
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ကယားတစ်ပြည်နယ်လုံးရှိ လွှတ်တော်မဲဆန္ဒနယ် ၃၄ နေရာအနက် နေရာ ၂၀ အနိုင်ရရှိခဲ့ကြောင်း ယနေ့ (နိုဝင်ဘာ ၉) တွင် ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးသောင်းဌေးက Myanmar Now ကို ပြောသည်။
NLD သည် ပြည်သူ့လွှတ်တော် ၇ နေရာအနက် ၄ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာအနက် ၇ နေရာ၊ ပြည်နယ်လွှတ်တော် ၁၅ နေရာအနက် ၈ နေရာနှင့် ဗမာတိုင်းရင်းသားရေးရာ ပြည်နယ်ဝန်ကြီးနေရာတို့တွင် အနိုင်ရခဲ့ခြင်းဖြစ်သည်။
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖားဆောင်းနှင့် မယ်စဲ့ မြို့နယ်လေးခုတွင် NLD က ရာနှုန်းပြည့် အနိုင်ရခဲ့သော်လည်း ဘောလခဲ၊ ရှားတောနှင့် ဖရူဆိုတို့တွင် လွှတ်တော်တစ်နေရာမှ အနိုင်မရခဲ့ပေ။
ပြည်နယ်အခြေစိုက်ပါတီဖြစ်သည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) က လွှတ်တော်သုံးရပ်လုံးအတွက် ၈ နေရာဖြင့် ဒုတိယအများဆုံး အနိုင်ရခဲ့သည်။ ဖရူဆိုနှင့် ရှားတောမြို့နယ်တို့တွင် ပြည်သူ့လွှတ်တော် ၂ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာနှင့် ပြည်နယ်လွှတ်တော် ၃ နေရာ အနိုင်ရခဲ့ခြင်းဖြစ်သည်။
ကယားတစ်ပြည်နယ်လုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ပြည်သူ့လွှတ်တော် ၁ နေရာ၊ အမျိုးသားလွှတ်တော် ၂ နေရာနှင့် ပြည်နယ်လွှတ်တော် ၃ နေရာ၊ စုစုပေါင်း ၆ နေရာ နိုင်ခဲ့သည်။ ဘောလခဲမြို့တွင် နေရာပြည့်နှင့် ရှားတောတွင် ပြည်နယ်လွှတ်တော်အမှတ် (၂) တို့ဖြစ်သည်။
“အထူးသဖြင့်တော့ ကယားပြည်နယ်ဒီမိုကရက်တစ် (ပါတီ) အနိုင်ရတာကိုတော့ လက်ခံနိုင်ပေမယ့် USDP နိုင်သွားတဲ့ နေရာတွေကိုတော့ သိပ်ပြီးတော့ လက်မခံချင်ဘူး” ဟု ပြည်နယ် NLD ဥက္ကဋ္ဌ ဦးသောင်းဌေးက ပြောသည်။
ရှားတောမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၂) တွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရခြင်းမှာ လပိုင်းအတွင်း ပြောင်းရွှေ့လာသော တပ်မတော်သားများနှင့် မိသားစုဝင်များ၏ မဲ ၃၀၀ ကျော်ကြောင့် ဖြစ်ပြီး ဘောလခဲတွင်မူ ဦးစိုးသိန်း၏ ငွေကြေးသုံးစွဲနိုင်မှုနှင့် တပ်မဲများကြောင့်ဖြစ်သည်ဟု ဦးသောင်းဌေးက စွပ်စွဲသည်။
ပြည်ခိုင်ဖြိုးပါတီသည် ဘောလခဲပြည်သူ့လွှတ်တော်နေရာတွင် ပြိုင်ဘက် NLD ပါတီကို မဲ ၁,၂၀၀ ကျော် အသာဖြင့် အပြတ်အသတ်အနိုင်ရခဲ့သည်။ စစ်ဗျူဟာတပ် အခြေချထားသော ဘောလခဲတွင် တပ်မတော်သားနှင့် မိသားစုဝင်များ၏ မဲ ၉၈၀ ရှိကြောင်း ဦးစိုးသိန်း၏ ပြိုင်ဘက် NLD ကိုယ်စားလှယ်လောင်း စိုင်းလင်းလင်းဦးက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ဘောလခဲ၌ ပြည်ခိုင်ဖြိုး