သတင်း

TNLA ပြောသည့် လွတ်မြောက်နယ်မြေမှ ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရား

တအာင်းတပ် TNLA က သိမ်းပိုက်ထားသည့်မြို့များတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် တည်ဆောက်နေပြီး CDM ဝန်ထမ်းများကိုလည်း တာဝန်ပေးမည်ဟု ဆိုသည်။

စစ်ကောင်စီလက်ထဲမှ တိုက်ယူထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နယ်မြေများတွင် ကိုယ်ပိုင်လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရား တည်ထောင်မည်ဟု တအာင်းအမျိုးသားလွတ်မြောက်‌ရေးတပ်မတော် (TNLA) ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းက ဇန်နဝါရီ ၁၂ ရက်နေ့ တအာင်းတော်လှန်ရေးနေ့ မိန့်ခွန်းတွင် ကြေညာခဲ့သည်။

TNLA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ် တားဘုန်းကျော်ကလည်း ဇန်နဝါရီလ ၁၈ က ၎င်းတို့သိမ်းထားသည့် ကွတ်ခိုင်မြို့သို့ ရောက်ရှိလာပြီးနောက် TNLA ၏ အုပ်ချုပ်ရေးလုပ်ငန်းများ စတင်တော့မည်ဖြစ်ကြောင်း မြို့ခံများကိုအသိပေးခဲ့သည်။

စိုးမိုးနယ်မြေ အများအပြားရပြီးနောက်တွင် TNLA က လွတ်မြောက်နယ်မြေ ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရား တည်ထောင်မည်ဟု ဆိုလာသည်။

ထိုအစီအစဉ်မှာ စစ်ကောင်စီတပ်များနှင့် ဝန်ထမ်းများ TNLA သိမ်းပိုက်နေရာများမှ ထွက်သွားပြီးနောက် လစ်ဟာသွားသည့် အုပ်ချုပ်ရေးယန္တရားနေရာတွင် အစားထိုးမည့်စနစ်ဟု TNLA ပြန်ကြားရေးရုံးမှ တာဝန်ခံအမျိုးသမီးက ဆိုသည်။

ထိုစနစ်တွင် CDM ဝန်ထမ်းများလည်း ပါဝင်လာမည်ဟုလည်း ၎င်းကပြောသည်။ ရပ်ကွက်၊ ကျေးရွာနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများကိုလည်း TNLA က ခန့်အပ်မည်ဟု ဆိုသည်။

နယ်မြေများသိမ်းပိုက်ရရှိရန် ကာလကြာရှည် ကြိုတင်ပြင်ဆင်ခဲ့သည့် TNLA က ကိုယ်ပိုင်ရဲဌာနနှင့် အုပ်ချုပ်ရေးဌာနတို့ကို တည်ထောင်ထားပြီး ရာနှင့်ချီသော ဝန်ထမ်းများကို သင်တန်းပေးထားသည်၊ ၂၀၂၃ ဒီဇင်ဘာလအထိ ရဲသင်တန်း ၄ ကြိမ်၊ အထွေထွေအုပ်ချုပ်ရေးဌာနဆိုင်ရာ ရုံးစီမံမှု သင်တန်း ၈ ကြိမ်အထိ သင်တန်းပေးထားသည်။

သင်တန်းဆင်းထားသူများသည် မြို့သိမ်းတိုက်ပွဲများကြောင့် လူသူကင်းမဲ့သွားသည့် ရဲစခန်းနှင့် အထွေထွေအုပ်ရုံချုပ်ရေးဦးစီးဌာနရုံးတို့တွင် ရုံးထိုင်ရန် ပြင်ဆင်နေကြသည်။

ကွတ်ခိုင်မြို့ဘဏ်ခွဲတစ်ခုရှေ့တွင် တအာင်းအလံ လွှင့်ထူထားသည်ကို ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-မြတ်ပန်း/Myanmar Now)

