မကွေးတိုင်း ပခုက္ကူနှင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မဲရုံဝန်ထမ်းက မဲလက်မှတ်များ မှားယွင်းထုတ်ပေးမိရာမှ အငြင်းပွားမှု ပေါ်ပေါက်ခဲ့ပြီး ပယ်မဲဖြစ်မည်ကို စိုးရိမ်သည့် မဲဆန္ဒရှင်များ မဲရုံရှေ့တွင် စုဝေးမှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာမြို့များရှိ နိုင်ငံရေးပါတီဝင်များက ပြောသည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့အမှတ် (၁၅) ရပ်ကွက် အမှတ်(၈) မဲရုံတွင် မဲရုံဝန်ထမ်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဲလက်မှတ်အစား တိုင်းဒေသကြီးလွှတ်တော် မဲလက်မှတ်များ မှားယွင်းထုတ်ပေးမိခြင်းကြောင့် ဆန္ဒမဲပေးပြီးလက်မှတ်များ မဲပုံးမှားယွင်းထည့်မိခဲ့ကာ အငြင်းပွားမှုစတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မြို့နယ်လူငယ်အဖွဲ့မှ ဦးဝဏ္ဏအောင်က ပြောသည်။
“အကြမ်းဖျင်းကြားသလောက်တော့ ကိုဆွေလင်းဆိုတာ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီက ပေါ့နော်။ သူက ဒီမဲကို ပယ်မဲလုပ်ပေးပါလို့ ကန့်ကွက်တယ်လို့ ပြောတယ်” ဟု ဦးဝဏ္ဏအောင်က Myanmar Now ကို ပြောသည်။
မဲပေးခဲ့သည့် ပြည်သူများအနေဖြင့် ၎င်းတို့ ဆန္ဒပြုခဲ့သည့် မဲလက်မှတ်များ ပယ်မဲဖြစ်မည်ကို စိုးရိမ်ခြင်းကြောင့် မဲရုံရှေ့၌ နေ့လယ် ၁ နာရီခန့်တွင် စတင်စုဝေးလာပြီး လူအင်အား ၂၀၀ မှ ၃၀၀ အထိ ရှိလာခဲ့ကြောင်း၊ ညနေ ၆ နာရီခန့်တွင် အခြေအနေတည်ငြိမ်သွားကြောင်း ၎င်းကဆိုသည်။
ဆန္ဒပြုပြီး မဲလက်မှတ်များ ထည့်ထားသည့် မဲပုံးများကို ပခုက္ကူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရဲတပ်ဖွဲ့အစောင့်အရှောက်ဖြင့် သယ်ဆောင်သွားခဲပြီး မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ ညှိနှိုင်းနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
မှားယွင်းထုတ်ပေးခဲ့သည့် မဲလက်မှတ် ၅၀ ခန့်ရှိသည်ဟု သိရပြီး ယင်းကဲ့သို့ မဲလက်မှတ်များ မှားယွင်းမှုအပေါ် သက်ဆိုင်ရာမဲရုံတာဝန်ခံများနှင့် မြို့နယ်ရွေးကောက်ပွဲတာဝန်ရှိသူများက မည်ကဲ့သို့ ဖြေရှင်းပေးမည်ကို ဆွေးနွေးညှိနှိုင်းနေစဉ် တိကျသည့် အဖြေမထွက်သဖြင့် စုဝေးမှု ဖြစ်ပေါ်ခဲ့ကြောင်း ဦးဝဏ္ဏအောင်က ပြောသည်။
အဆိုပါမဲလက်မှတ်များနှင့် ပတ်သက်၍ မည့်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။
ပခုက္ကူမြို့နယ်အပြင် မကွေးနှင့် နတ်မောက်မြို့နယ်များတွင်လည်း မဲစာအုပ် မှားယွင်းထုတ်ပေးမှုကြောင့် အလားတူ စုဝေးမှု ဖြစ်ပွားခဲ့ကြောင်း မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်က Myanmar Now ကို ပြောသည်။
“ဒါက တစ်မြို့တည်း မဟုတ်ဘူး။ ကျွန်တော်တို့ ကြုံရတာက မကွေးမြို့နယ်မှာလည်း ကြုံရတယ်။ နတ်မောက်မြို့နယ်မှာလည်း ကြုံရတယ်။ မဲစာရွက်မှားတဲ့ ကိစ္စတွေက ဘယ်လိုလုပ်ပေးမှာလဲ။ ကော်မရှင်နဲ့ပဲ တရားဝင် ကျွန်တော်တို့ တင်ပြထားတယ်။ ကျန်တဲ့ဖြေရှင်းနည်းတော့ ဘာမှလုပ်မထားသေးပါဘူး” ဟု ဦးဆန်းညွန့်အောင်က ဆိုသည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ မရှီကထောင် (အ.လ.က) ကျောင်း၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ် (၅၁၄) တွင်လည်း မဲလက်မှတ် ၃၃၈ ခု မှားယွင်းထုတ်ပေးခဲ့မှုကြောင့် မဲရုံရှေ့၌ လူစုလူဝေးဖြစ်ပေါ်ခဲ့သည်ဟု NLD ၏ ဖားကန့်မြို့နယ် အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးတင်ဝေက ပြောသည်။