နေရာပြည့်အနိုင်ရခြင်းမှာ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများနည်းတူ ပြည်သူနှင့် အဆက်မပြတ် ထိတွေ့ခဲ့ခြင်းကြောင့်သာဖြစ်ပြီး တပ်မဲနှင့် ဦးစိုးသိန်း၏ ငွေကြေးသုံးစွဲမှုများကြောင့် မဟုတ်ဟု ဘောလခဲမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၄) တွင် အနိုင်ရခဲ့သည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးအေးရွှေက ဆိုသည်။
“သူ (ဦးစိုးသိန်း) တစ်သီးပုဂ္ဂလ ဝင်ရွေးတဲ့အချိန်တုန်းကတော့ အရင်တုန်းကတော့ လုပ်ပေးထားတာ ရှိကောင်းရှိလိမ့်မှာပေါ့။ ဒါပေမယ့် နောက်ပိုင်း ကျွန်တော်တို့ လုပ်တာကတော့ ငွေကြေးသုံးစွဲမှု သိပ်မရှိပါဘူး” ဟု ဦးအေးရွှေက ပြောသည်။
ပြည်နယ်အတွင်း ဒုတိယအများဆုံး အနိုင်ရခဲ့သည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု၍ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် (၂) တွင် အနိုင်ရခဲ့သည့် အယ်ဗလင်းက ပြည်နယ်လွှတ်တော်အတွင်း NLD နှင့် မဟာမိတ်ဖွဲ့၍ သွားနိုင်မည့်လမ်းကြောင်း ရှိလာမည်ဟု မျှော်လင့်ထားကြောင်း ဆိုသည်။
“(မျှော်လင့်ထားသလို) အများကြီး မပါလာသော်လည်းပဲ ရှိတဲ့အင်အားတွေနဲ့ ၂၀၁၇ (ကြားဖြတ်ရွေးကောက်ပွဲ) ထက်ကို အများကြီး ပိုပြီးတော့မှ လုပ်လာနိုင်မယ်ဆိုတဲ့ဟာတော့ မျှော်လင့်ချက်ရှိသေးတယ်” ဟု အယ်ဗလင်းက ပြောသည်။
ဖရူဆိုမြို့နယ်တွင် ကယား၊ ကယော၊ ကော်ယော်၊ ပရဲကယော စသည့် ဌာနေတိုင်းရင်းသားများ ၉၉ ရာခိုင်နှုန်းကျော် ရှိနေခြင်းနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အောင်နိုင်ရေးအတွက် ပံ့ပိုးသူအင်အားစုများဖြစ်သည့် ငြိမ်းချမ်းရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ညီညွတ်မှုကြောင့် အနိုင်ရခြင်းဖြစ်ကြောင်း အယ်ဗလင်းက Myanmar Now ကို ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဒေသခံပါတီများဖြစ်သည့် ကယားလူမျိုးစုဒီမိုကရေစီပါတီနှင့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ထိုပါတီနှစ်ခုကို ၂၀၁၇ ခုနှစ်တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအမည်ဖြင့် ပေါင်းစည်းခဲ့ခြင်းဖြစ်သည်။
NLD ဝင်မပြိုင်ဖြစ်ခဲ့သော ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) မှ ခူးသဲရယ် အနိုင်ရခဲ့ပြီး ပြည်နယ်လွှတ်တော်၏ တစ်ဦးတည်းသော တိုင်းရင်းသားပါတီကိုယ်စားပြုအမတ် ဖြစ်လာခဲ့သည်။
NLD သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကယားတစ်ပြည်နယ်လုံး၌ ပြည်နယ်လွှတ်တော်နေရာ အပါအဝင် ၂၆ နေရာ အနိုင်ရခဲ့သော်လည်း ယခုရွေးကောက်ပွဲတွင်မူ ၆ နေရာလျော့နည်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
(မှတ်ချက် – ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)