“ပြည်သူလူထုကို ဦးတည်ပြီးတော့မှ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ရဲသင်တန်းတွေ ဖွင့်တယ်။ ပြီးရင် ရုံးလုပ်ငန်းတွေလည်ပတ်နိုင်ဖို့ ရုံးသင်တန်းတွေလည်း ဖွင့်တယ်။ အဲဒီသင်တန်းတွေကတော့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ပြီးသွားပြီ။ အဲဒီပြီးသွားတဲ့ သင်တန်းသားတွေက ရဲလုပ်ငန်းဆိုရင် ရဲလုပ်ငန်းကို ထမ်းဆောင်မှာဖြစ်ပြီး ရုံးလုပ်ငန်းသင်တန်းဆင်းက ရုံးလုပ်ငန်းတွေကို တာဝန်ထမ်းဆောင်မှာ ဖြစ်တယ်” ဟု TNLA ပြန်ကြားရေးရုံးမှ တာဝန်ခံအမျိုးသမီးက ပြောသည်။

ကျန်သည့်ဌာနအသီးသီး ဆက်လက်လည်ပတ်နိုင်ရန်လည်း သင်တန်းများဆက်ပေးမည်ဟု TNLA ထံမှ သိရသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းအပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သည့် ဌာနဆိုင်ရာ ဝန်ထမ်းများကိုလည်း ၎င်းတို့လက်အောက်တွင် အလုပ်ခန့်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

“တချို့က ဌာနဆိုင်ရာမှာ အလုပ်လုပ်ဖူးတဲ့ သူတွေရှိတယ်၊ တချို့ကျတော့ CDM ဝင်လာတဲ့သူတွေ ရှိတယ်။ သူတို့ရဲ့ ကျွမ်းကျင်ရာ ကျွမ်းကျင်ကြောင်းကို အသုံးပြုပြီးမှ ဆောင်ရွက်နေတာတွေရှိတယ်” ဟု အထက်ပါ TNLA ပြန်ကြားရေးတာဝန်ခံ အမျိုးသမီးက ပြောသည်။

ဌာနဆိုင်ရာဝန်ထမ်းအများစုနေရာတွင် တအာင်းလူမျိုးများဖြင့် အဓိက ဆောင်ရွက်မည်ဖြစ်ပြီး နောက်ပိုင်းကာလများတွင် အခြားလူမျိုးများပါဝင်လာမည်ဟု ၎င်းက ဆက်ပြောသည်။

၂၀၂၃ အောက်တိုဘာ ၂၇ တွင် TNLA  က မဟာမိတ်များဖြစ်သော ကိုးကန့်တပ် (MNDAA)၊ ရခိုင်တပ် (AA) တို့နှင့်အတူ စစ်ကောင်စီစခန်းများကို အကြီးအကျယ် ထိုးစစ်ဆင်ရာ စစ်ကောင်စီက စခန်းပေါင်း ရာနှင့်ချီ လက်လွှတ်ပေးလိုက်ရသည်။

ညီနောင် ၃ ဖွဲ့ အစပြုသည့် အဆိုပါ ၁၀၂၇ စစ်ဆင်ရေး ၂ လကျော်အတွင်း TNLA က နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကွတ်ခိုင် စသည့် မြို့ ၇ မြို့ကို သိမ်းပိုက်ခဲ့သည်။

တရုတ်၏ ကြားဝင်မှု၊ ဖိအားပေးမှုများကြောင့် စစ်ကောင်စီတပ်နှင့် အပစ်ရပ်လိုက်ပြီးနောက် ယခုအခါ တရုတ်-မြန်မာနယ်စပ်မျဉ်းအနီးရှိ နမ့်ခမ်းမြို့တွင် TNLA ၏ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေသည်။

