ ၂၀၊ ၃၀ ကြဲတာ။ ထိခိုက်မှုကတော့ အခုထက်ထိကတော့ မကြားရသေးပါဘူး။ ကျွန်တော်တို့လည်း မေးတော့မေးထားပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်ကလည်း တပ်ရင်း ၆ အနီးကို စစ်တပ်က ဗုံးအလုံးရေ ၄၀ နီးပါး ကြဲချခဲ့ပြီး မူးယစ်ဆေးဖြတ်ဆောင်မှ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

လတ်တလော ဖားကန့်တွင် တိုက်ပွဲများ ငြိမ်သက်နေပြီး စစ်တပ်က ဖားကန့်ရှိ တပ်များမှ အင်အားအချို့ကို ပြန်လည် ရုပ်သိမ်းထားသည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့က လုံးခင်းကျေရွာကျောက်ဝိုင်းအနီးတွင် စစ်တပ်က သေနတ်ပစ်ဖောက်ခဲ့သည့်အတွက် ဒေသခံ ကျောက်စိမ်းရောင်းဝယ်သူများ ဝရုန်းသုန်းကား ထွက်ပြေးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ဆော့လော်၊ ခေါင်လန်ဖူး၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့များတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဗန်မော်မြို့ တောင်ဘက်ရှိ စစ်ကောင်စီ ခြေလျှင်တပ်ရင်း ခလရ(၄၇)တွင် တိုက်ပွဲများ ပြင်းထန်နေပြီး ယနေ့နံနက်တွင် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဗန်းမော်တွင် ထိန်းချုပ်ဧရိယာများ ချဲ့ထွင်ရန် နှစ်ဖက်တပ်များ အပြန်အလှန် ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး တိုက်ပွဲပြင်းသည့်နေ့များတွင် စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လေ့ရှိသည်ဟု အထက်ပါ KIA နှင့် နီးစပ်သူ ကချင်ဒေသခံ အမျိုးသားက ပြောသည်။

“ဒီနေ့လည်း ဗန်းမော်ဘက် ကြဲတယ်၊ ၄၇ ဘက် ထပ်သိမ်းထားတယ်။ ရှုံးတော့ ထပ်လာကျဲတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ကချင်ဒေသတွင်းရှိ တိုက်ပွဲဖြစ်ပွားသည့် ဒေသများသာမကဘဲ ဒေသအချို့တွင်လည်း စစ်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေကြာင်းဗုံးကြဲမှုများအပြင် စစ်ကြောင်းများဖြင့် မြေပြင်စစ်ရေးလှုပ်ရှားမှုများလည်း ရှိနေသည်ဟု သိရသည်။

လာမည့် ဒီဇင်ဘာလတွင်ပြုလုပ်ရန် စိုင်းပြင်းနေသည့် စစ်တပ်၏ ရွေးကောက်ပွဲကို ကချင်ပြည်နယ်တွင်လည်း အထမြောက်ရန်အတွက် စစ်တပ်က ကြိုးစားရာတွင် အထက်ပါ စစ်ရေးနည်းလမ်းများဖြင့်ပါ ခြိမ်းခြောက်စည်းရုံးနေသည်ကို တွေ့ရသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြီးခဲ့သည့်နှစ် မတ်လ ၇ ရက်မှစတင်သည့် KIA ၏ ကချင်ပြည်နယ် ထိုးစစ်အတွင်း စစ်တပ်၏ ရာနှင့်ချီသည့် တပ်စခန်းများနှင့် မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ရရှိလာသည့် စစ်အင်အားများဖြင့် အာဏာသိမ်းစစ်တပ်က ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ထိုးစစ်ဆင်မှုများပြန်လည်ပြုလုပ်လာနိုင်သော်လည်း ဆုံးရှုံးလက်လွှတ်ခဲ့ရသည့် မြို့နယ်များနှင့် နယ်မြေများ၏ ရာခိုင်နှုန်းအနည်းငယ်ကိုသာ ပြန်လည်သိမ်းပိုက်နိုင်သည်။

Related Articles

Back to top button