
လနှင့်ချီတိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ် ဗန်းမော်မြို့အနောက်ဘက်ရှိ စစ်ဘေးရှောင်အများစု နေထိုင်သည့် ကျေးရွာအတွင်း စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂၂ ဦး သေဆုံး၍ ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့နှင့် ငါးမိုင်အကွာ၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းနဖူးပေါ်ရှိ ရွာချင်းဆက်နေသည့် ထီးလင်းရွာနှင့် ကောင်ဂျာကို ယမန်နေ့ ညနေ ၄နာရီခွဲခန့်တွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် လေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဗုံးကြဲမှုအတွင်း လူပေါင်း ၂၀ ကျော်သည် နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူ ၂၈ ဦးသည် ဆေးကုသမှုခံယူနေရဆဲဖြစ်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“စစ်ရှောင်ရွာလည်းဖြစ်ပါတယ်။ ရက်လည်ဆုတောင်းဖို့ ပြင်ဆင်နေတဲ့အချိန်မှာ (ဗုံးကြဲတာ)လို့ ပြောပါတယ်။ အသားတွေ ဘာတွေ ချက်ဖို့ လူစုနေတဲ့အချိန်ဖြစ်ပါတယ်။ အဲဒီနေရာမှာ တိုက်ပွဲတွေ မရှိဘူး။ လက်နက်ကိုင်တွေလည်း ဘယ်သူမှဖြတ်သန်းတာမရှိဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“သေဆုံးတဲ့သူတွေထဲမှာတော့ အခုချိန်ထိ အသက်အရွယ်တွေ၊ ကျား၊ မတွေ ခွဲခြားလို့မရသေးပါဘူး”
သေဆုံးသူများသည် အသက် ၃၀နှင့် ၄၀ အရွယ်များဖြစ်ကြောင်း သိရသော်လည်း အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။
ကောင်ဂျာရွာတွင် အသက် ၈၀ အရွယ် အမျိုးသားတစ်ဦး လူကြီးရောဂါဖြင့် သေဆုံးထားရာ ဇန်နဝါရီလ ၂၃ ရက် တွင် မြေချသင်္ဂြိုဟ်မည်ဖြစ်၍ ယမန်နေ့ ညနေပိုင်းတွင် နာရေးအတွက် အစားအသောက်ချက်ပြုတ်ရေး၊ ဆုတောင်းပေးရေးအတွက် စုဝေးနေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
အခြားစစ်ဘေးရှောင်အရေးဆောင်ရွက်နေသူတစ်ဦးကလည်း လမ်းတစ်ခုသာခြားသည့် ထီးလင်းရွာနှင့် ကောင်ဂျာရွာတို့သည် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များ ခိုလှုံနေသည့် ကျေးရွာများဖြစ်ပြီး ဗုံးကြဲမှုအတွင်း သေဆုံးသူများအနက် ရွာခံများအပြင် စစ်ဘေးရှောင်များလည်း ပါဝင်သည်ဟု ဆိုသည်။
“တချို့တွေတော့ ဗုံးကြောင့် ခေါင်းပါပြတ်သွားတယ်”ဟု ၎င်းက ပြောသည်။
ဒဏ်ရာရရှိသူ ၂၈ ဦးအနက် အသက် နှစ်လအရွယ်နှင့် ခုနစ်နှစ်အရွယ် မိန်းကလေးနှစ်ဦး၊ မသန်စွမ်းနှစ်ဦးလည်း အပါအဝင်ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူနှင့် အခြားသတင်းရင်းမြစ်နှစ်ဦးက ပြောသည်။ နှစ်လအရွယ် မိန်းကလေး၏ မိဘနှစ်ဦးသည် ဗုံးကြဲမှုအတွင်း သေဆုံးသွားကြောင်း သိရသည်။
