
ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်းနှင့် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်မှာ ၎င်း၏ဇာတိ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရာ မဲကွာဟချက် ကြီးမားစွာဖြင့် မရှုမလှရှုံးနိမ့်ခဲ့သည်။
ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ် ဦးလွင်မြင့်ဦးက ထောက်ခံမဲပေါင်း တစ်သိန်းခြောက်ထောင်ကျော် (၁၀၆,၁၃၁) ဖြင့် အနိုင်ရရှိခဲ့ပြီး ဦးစိုးမောင်က ၁၃,၄၈၂ မဲသာ ရရှိခဲ့သည်။
သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် နှစ်ထပ်ကွမ်း ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ထိုမဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သူ NLD ကိုယ်စားလှယ်လောင်းကို မဲကွာဟချက် တစ်သိန်းကျော်ဖြင့် ရှုံးနိမ်ခဲ့ပြီး ထိုမဲဆန္ဒနယ်တွင် ဒုတိယမဲအများဆုံးရရှိခဲ့သူ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းကို မဲကွာဟချက် တစ်သောင်းနှစ်ထောင်ကျော်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။
စစ်ဥပဒေချုပ်ဟောင်းလည်းဖြစ်သည့် ဦးစိုးမောင်သည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် သမ္မတရုံးဝန်ကြီး (၁) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုကာ ၎င်း၏ဇာတိ ထိုမဲဆန္ဒနယ်မှပင် ဝင်ပြိုင်ခဲ့ရာ NLD ကိုယ်စားလှယ် လောင်းကို မဲအရေအတွက် သုံးသောင်းကျော်ဖြင့် ရှုံးနိမ့်ခဲ့သည်။
ဦးစိုးမောင်သည် ၎င်းကိုယ်တိုင် ဦးစီးတည်ထောင်ထားသည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီတွင် ဥက္ကဋ္ဌဖြစ်ပြီး “အမျိုးသားရေးနှင့်ပတ်သက်၍ သတ္တိနှင့် စွန့်လွှတ်စွန့်စားရန် ဆုံးဖြတ်ထားသူများ၏ပါတီ” ဟူသော ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ခြင်းဖြစ်သည်။
ဦးစိုးမောင်သည် အမျိုးသားရေးလှုပ်ရှားမှုဦးတည်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ရဋ္ဌပါလအသင်း ဥက္ကဋ္ဌလည်းဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ NLD ပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ရေစကြိုမြို့နယ်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်သုံးရပ်စလုံးတွင် NLD ပါတီက ကိုယ်စားလှယ်လောင်းများက အနိုင်ရရှိခဲ့ကြောင်း ရေစကြိုမြို့နယ် NLD ပါတီ၏ စာရင်းများအရ သိရသည်။
မကွေးတိုင်း ရေစကြိုမြို့နယ်တွင် မဲရုံစုစုပေါင်း ၂၄၃ ရုံး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၁၉၀,၀၀၀ ကျော်ရှိကြောင်း ရေစကြိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။