အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြောက်ပိုင်းမဟာမိတ်တို့နှင့် အပစ်ရပ်နိုင်ရေး ကြိုးစားနေဟု စစ်ကောင်စီထုတ်ပြန်

နယ်မြေခွဲဝေမှုနှင့် နယ်စပ်ကုန်သွယ်မှု ၎င်းတို့လက်ထဲတွင်သာ ရှိနေဟုလည်းဆို။

မြောက်ပိုင်းမဟာမိတ်များနှင့် အပစ်ရပ်နိုင်ရေး ကြိုးစားနေကြောင်းနှင့် ကြားဝင်စေ့စပ်ပေးသည့် တရုတ်အစိုးရကို ကျေးဇူးတင်ကြောင်း စစ်ကောင်စီပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်ထိန်းချုပ် သတင်းဌာနများမှတစ်ဆင့် ယနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာခဲ့သည့် စစ်ကောင်စီသည် မြောက်ပိုင်းမဟာမိတ်တပ်များဖြစ်ကြသည့် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့နှင့် ယခုလအစောပိုင်းက တရုတ်နိုင်ငံတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ထိုဆွေးနွေးပွဲသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက စတင်ခဲ့သည့် ဟိုင်ဂင်သဘောတူညီချက်ဟုခေါ်သည့် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တို့အကြား ဆွေးနွေးပွဲ၏ နောက်ဆက်တွဲဆွေးနွေးပွဲဖြစ်သည်။

၂၀၂၃ နိုဝင်ဘာ ၂၈ ရက်က ကုန်ကြမ်းမြို့ကို MNDAA တပ်များ သိမ်းပိုက်အပြီး တွေ့ရစဉ်။

ထိုဆွေးနွေးပွဲအတွင်း MNDAA ကို ကိုးကန့်ဒေသ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးရေး၊ မြောက်ပိုင်းမဟာမိတ်တပ်များ သိမ်းပိုက်ထားသည့် ရှမ်းမြောက်မှ မြို့များကို စစ်ကောင်စီက တရားဝင်စွန့်လွှတ်ရေး၊ နယ်စပ်ကုန်သွယ်ရေးတွင် မြောက်ပိုင်းမဟာမိတ်တပ်များ ဦးဆောင်အခွန်ကောက်ခွင့်တို့ကို သဘောတူညီမှု ရခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက နယ်စပ်ဂိတ်များ စီမံခန့်ခွဲမှုနှင့် ကုန်သွယ်မှုတို့သည့် တရုတ်အစိုးရနှင့် စစ်ကောင်စီလက်ထဲတွင်သာ ရှိနေသေးသည်ဟု ယနေ့ပြောကြားချက်တွင် ထည့်သွင်းပြောဆိုခဲ့သည်။

ဆွေးနွေးပွဲအတွင်း သဘောတူညီချက်များကို ထုတ်ဖော်ပြောဆိုခြင်းမပြုရန် သဘောတူထားသည့်အတွက် အသေးစိတ်ကို ပြောကြားမည်မဟုတ်ကြောင်းနှင့် ပိုင်နက်နယ်မြေနှင့် နယ်နိမိတ်အချုပ်အချာအာဏာသည် မပြောင်းလဲသေးဟုလည်း ၎င်းက ဆိုသည်။

မြောက်ပိုင်းမဟာမိတ်တို့သိမ်းပိုက်ထားသည့် နယ်မြေများ ခွဲဝေပေးခဲ့သည်ဟု သတင်းထွက်လာချိန်တွင် စစ်ကောင်စီက TNLA သိမ်းဆည်းထားသည့် နမ္မတူ၊ နမ့်ဆန်နှင့် မန်တုံမြို့များကို ယနေ့တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။

ကျောက်တော်မြို့နယ်ကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွ့ဝင်များကို တွေ့ရစဉ်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၇ ရက်က စတင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရာနှင့်ချီသည့် စစ်တပ်စခန်းပေါင်း များစွာကို စွန့်လွှတ်ခဲ့ရပြီး သေကြေ၊ ဒဏ်ရာရမှုများစွာရှိခဲ့သလို ထောင်နှင့်ချီသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြောက်ပိုင်းသုံးဖွဲ့ထံ လက်နက်ချခဲ့ကြသည်။

ကိုးကန့်ဒေသမြို့တော် လောက်ကိုင်နှင့် ဒေသတစ်ခုလုံးကို MNDAA က ပြန်လည် ထိန်းချုပ်နိုင်ခဲ့သလို တအာင်းတပ်မတော် (TNLA) ကလည်း ရှမ်းမြောက်ရှိ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူနှင့် ကွတ်ခိုင်မြို့တို့ကို သိမ်းပိုက်ထားသည်။

ရက္ခိုင့်တပ်တော် AA ကလည်း နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်နှင့် ပလက်ဝမှ စစ်ကောင်စီ စစ်စခန်းများ၊ မြို့များကို ဆက်လက်တိုက်ခိုက်နေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles