သတင်း

ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်၊ အရပ်သားထိခိုက်မှု များပြား

ရှမ်းပြည်နယ်မြို့တော်အနီး တိုက်ပွဲနေ့စဉ်ဖြစ်နေပြီး တိုက်ပွဲငြိမ်သည့်နေ့တွင်လည်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု လာတတ်သဖြင့် အရပ်သား ဒဏ်ရာရ၊ သေဆုံးမှု ရှိနေသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တော်နှင့် ကပ်လျက်တည်ရှိသည့် ဆီဆိုင်၊ ဟိုပုံးမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေပြီး အရပ်သားထိခိုက်သေဆုံးမှုများပြားနေကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နှင့် မဟာမိတ်တပ်များက ဆီဆိုင်မြို့ကို သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်နေသည်။ စစ်ကောင်စီက ၎င်း၏လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်အဖွဲ့၏ အားကို ယူပြီး စစ်ထိုးနေခြင်း ဖြစ်သည်။

နယ်နိမိတ်ချင်း ဆက်နေသည့် ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တို့တွင် တိုက်ပွဲမရှိသည့်နေ့များ၌ပင် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု ရှိတတ်သည်ဟု တိုက်ပွဲနှင့် စစ်ဘေးရှောင်များ၏ အခြေအနေ စောင့်ကြည့်နေသည့် ပအိုဝ်းလူငယ်အစည်းအရုံး (PYO) တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဆီဆိုင်၊ ဟိုပုံးမှာ နှစ်ဖက်လုံး စစ်ရေးပြင်းထန်နေပါတယ်၊ နေ့စဉ်လည်း တိုက်ပွဲအကြီးအသေး ဖြစ်နေပါတယ်။ မြေပြင်တိုက်ပွဲမရှိတဲ့နေ့တွေမှာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု တောက်လျှောက် ရှိနေတယ်” ဟု သူက ဆိုသည်။

ဖေဖော်ဝါရီ ၁၉ နံနက်က ဒေသခံများကို တင်ဆောင်လာသည့် ကားများ ဆီဆိုင်မြို့အဝင်တွင် စစ်တပ်က ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၇ ဦး၊ သေဆုံးသလို ၆ ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိခိုက်မှုများပြားကြောင်း Myanmar Now က ကနဦးသတင်းဖော်ပြပြီးဖြစ်သည်။

ယမန်နေ့က  လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ‌မြို့အရှေ့တောက်ဘက် ကျောက္ကချား ရွာဘက်တွင် နေအိမ် ၁၀ လုံး မီးလောင်သွားကြောင်း၊ ယနေ့နံနက်တွင်လည်း လွိုင်လင်မြို့နယ်၊ မိုင်းပွန်အနောက်ခြမ်း ကျေးရွာများအထိ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ခံနေရကြောင်း ၎င်းက ဆိုသည်။

ဟိုပုံးမြို့နယ်အတွင်း လုံခြုံရေးဆိုင်ရာလှုပ်ရှားသည့် PNLA စစ်ကြောင်းကို စစ်ကောင်စီတပ်နှင့် PNO ပအိုဝ်းပြည်သူ့စစ်က လာရောက်တိုက်ခိုက်သဖြင့်​ နာရီနှင့်ချီကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း PNLA က ယနေ့နံနက်တွင် သတင်းထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးပြီး လက်နက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း၊ စစ်တပ်ဘက်က ပြန်လည်ဆုတ်ခွာသွားကာ ဟိုပုံးမြို့မှ မဲနယ်တောင်တစ်ကျောနှင့် ထမ်းဆန်းဂူအနီး လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။ ထိုနေရာများသည် ခရီးသွားလုပ်ငန်းဒေသများဖြစ်ပြီး ပအိုဝ်းပြည်သူ့စစ် ကာလရှည် လှုပ်ရှားနေသည့် ဒေသများဖြစ်သည်။

ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းမြို့တို့သည်၂၀၀၈ ဖွဲ့စည်းပုံအရ ဖြစ်လာသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင်များကို ၂၀၂၃ ဩဂုတ်လအတွင်း က တွေ့ရ စဉ်။ (ဓာတ်ပုံ- Pa-O Aid)

ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်သည် တိုက်ပွဲများပြင်းထန်နေသည့် ကရင်နီဒေသနှင့် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၏ အကြားတွင် တည်ရှိသည်။