အဆိုပါ မဲရုံရှိ မဲရုံးမှူးနှင့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) မဲရုံကိုယ်စားလှယ်များက ပြည်နယ်လွှတ်တော်အမှတ် (၂) နေရာအတွက် မဲပေးမည့်သူ ၃၃၈ ဦးအား ဗမာတိုင်းရင်းသား လူမျိုးဆန္ဒမဲ လက်မှတ်များ မှားယွင်း ထုတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဦးတင်ဝေက ဆိုသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖားကန့်မြို့နယ် ရွေးကောက်ပွဲ ပဋိပက္ခညှိနှိုင်းရေးကော်မတီက အစည်းအဝေးထိုင်ခဲ့ပြီး မှားယွင်းပေးမိသည့် ဆန္ဒမဲလက်မှတ် ၃၃၈ မဲ ကို မခိုင်လုံသဖြင့် ပယ်ဖျက်လိုက်ပြီး မဲပြန်ပေးရန် ဆုံးဖြတ်ခဲ့သည်ဟု ဦးတင်ဝေက ပြောသည်။
“အခုတော့ ပြေလည်သွားပါပြီ။ မဲရုံးမှူးတွေကလည်း လုံလောက်တဲ့ Training (လေ့ကျင့်ရေး) တွေ မရှိတော့ လိုအပ်ချက် ဖြစ်သွားတာပါ။ မှားယွင်းပေးမိတဲ့ မဲလက်မှတ်တွေအတွက် အဲဒီလူတွေကို ပြန်ခေါ်ပြီး မဲပေးဖို့ သဘောတူထားလိုက်ကြပါပြီ” ဟု ၎င်းက ပြောသည်။
သို့သော်လည်း KSPP ၏ ဖားကန့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလအောင်ကမူ ၎င်းတို့ပါတီ၏ မဲရုံကိုယ်စားလှယ်များက မဲလက်မှတ် မှားယွင်းထုတ်ပေးခြင်းမှာ မဖြစ်နိုင်ကြောင်း ငြင်းဆိုသည်။
“ကျွန်တော်တို့ မဲရုံကိုယ်စားလှယ်တွေက မဲလက်မှတ်ထုတ်ပေးလို့မှ မရတာ။ မဲရုံမှူးက ထုတ်ပေးရတာပါ။ အခုလို ဖြစ်သွားတာက ကိုဗစ်ကြောင့် မဲရုံမှူးတွေကို ရွေးကောက်ပွဲဆိုင်ရာသင်တန်းတွေ ကောင်းကောင်း မပေးနိုင်တာကြောင့်လို့ ထင်ပါတယ်” ဟု ဦးလအောင်က ဆိုသည်။
လူစုလူဝေး ဖြစ်ပွားခဲ့သည့် မရှီကထောင်ရပ်ကွက်သည် ကချင်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) နယ်မြေ ဖြစ်သည်။ ထို့အပြင် အဆိုပါ မဲဆန္ဒနယ်သည် လက်ရှိ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒရှီလဆိုင်း၏ မဲဆန္ဒနယ်ဖြစ်ပါတယ်။
ဝန်ကြီးဒရှီလဆိုင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ထားပြီး KSPP မှ လဇိန်ထွယ်ရှောင်၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (T.N.D.P) မှ ဦးဇော်ထွန်းနှင့် ပြည်ခိုင်ဖြိုးပါတီမှ ဦးမြအုန်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဖားကန့်မြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာသိန်းဟန်ကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ရွေးကောက်ပွဲဆိုင်ရာကိစ္စများ ဆောင်ရွက်နေသဖြင့် ဖြေကြားရန် အဆင်မပြေသေးကြောင်း ပြောသည်။
ဖားကန့်မြို့နယ်သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၆၀,၈၂၃ ရှိပြီး ယနေ့တွင် ဆန္ဒမဲ လာရောက်ပေးကြသည့် ရွေးကောက်ပွဲမဲရလဒ်များကို ည ၉ နာရီအထိ ရေတွက်နေဆဲ ဖြစ်သည်။