သတင်း

တိုက်ပွဲဖြစ်နေသော ဆီဆိုင်မြို့သို့ ပြန်လာသူ စစ်ရှောင်များ တိုက်ခိုက်ခံရ

ရှမ်းပြည်နယ် ဆီဆိုင်တွင် စစ်ရှောင်ကားများ ပစ်ခတ်ခံရစဉ် ၈ ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်း လူသေဆုံးသည့် ပစ်ခတ်မှုသတင်းကိုမူ စစ်ကောင်စီက ငြင်းဆိုထားသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၉) နံနက်ပိုင်းက တိုက်ပွဲဖြစ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပစ္စည်းပြန်ယူရန် မြို့ထဲလာသည့် စစ်ဘေးရှောင် ၈ ဦး ဒဏ်ရာရသွားကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ပြောသည်။

စစ်ရှောင်များကို တင်ဆောင်လာသည့် မော်တော်ကားသုံးစီ မြို့အဝင် မွေတော်ဘုရားအနီး ဝါးတောရွာနားအရောက်တွင် မြို့မြောက်ဘက် ဆိုင်ခေါင်ကျေးရွာထဲမှတပ်က ပစ်ခတ်ခြင်းဖြစ်ကြောင်း PNLA ပြောခွင့်ရ ခွန်ရိန်းယံက Myanmar Now ကို   ပြောသည်။

“ဆိုက်ခေါင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတပ်ဖွဲ့ပေါ့။ စခန်းတော့ မဟုတ်ဘူး။ ရွာထဲမှာ လက်နက်ကြီးတွေဆင်ထားတာပေါ့။ အဲ့ဒီကတော့ ပစ်လာတယ်လို့ သိရတယ်။ အဲ့ဒီမှာ ၈ ဦးက အပြင်းအထန် ဒဏ်ရာရသွားတယ်” ဟု ၎င်းက ဆိုသည်။

လက်နက်ကြီး ပစ်ခတ်မှု၊ လေတပ်ဗုံးကြဲမှုဒဏ် ခံနေရသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ကို ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – The People’s Voice)

တော်လှန်ရေးအဖွဲ့များထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်က ထိုးစစ်ဆင်ရန် ကြိုးစားနေပြီး နေစဉ်နှင့်အမျှ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်၊ နေရပ်ပြန်၍ရကြောင်း အွန်လိုင်းလူမှုကွန်ရက်တွင် ရေးသားထားခြင်းကို ယုံကြည်၍ ပြန်လာသည့် စစ်ရှောင်များပစ်ခတ်ခံနေရသည်ဟု သိရသည်။

ဖေဖော်ဝါရီ ၁၇ ညပိုင်းက ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ရွာအခြေစိုက် ခမရ ၄၂၅ နှင့် ၄၂၆ တပ်ရင်းများမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဘန်းယဉ်အရှေ့ဘက်ရှိ ထမ်ယံနှင့် ထီတမ်ကျေးရွာမှ ၆ လသား ကလေးငယ်တစ်ဦးနှင့် ၃၇ အရွယ်အမျိုးသားတစ်ဦးသေဆုံးကာ ၇ ဦးထိခိုက်ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။

“အဲ့ဒီနေရာက တပ်လည်းမရှိဘူး။ တပ်စွဲထားတာလည်း မရှိဘူး။ စစ်ကောင်စီနဲ့ ပြည်သူ့စစ်က တမင်သက်သက် အကြောင်းမဲ့ ပစ်ခတ်ဖျက်ဆီးတာပေါ့” ဟု ၎င်းက ဆိုသည်။

“အခု စစ်ကောင်စီဟာ အလုံးစုံဖျက်ဆီးရေးဆိုတဲ့ အတိုင်း၊ စစ်မနိုင်တိုင်း ကြွက်မနိုင် ကျီမီးရှို့သလိုမျိုး စစ်မနိုင်တော့ လူထုကို ရန်သူလို့ သတ်မှတ်ပြီး တိုက်ခိုက်သတ်ဖြတ်နေတာဖြစ်ပါတယ်”

ဖေဖော်ဝါရီ ၁၇ ဆီဆိုင်မြို့မြောက်ဘက်၊ လွိုင်ကော်နှင့် တော်ကြီးကားလမ်းပေါ်ရှိ ဘန်းယဉ်ရွာတွင် PNLA နှင့် စစ်ကောင်စီတပ်တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသအခြေစိုက် ပရဟိတအသင်းမှ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသူများ၏ အမည်ကို အသေးစိတ်မသိရသေးကြောင်း၊ လမ်းကြောင်းများပိတ်ထားဆဲဖြစ်၍ ကူညီကယ်ဆယ်သူများဝင်ရောက်၍ မရနိုင်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ ငြင်းဆိုချက်

PNLA နှင့် မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်များက ဆီဆိုင်မြို့ရှိ ခြေမြန်တပ်ရင်း (ခမရ) ၄၂၄ ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တပ်နှင့် PNO ပအိုဝ်းပြည်သူစစ်အဖွဲ့များက ဆီဆိုင်မြို့အနီးတစ်ဝိုက်နှင့် ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်နေခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၄ က မနက်ပိုင်းက ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့နယ်အစပ် ပဆျာႏကလိုႏကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံ ၂ ဦးသေဆုံးကာ ၈ ဦးထက်နည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PNLA က သတင်းထုတ်ပြန်ထားသည်။

လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သားများထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ အမြဲငြင်းဆန်လေ့ရှိသည့် စစ်ကောင်စီက အထက်ပါရွာမှ ထိခိုက်မှုများမှာ တော်လှန်ရေးအဖွဲ့တို့၏လက်ချက်သာ ဖြစ်ကြောင်း “ဒေသခံပြည်သူတစ်ဦး” က ပြောကြားသည်ဟု နောက်တစ်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဆီဆိုင်မြို့သည် တိုက်ပွဲများပြင်းထန်နေသည့် ကရင်နီဒေသနှင့် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၏ အကြားတွင်တည်ရှိသည်။ ဆီဆိုင်သည် ဟိုပုန်း၊ ပင်လောင်း စသည့်မြို့များနှင့်အတူ ၂၀၀၈ ဖွဲ့စည်းပုံအရ ဖြစ်လာသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲတွင် ပါဝင်သည်။

ဇန်နဝါရီ ၂၀ ရက်နေ့က ဟိုပုံးမြို့ စံဖူးရွာအနီး PNLO/PNLA ၏ လက်နက်ယာဉ်တန်းကို ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်တပ်က ပူးပေါင်းဖမ်းဆီးခဲ့ရာမှ နှစ်ဖက်ပစ်ခတ်မှုစတင်ခဲ့သည်။

ဇန်နဝါရီ ၂၆ တွင် ဆီဆိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်း၊ တရားရုံး၊ ထွေအုပ်ရုံးတို့ကို တော်လှန်ရေးအင်အားစုက ဝင်ရောက်သိမ်းပိုက်ခဲ့သည်။

အချိန်တိုအတွင်း ဆီဆိုင်မြို့ကို သိမ်းပိုက်ကာ မြို့မြောက်ဘက် ဆိုက်ခေါင်မြို့တွင် တိုက်ပွဲဆက်လာ၍ ပအိုဝ်းဒေသ ဟိုပုန်း၊ ကျောက်တလုံးနှင့် မွေတော်ကက္ကူဘက်အထိ စစ်မီးကူးစက်နိုင်ကြောင်း တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးက ဇန်နဝါရီ ၂၇ ရက်နေ့တွင် သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

စစ်ကောင်စီနှင့် ပုံမှန်ထိတွေ့ဆက်ဆံမှုရှိနေသည့် ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ရှိရာ PNO ခေါ် ပအိုဝ်းပြည်သူ့စစ်သည် အစဉ်အဆက် စစ်ခေါင်းဆောင်များ၏ မဟာမိတ်ဖြစ်ပြီး ပအိုဝ်းဒေသကို စိုးမိုးထားကာ စစ်ကောင်စီတပ်၏ အားကိုးရသည့် အဖွဲ့ဖြစ်လာသည်။ လက်နက်ကိုင်အင်အား ၃၀၀၀ အထိပင် ရှိနိုင်သည်ဟု သတင်းထွက်နေသည်။

PNLO/PNLA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (NCA) လက်မှတ်ထိုးထားပြီး ထိပ်ပိုင်းခေါင်းဆောင်များသည် အာဏာသိမ်းစစ်တပ်၏ “ငြိမ်းချမ်းရေး” ဆွေးနွေးပွဲတိုင်းတွင် ပူးပေါင်းဆောင်ရွက်နေရာမှ စစ်ကောင်စီကို ပထမဆုံးအကြိမ် ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) လည်း ပေါ်ပေါက်လာပြီး ထိုအဖွဲ့ကို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သည့် ပအိုဝ်းတော်လှန်ရေးအင်အားစုများ စုပေါင်း၍ ၂၀၂၁ ဒီဇင်ဘာ ၁၁ တွင် ညီလာခံပြုလုပ်ကာ PNFC ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

PNFC ၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင် လက်နက်ကိုင် တပ်နယ်သုံးခုရှိပြီး ဆီဆိုင်တိုက်ပွဲများတွင် ပူးပေါင်းတိုက်ခိုက်နေသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံးဒေသက စစ်ကောင်စီ၏ မဟာဗျူဟာကျသော ခံစစ်နယ်မြေဖြစ်သလို PNO ပြည်သူ့စစ်နဲ့ ဂုဏ်သိက္ခာဖြစ်၍ အပြင်းအထန်တုံ့ပြန်နေကြောင်း PNFC အတွင်းရေးမှူး (၂) ခွန်ဝေထူးက Myanmar Now ကို ပြောဆိုထားသည်။

ဤအတောအတွင်း PNO ပအိုဝ်းပြည်သူ့စစ်က အတင်းအကျပ် လူသစ်စုဆောင်းနေသည်။ ပအိုဝ်းပြည်သူ့စစ်များကို လက်နက်တပ်ဆင်ပေးနေကြောင်း သတင်းများ ဆက်တိုက် ထွက်ပေါ်နေပြီး မှတ်တမ်းဓာတ်ပုံများတွင် ရိုင်ဖယ်သေနတ်များ၊ စိန်ပြောင်းများကို တွေ့ရသည်။

တိုက်ပွဲများကြောင့် ဆီဆိုင်မြို့ကို ကရင်နီဒေသဘက်မှ စစ်ရှောင်လာသူများအပါအဝင် ဆီဆိုင်၊ ဆိုက်ခေါင်ဒေသခံ တစ်သိန်းကျော် ထွက်ပြေးနေရကြောင်း ဒေသအခြေစိုက် လူမှုကူညီရေးအဖွဲ့များက ခန့်မှန်းထားသည်။

Show More

Related Articles

Back to top button