ဆီဆိုင်မြို့ပေါ်ရှိ ခြေမြန်တပ်ရင်း (၄၂၄) ကို PNLA က တိုက်ခိုက်သိမ်းပိုက်၍ မြို့ကို ထိန်းချုပ်ထားပြီး မြို့မြောက်ဘက် ခြေမြန်တပ်ရင်း (၄၂၃) တွင် စစ်ကောင်စီနှင့် PNO ပအိုဝ်းပြည်သူ့စစ်ပူးပေါင်းအဖွဲ့က တပ်စွဲထားသည်။ ဆီဆိုင်မြို့မြောက်ဘက် ဘန်းယဉ်ရွာတွင် ခမရ ၄၂၅ နှင့် ၄၂၆ တပ်ရင်းများလည်း ဆက်ရှိနေသည်။

“ဆီဆိုင်မြို့ပေါ်မှာ စကစနဲ့ PNO တပ်စွဲထားတာမရှိပါဘူး။ မြို့ကိုတော့ နေ့တိုင်း စကစနဲ့ ပြည်သူ့စစ်က လက်နက်ကြီးနဲ့ ပစ်တာ၊ ဒရုန်းနဲ့ ပစ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေ ပြုလုပ်နေပါတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်းရိန်းယံက ပြောထားသည်။

စစ်ကောင်စီသည် ၎င်းတို့တိုက်ခိုက်ခံရခြင်းကြောင့် အရပ်သားများနှင့် ကူညီကယ်ဆယ်သူပါမချန် တရစပ် ပစ်ခတ်နေကြောင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာအခြေစိုက် ပရဟိတသမားတစ်ဦးက ဆိုသည်။

ဖေဖော်ဝါရီ ၁၇ ညပိုင်းက ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ရွာအခြေစိုက် ခမရ ၄၂၅ နှင့် ၄၂၆ တပ်ရင်းများမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဘန်းယဉ်အရှေ့ဘက်ရှိ ထမ်ယံနှင့် ထီတမ်ကျေးရွာမှ ၆ လသား ကလေးငယ်တစ်ဦးနှင့် ၃၇ နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ က ဟိုပုံးမြို့ စံဖူးရွာအနီး PNLO/PNLA ၏ လက်နက်ယာဉ်တန်းကို ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်တပ်က ပူးပေါင်းဖမ်းဆီးခဲ့ရာမှ နှစ်ဖက်ပစ်ခတ်မှု စတင်ခဲ့သည်။ ဇန်နဝါရီ ၂၆ ရက်တွင် ဆီဆိုင်မြို့ရှိ စစ်ကောင်စီ တပ်စခန်းများ၊ ရဲစခန်း၊ တရားရုံး၊ ထွေအုပ်ရုံးတို့ကို တော်လှန်ရေးအင်အားစုက ဝင်ရောက်သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီနှင့် ပုံမှန်ထိတွေ့ဆက်ဆံမှုရှိနေသည့် ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ရှိရာ PNO ခေါ် ပအိုဝ်းပြည်သူ့စစ်သည် အစဉ်အဆက် စစ်ခေါင်းဆောင်များ၏ မဟာမိတ်ဖြစ်ပြီး ပအိုဝ်းဒေသကို စိုးမိုးထားကာ စစ်တပ်၏ အားကိုးရသည့် အဖွဲ့ဖြစ်လာသည်။ လက်နက်ကိုင်အင်အား ၃၀၀၀ အထိပင် ရှိနိုင်သည်ဟု သတင်းထွက်နေသည်။

PNLO/PNLA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားပြီး ထိပ်ပိုင်းခေါင်းဆောင်များသည် အာဏာသိမ်းစစ်တပ်၏ “ငြိမ်းချမ်းရေး” ဆွေးနွေးပွဲတိုင်းတွင် ပူးပေါင်းဆောင်ရွက်နေရာမှ စစ်ကောင်စီကို ပထမဆုံးအကြိမ် ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်။

ပအိုဝ်းလူငယ်အစည်းအရုံး (PYO) စုစည်းသည် စာရင်းများအရ PNLA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲစတင်သည့် ဇန်နဝါရီ ၂၁ မှ ဖေဖော်ဝါရီ ၁၇ ထိ ရှမ်းပြည်တောင်ပိုင်း၌ လေကြောင်းတိုက်ခိုက်မှု ၂၇၁ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၄၁၉ ကြိမ်ရှိပြီး အရပ်သား ၂၆ ဦး သေဆုံးကာ ၃၇ ဦး ထိခိုက်ကြောင်း သိရသည်။

ကျောက္ကဆျာႏကျေးရွာမှ ထိခိုက်ပျက်စီးသွားသော နေအိမ်တစ်လုံးကို ယနေ့ တွေ့ရစဉ်။ (ဓာတ်ပုံ- PNLA)

Show More

Related Articles

Back to top button