ဗုံးကြဲခံရသည့် ထီးလင်း၊ ကောင်ဂျာရွာတစ်ဖက်ကမ်းရှိ ဗန်းမော်မြို့တွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲများသည် ပြင်ထန်စွာဖြစ်ပွားနေဆဲဖြစ်သည်။
ထို့အပြင် စစ်တပ်က လာမည့် တနင်္ဂနွေတွင် ပြုလုပ်မည့် ၎င်းတို့စိတ်တိုင်းကျ အကွက်ချစီစဉ်ထားသည့်ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပမည့်နယ်မြေများတွင် ဗန်းမော်မြို့လည်း ပါဝင်သည်။
ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပမည့် နယ်မြေများတွင် ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ မံစီ၊ မိုးမောက်၊ ရွှေကူနှင့် ဖားကန့်မြို့တို့ကို စစ်တပ်က ကနဦးထည့်သွင်းထားခဲ့သည်။ သို့သော် မံစီမြို့နယ်၊ မိုးမောက်မြို့နယ်တို့တွင် ရွေးကောက်ပွဲမကျင်းပတော့ကြောင်း၊ဗန်းမော်မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာ ၁၁ ခုတွင် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် စစ်တပ်ထိန်းချုပ် သတင်းစာတွင် ထုတ်ပြန်ထားသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၂၃ ခုနှစ်တွင် ကောက်ယူထားသည့် စာရင်းအရ ဗန်းမော်မြို့သည့် ရပ်ကွက် ၁၆ ခု၊ ကျေးရွာအုပ်စု ၄၂ ခုရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်က ဗန်းမော်မြို့ပေါ် ရပ်ကွက် ၃ ခုနှင့် ကျေးရွာအုပ်စု ၄၀ တွင် ရွေးကောက်ပွဲမကျင်းပနိုင်မည်မဟုတ်ကြောင်း ကြေညာထားပြီးဖြစ်ရာ ရပ်ကွက် ၃ ခုနှင့် ကျေးရွာ ၁ အုပ်စုသာရွေးကောက်ပွဲကျင်းပတော့မည့်အနေအထားဖြစ်သည်။
မိုးမောက်နှင့် မံစီမြို့တို့သည် KIA သိမ်းပိုက်အုပ်ချုပ်နေသည့် နယ်မြေများဖြစ်ကြောင်း၊ ဗန်းမော်မြို့ပေါ်တွင်လည်း လက်ကျန်စစ်တပ်စခန်းများကို ထိုးစစ်ဆင်နေသည့် KIA နှင့် စစ်တပ် တိုက်ပွဲများသာရှိပြီး ဒေသခံလူထုမရှိတော့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ဗန်းမော်မှာလည်း သူတို့ မဲပုံးထောင်၊ မဲဆွယ်ဖို့ဆိုတာကတော့ အခုလောလောဆယ်အခြေအနေနဲ့ ရနိုင်ဖွယ်မရှိပါဘူး။ ဒါပေမဲ့ တစ်ခုရှိတာက တခြားလုံခြုံတဲ့ နယ်မြေမှာ မဲပုံးထောင်ပြီးမှ မဲထည့်ခိုင်းတာမျိုးတွေ လုပ်ရင်တော့ အဲဒီလိုပုံစံမျိုးပဲရမှာပါ။ အဲဒီလိုလုပ်ပြီးမှ ဗန်းမော်ရဲ့ မဲပြားတွေဆိုပြီးတော့မှ လိမ်လည်ဖို့ကတော့ ရကောင်းရနိုင်ပါတယ်။ မဲပုံးထောင် မဲထည့်ခိုင်းတာကတော့ (ဗန်းမော်)မြို့တွင်းမှာ မရနိုင်ပါဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
လာမည့်တနင်္ဂနွေနေ့တွင် ရွှေကူမြို့ပေါ်နှင့် ဖားကန့်မြို့ပေါ်နေရာအချို့တွင်သာ စစ်တပ်ရွေးကောက်ပွဲကျင်းပနိုင်ဖွယ်ရှိရာ ရွေးကောက်ပွဲမကျင်းပနိုင်သည့်နေရာများတွင် လေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်လာနိုင်သည်ဟု ၎င်းက သတိပေးသည်။



