ဆောင်းပါးရွေးကောက်ပွဲ

တော်လှန်ရေးအိပ်မက်ကို လွှတ်တော်တွင်း၌ ဆက်မက်လိုသူ

မိုးအကုန် ဆောင်းအကူး အောက်တိုဘာနံနက်ခင်း၏ နေရောင်ခြည်နွေးနွေးသည် ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်အတွင်းရှိ တိုက်ခန်းငယ်၏ အနွေးဓာတ်ကို ပံ့ပိုးပေးထား၏။ 

အတန်ငယ် ကျဉ်းမြောင်းသော်လည်း သန့်ရှင်းသပ်ရပ်သည့် ဧည့်ခန်းနံရံထပ်တွင် ကရင်တိုင်းရင်းသားတို့၏ အလေးအမြတ်ပြုရာ ကရင့်အလံတော်နှင့် ကရင့်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီး၏ ပုံတူပန်းချီကားက ခံ့ညားစွာ နေရာယူထားသည်။

ကရင်အမျိုးသားဝတ်စုံကို ဝတ်ဆင်ထားပြီး ဝဝဖိုင့်ဖိုင့် ခန္ဓာကိုယ်နှင့် ပြုံးချိုနှစ်လိုဖွယ် မျက်နှာထားကို ပိုင်ဆိုင်ထားသူ အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦးသည် သူမ၏ ခန္ဓာကိုယ်ကြီးကို တစ်အိအိ သယ်ဆောင်ကာ အခန်းငယ်၏ ဧည့်ခန်းရှိရာသို့ တစ်လှမ်းခြင်းလှမ်းဝင်လာသည်။

ထိုအမျိုးသမီးကြီးသည်ကား နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားလူငယ်များက အန်တီနော်ဟု ရင်းနှီးချစ်ခင်စွာ ခေါ်ဝေါ်ကြသည့် ကရင်တိုင်းရင်းသား နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှ ဖြစ်သည်။

လယ်သမားမျိုးရိုးက ဆင်းသက်လာသူ နော်အုန်းလှ၏ ဘဝမှာ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်အတွင်းရှိ ကရင်ရွာလေးတစ်ရွာတွင် အစပြုခဲ့သည်။ မိဘနှစ်ပါးလုံးမှာ ကရင်တိုင်းရင်းသားများဖြစ်ကြပြီး မှော်ဘီမြို့နှင့် ၄ မိုင်ခန့် ကွာဝေးသည့် ကုန်းဂမူကျေးရွာလေးတွင် သူမကို မွေးဖွားခဲ့သည်။

လယ်သမားမိသားစု၏ ဒုတိယမြောက်သမီးကြီးဖြစ်သူ နော်အုန်းလှမှာ တစ်မိပေါက် တစ်ယောက်ထွန်းဆိုသလိုပင် မွေးချင်း ၇ ယောက်ထဲအနက် တစ်ဦးတည်းသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဖြစ်သည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အသိုင်းအဝိုင်းတွင် ထင်ရှားသူ နော်အုန်းလှမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် သူမနှင့် အသင့်တော်ဆုံးဟု ယူဆထားသည့် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

သို့သော်လည်း နော်အုန်းလှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရသည့် ရည်ရွယ်ချက်မှာ အခြားသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရည်ရွယ်ချက်နှင့် ကွဲပြားခြားနားလျက်ရှိသည်။ 

စစ်ဗိုလ်ချုပ်ပြီးများ ဦးဆောင်ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းတွင် စစ်အစိုးရလက်ထက်က မတရားဖမ်းဆီးခံခဲ့ရသူ တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမားများမှာ အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာပြီးနောက် ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသော “နိုင်ငံတည်ဆောက် ရေး” ဟူသော စကားရပ်များမှာ နော်အုန်းလှနှင့်တော့ ဆန့်ကျင်ဘက်ပင်။ 

စစ်အစိုးရခေတ်က တစ်ဖက်သတ်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းနိုင်ရန်နှင့် မပြီးဆုံးသေးသည့် တော်လှန်ခရီးကို ဆက်လက်ချီတက်နိုင်ရန် လွှတ်တော်တွင်းနိုင်ငံရေးခရီးကို ရွေးချယ်ရမည်ဟု နော်အုံးလှကတော့ ခိုင်မာစွာ ယုံကြည်နေသည်။

ကရင့်အာဇာနည်နေ့ ကျင်းပမှုဖြင့် ၂၀၁၉ ခုနှစ်အတွင်း ထောင်ဒဏ် ၁၅ ရက် ချမှတ်ခံခဲ့ရသူ နော်အုန်းလှကို တွေ့ရစဉ်။ (ဓာတ်ပုံ – ဖြိုးသီဟချို/ Myanmar Now) 

နိုင်ငံရေး ခရီးလမ်းအစ

ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ တစ်ပါတီအာဏာရှင်စနစ်ကို အဆုံးသတ်နိုင်ခဲ့သည့် ၁၉၈၈ အရေးတော်ပုံကြီးသည် လယ်သမားမိသားစုက ပေါက်ဖွားလာသူ နော်အုန်းလှ၏ ဘဝတစ်ဆစ်ချိုးပင်ဖြစ်သည်။