“ပြည်သူ့လုံခြုံရေးရော၊ မြို့လုံခြုံရေးရော တစ်ပါတည်း ဆောင်ရွက်နေတာရှိပါတယ်။ ပြီးတော့ စည်ပင်လုပ်ငန်းတွေ ဆောင်ရွက်နေသလို ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကြိုတင်ပြင်ဆင်နေတာတွေ ရှိပါတယ်” ဟု နမ့်ခမ်းမြို့၏ တရားဥပဒေစိုးမိုးရေးတာဝန်ခံ တားနော်လိန်းက ပြောသည်။

တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ဖမ်းဆီးအရေးယူဆောင်ရွက်နေသည့် အမှုပေါင်း ၁၀၀ ကျော်ရှိသည်၊ ထိုအထဲတွင် မူးယစ်မှု၊ ရာဇဝတ်မှု၊ မြို့ခံများ စစ်ရှောင်နေရစဉ် ပေါ်ပေါက်လာသော နေအိမ်ဖောက်ထွင်းခိုးယူမှုများ ပါဝင်သည်ဟု သိရသည်။

မူးယစ်ဆေးသုံးစွဲသူများကို ဖမ်းဆီးရမိလျှင် မြို့နယ်စည်ပင်သာယာရေး လုပ်ငန်းများတွင် လုပ်အားပေးခိုင်းစေသည့်နည်းဖြင့် အပြစ်ပေးနေသည်ဟု တားနော်လိန်းက ပြောသည်။

TNLA ၏ အုပ်ချုပ်ရေးယန္တရားစတင်နေသော်လည်း အခက်အခဲများက ရှိနေသည်။

အကြီးမားဆုံး ရင်ဆိုင်နေရာသည့် စိန်ခေါ်မှုတစ်ခုမှာ စစ်ကောင်စီက TNLA သိမ်းထားသည့်မြို့များကို စားနပ်ရိက္ခာလမ်းကြောင်းများ ဖြတ်တောက်ထားခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၂၈ ရက်နေ့က နမ္မတူမြို့ကို TNLA က သိမ်းပိုက်ပြီးသည့်နောက် စစ်ကောင်စီတပ်က နမ္မတူ၊ နမ့်ဆန်မြို့နယ်တို့နှင့် သီပေါမြို့ကို ဆက်သွယ်ထားသည့် မိုးတေတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ရာ အနည်းငယ် ပျက်စီးခဲ့ပြီး ကားကြီးများ ဖြတ်သန်း၍မရတော့ကြောင်း အသက် ၅၀ ကျော်အရွယ် သီပေါမြို့ခံတစ်ဦးက ပြောသည်။

ဇန်နဝါရီ ၁၃ ရက်က ကွတ်ခိုင်ဈေးအတွင်း မြင်ကွင်း။ (ဓာတ်ပုံ- မြတ်ပန်း/Myanmar Now)

ထို့ပြင် ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ သီပေါမှ နမ့်ဆန်နှင့် နမ္မတူမြို့များသို့ သွားလာသူ ဒေသခံများ တင်းတင်းကျပ်ကျပ်စစ်ဆေးနေပြီး စက်သုံးဆီနှင့် ဆန်၊ ဆီ စသည့် စားနပ်ရိက္ခာများကို ကန့်သတ်ခဲ့သည်ဟု အထက်ပါ သီပေါမြို့ခံအမျိုးသားက ပြောသည်။

ထို့ပြင် လားရှိုးမြိုမှ နမ္မတူမြို့သို့ သွားမည့် ဒေသခံများကိုလည်း စစ်ကောင်စီတပ်က စက်သုံးဆီနှင့် ဆန်၊ ဆီများကို အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပြုနေသည်ဟု လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“နမ္မတူ၊ မန်တုံဘက်တော့ အကန့်အသတ်တွေရှိတယ်၊ ဓာတ်ဆီတို့၊ စားသုံးဆီတို့ ဆန်အိတ်တို့ပေါ့နော် သူတို့ သတ်မှတ်ထားတဲ့ အရေအတွက်လောက်ပဲ သယ်ရတာပေါ့” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ကားတစ်စီးလျှင် ဆန်တစ်အိတ်၊ ဆီတစ်ပုံးခန့်သာ သယ်ယူခွင့့်ပေးသလို စက်သုံးဆီကိုတော့ သယ်ယူခွင့် လုံးဝပိတ်ပင်ထားသည်ဟု ဒေသတွင်း သတင်းဌာနအချို့က ဖော်ပြသည်။

