သတင်း

TNLA ထိန်းချုပ်ဒေသများတွင် ညမထွက်ရအပါအဝင် အရေးပေါ်အမိန့်များကို ဖယ်ရှား

စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မန်တုံ၊ နမ္မတူ၊ နမ့်ဆန်မြို့တို့အပါအဝင် ၎င်းတို့သိမ်းပိုက်ထားသည့် မြို့နယ် ၇ မြို့နယ်တွင် စစ်တပ်၏အမိန့်ကို လိုက်နာရန်မလိုဘဲ လွတ်လပ်စွာသွားလာလှုပ်ရှားနိုင်ကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ၏ နိုင်ငံရေးအဖွဲ့ PSLF က ကြေညာလိုက်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ ၎င်းတို့သိမ်းပိုက်ထားသည့် မြို့နယ် ၇ မြို့တွင် ညမထွက်ရအမိန့်အပါအဝင် ၁၀၂၇ စစ်ဆင်ရေးကာလက အရေးပေါ်ကန့်သတ်ချက်များကို ပယ်ဖျက်ကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF က ယနေ့ (မတ် ၆) တွင် ကြေညာလိုက်သည်။

ထိုကြေညာချက်သည် မန်တုံ၊ နမ္မတူ၊ နမ့်ဆန်မြို့တို့ကို မတ်လ ၄ ရက်တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး သတ်မှတ်ကြောင်း ကြေညာအပြီး ၂ ရက်အကြာတွင် PSLF/TNLA ဘက်က စစ်တပ်၏ထုတ်ပြန်ချက်ကို တန်ပြန်လိုက်ခြင်းဖြစ်သည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သည် ၂၀၂၃ အောက်တိုဘာ ၂၇ မှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူနှင့် ကွတ်ခိုင်မြို့တို့ကို စစ်ကောင်စီလက်ထဲမှ တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီ၏ အဆိုပါ စစ်အုပ်ချုပ်ရေး ကြေညာချက်သည် ဒေသခံပြည်သူများကို ထိတ်လန့်စေရန် ဆောင်ရွက်ခြင်းဟု PSLF/TNLA ၏ ထုတ်ပြန်ချက်တွင် ဝေဖန်ထားပြီး စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့များအပါအဝင် ၎င်းတို့သိမ်းထားသည့် နယ်မြေများသည် စစ်ရေးအခြေအနေများ တည်ငြိမ်နေပြီဟုလည်း ဆိုသည်။

တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် ဇန်နဝါရီ ၁၁ တွင် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တို့အကြား လက်မှတ်ထိုးခဲ့သည့် ဟိုင်ဂင်သဘောတူညီချက်တွင် တအာင်းဒေသအပါအဝင် မြောက်ပိုင်းဒေသတွင် အပစ်ရပ်ရန် ပါဝင်သည်ဟုလည်း PSLF/TNLA ၏ထုတ်ပြန်ချက်က ဆိုသည်။

ဇန်နဝါရီ ၁၈ ရက်က ကွတ်ခိုင်မြို့အတွင်း တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ။  (ဓာတ်ပုံ – မြတ်ပန်း/Myanmar Now)

TNLA က ညမထွက်ရအမိန့်အပါအဝင် တားမြစ်ကန့်သတ်ချက် အမိန့်များကို နမ့်ခမ်းနှင့် မူဆယ်မြို့နယ်တို့တွင် ယမန်နှစ် နိုဝင်ဘာအတွင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုကန့်သတ်ချက်တွင် ည ၈ နာရီမှ နံနက် ၆ နာရီအတွင်း နေအိမ်အပြင် သွားလာရန် လိုအပ်ပါက ခွင့်ပြုချက် တောင်းခံရန်၊ ရာဇဝတ်မှုများ မကျူးလွန်ရန်၊ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်ခြင်းမပြုရန်၊ စားသောက်ကုန်များ ဈေးတင်မရောင်းရန်နှင့် မလိုက်နာပါက အရေးယူသွားမည်ဖြစ်ကြောင်း စသည့် အချက်များပါဝင်သည်။

ဒေသခံတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် အရေးပေါ်ကာလအမိန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ထိုစဉ်က Myanmar Now ကို ပြောထားသည်။

လတ်တလောတွင် TNLA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) က ၎င်းတို့အုပ်ချုပ်သည့် မြို့နယ်များတွင် တရားဥပဒေစိုးမိုးရေး၊ မျှတသည့် ဥပဒေနှင့် စီမံအုပ်ချုပ်မှု၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကျားဖြန့်အပါအဝင် လောင်းကစားများကင်းစင်ရေးတို့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူများနှင့် အဆက်အသွယ်မရသေးပေ။

လက်ရှိတွင် TNLA က ကိုယ်ပိုင်ရဲဌာနနှင့်အုပ်ချုပ်ရေးဌာနတို့ကို တည်ထောင်ထားကာ ၂၀၂၃ ဒီဇင်ဘာလအထိ ရဲသင်တန်း ၄ ကြိမ်၊ အုပ်ချုပ်ရေးစီမံမှုသင်တန်း ၈ ကြိမ်အထိ ပေးထားကြောင်း သိရကာ ထိုသင်တန်းဆင်းသူများက ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

အလားတူ ပညာရေး၊ ဥပဒေပြုရေးတို့ကို ဆောင်ရွက်နေပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သော ဝန်ထမ်းများကိုလည်း TNLA က ဖိတ်ခေါ်ထားကာ ဌာနဆိုင်ရာဝန်ထမ်းများနေရာတွင် တအာင်းလူမျိုးများ အများဆုံးခန့်အပ်သွားမည်ဟု ဇန်နဝါရီ တတိယပတ်အတွင်း TNLA က Mynamr Now ကို ပြောထားသည်။

မကြာသေးမီ ဇန်နဝါရီ ၁၂ ရက်က ကျရောက်သော တအာင်းတော်လှန်ရေးနေ့တွင် တိုက်ခိုက်သိမ်းယူထားသော မြို့များတွင် ကိုယ်ပိုင်လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရား တည်ထောင်မည်ဟု TNLA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး တာအိုက်ဘုန်းက ပြောထားသည်။

TNLA ၏  “၁၀၂၇ စစ်ဆင်ရေး” ကာလ အရေးပေါ်ကန့်သတ်ချက်အမိန့်များ ပယ်ဖျက်သည့် ထုတ်ပြန်ချက်။

ကိုးကန့်တပ် (MNDAA) ၊ ရက္ခိုင့်တပ်တော် (AA) နှင့် TNLA တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ “၁၀၂၇ စစ်ဆင် ရေး” ကို ယမန်နှစ် အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စတင်ခဲ့ရာ လက်ရှိအချိန်အထိ TNLA က မြို့ ၇ မြို့၊ MNDAA က ကိုးကန့်ဒေသတစ်ခုလုံးပါဝင်သော မြို့ ၅ မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

AA ကလည်း ယနေ့ မတ် ၆ အထိ ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် ရခိုင် ၆ မြို့ကို သိမ်းယူထားပြီး ဖြစ်သည်။

Show More

Related Articles

Back to top button