ပုံမှန်အားဖြင့် လားရှိုးမြို့ပေါ်တွင် စက်ဆုံးဆီ တစ်လီတာ ၃၀၀၀ နှင့် ၃၅၀၀ ခန့်ရှိနေချိန်တွင် နမ္မတူမြို့တွင် စက်သုံးဆီ ရှားပါးလာသည့်အတွက် စက်သုံးဆီ တစ်လီတာ ၅၀၀၀ မှ ၆၅၀၀ ကျပ်အကြား ပေးဝယ်နေရသည်ဟု သိရသည်။

စစ်ကောင်စီတပ်က စားနပ်ရိက္ခာ ကန့်သတ်ပိတ်ပင်မှုများ ရှိလာရာ ပြည်နယ်မြို့တော် လားရှိုးမြို့မှ ကုန်ပစ္စည်းများကို အားပြုဝယ်ယူနေရသည့် TNLA ထိန်းချုပ်မြို့နယ်အချို့တွင် စားရေးသောက်ရေး ခက်ခဲနေသည်ဟု ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် ရွှေဖီမြေသတင်းဌာနမှ အယ်ဒီတာ မိုင်းအနိုင်က ပြောသည်။

“စကစ ဘက်က ထိန်းချုပ်ထားတဲ့ နယ်မြေတွေက လာတဲ့ ရိက္ခာသယ်တဲ့ ကားတွေကို တင်းကျပ်တာတွေ၊ ဆန်တွေကို အကန့်အသတ်နဲ့ သယ်ရတာတွေ ပြီးတော့ တချို့မြို့တွေဆိုရင် ဆီတွေသယ်ခွင့် မရတာတွေ ကြုံနေရတယ်ပေါ့နော်။ နမ့်ဆန်ဘက်က ဆင်းတဲ့ ကားသမားတွေဆိုရင်လည်း ခဏခဏ အဖမ်းခံရတာတွေ ကြုံနေရတယ်ဗျ” ဟု မိုင်းအနိုင်က ပြောသည်။ 

၁၀၂၇ စစ်ဆင်ရေးကာလတစ်လျှောက်လုံး ကိုယ်တိုင်ကိုယ်ကျ  ကွင်းဆင်းသတင်းယူနိုင်ခဲ့သည့် မိုင်းအနိုင်က အကယ်၍ TNLA ထိန်းချုပ်ထားသည့် မြို့နယ်များအပေါ် စစ်ကောင်စီတပ်၏ စားနပ်ရိက္ခာ ကန့်သတ်မှု ကာလကြာရှည်လာပါက မြို့သိမ်းတိုက်ပွဲဆက်ဖြစ်လာနိုင်သည်ဟု သုံးသပ်သည်။

ရှမ်းပြည်နယ်တွင် လှုပ်ရှားနယ်မြေ အများအပြားရှိသော TNLA သည် စစ်သည်အင်အား ၁၀,၀၀၀ ခန့် ရှိနိုင်သည်ဟု လေ့လာသူများက ခန့်မှန်းထားသည်။

အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ခုခံလိုသူ အများအပြား TNLA ထံတွင် စစ်သင်တန်းတက်ထားကြသည်။ မကြာသေးမီက တိုက်ပွဲများတွင် TNLA သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးတွဲ တိုက်ခိုက်ခဲ့သည်။

Show More

Related Articles

Back to top button