လယ်သမားမိသားစုအပေါ် ဖိနှိပ်မှုပြင်းထန်သည့် မဆလ တစ်ပါတီအာဏာရှင်စနစ်၏ ဆိုးကျိုးကို နေ့စဉ်နှင့်အမျှ မြင်တွေ့ခံစားခဲ့ရသည့် အသက် ၂၆ နှစ်အရွယ်သာ ရှိသေးသည့် နော်အုန်းလှကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဘဝသို့ တွန်းပို့ခဲ့ခြင်းပင်ဖြစ်သည်။

“နိုင်ငံရေးအကြောင်းတော့ မသိဘူး။ ဒါပေမယ့် မတရားမှုကို မခံခဲ့ဘူး။ လယ်လုပ်ရင်းနဲ့မှ မိဘတွေက တအားဖိနှိပ်ခံရတယ်” ဟု ထိုအချိန်က သူမတို့ မိသားစု ခံစားခဲ့ရသည်များကို နော်အုန်းလှက ပြန်ပြောင်းပြောပြသည်။

“အဲ့ဒီတုန်းက ဦးနေဝင်းလက်ထက် တစ်ပါတီအာဏာရှင်ခေတ်မှာ စပါးတွေ တအားတောင်းတယ်။ ကိုယ့်ရဲ့ဆန်စပါးကို လယ်သမားတွေက ကျီလှန်၊ပုတ်လှန် ပေးရတဲ့ ခေတ်ဖြစ်တဲ့အခါ ဒါ မတရားလုပ်တယ်လို့ မြင်တယ်၊ ဒီလိုမျိုးဖြစ်တာ မတရားမှုဖြစ်တဲ့အတွက် ကျွန်မက နိုင်ငံရေးမှာ ပါဝင်လာတာပေါ့” ဟု ၎င်းက ဆိုသည်။ 

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ စစ်ဗိုလ်ချုပ်ဟောင်းများဖြစ်သည့် ဦးတင်ဦး၊ ဦးအောင်ကြီး၊ ဦးကြည်မောင်တို့ ဦးဆောင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဖွဲ့စည်းချိန်တွင် နော်အုန်းလှမှာ ပါတီဝင်တစ်ယောက်ဖြစ်လာခဲ့သည်။

၁၉၉၀ အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်တွင် မှော်ဘီမြို့နယ် NLD ပါတီ အောင်နိုင်ရေးတွင် နော်အုန်းလှလည်း ပါဝင်ခဲ့ပြီး နိုင်ငံရေးတွင် ထဲထဲဝင်ဝင်ဖြစ်လာခဲ့သည်။

ထိုရွေးကောက်ပွဲ အပြီးတွင် နော်အုန်းလှမှာ NLD ပါတီ၏ ဗဟိုအမျိုးသမီးရေးရာအဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄)သို့ အမြဲ ဝင်ထွက်သွားလာနေသူ NLD  အမာခံတစ်ဦး ဖြစ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုခဲ့သူ 

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း ပါတီစည်းရုံးရေးခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီခေါင်းဆောင်များ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည်။ ဒီပဲရင်းအကြမ်းဖက်မှုဟု ထင်ရှားသည့် ထိုဖြစ်ရပ် ဖြစ်ပွားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် စစ်အစိုးရက ထိန်းသိမ်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ နေ့စဉ် ထမင်းပို့ပေးပြီး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ရွေတိဂုံဘုရားပေါ်သို့တက်ကာ ဆုတောင်းပေးခဲ့သည့် နော်အုန်းလှနှင့်NLD အမျိုးသမီးအဖွဲ့ဝင်များ၏ အင်္ဂါအပတ်စဉ် ဆုတောင်းပွဲမှာ ထင်ရှားသည်။

နော်အုန်းလှသည် ထိုလုပ်ဆောင်ချက်ကြောင့် အာဏာပိုင်များက ဖမ်းဆီးရန် ကြိုးစားမှုကို မကြာခဏ ရင်ဆိုင်ခဲ့ရသူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ရွှေတိဂုံဘုရားပေါ်တွင် ငှက်လွှတ်ရန် ကြိုးစားရာတွင် အာဏာပိုင်များက ပိတ်ဆို့တားဆီးခဲ့သည်မှာ အမှတ်တရ အရှိဆုံးဖြစ်သည်ဟု နော်အုန်းလှက ပြောသည်။

ထိုသို့ ပိတ်ဆို့တားဆီးရာတွင် အာဏာပိုင်များက ငှက်အိမ်ကို အတင်းလုယူစဉ် ပြန်လုယူရာမှ ထဘီ ကျွတ်ကျခဲ့ပြီး လွတ်မြောက်ခဲ့ရသည်ဟု နော်အုန်းလှက ပြန်ပြောပြသည်။

“မှတ်မှတ်ရရက ကျွန်မ ထဘီအစက ကျွတ်သွားတယ်။ ဝတ်ထားတဲ့အင်္ကျီကလည်း ခါးတိုတော့ ထဘီအစက ကျွတ်တယ်။ အဲ့တော့ ရဲက ငှက်အိမ်ကိုလွှတ်ပြီး ထဘီကို ဝတ်ခိုင်းတယ်။ သူတို့လုပ်လို့ အန်တီ ထဘီက ကျွတ်တာလေ။ အန်တီက ငှက်အိမ်မလွှတ်ဘဲ ထိုင်ချလိုက်တယ်။ သူတို့လည်း အတင်းမဆွဲရဲဘူး” ဟု သူမက ရယ်ရယ်မောမောဖြင့် ထိုအဖြစ်အပျက်ကို အမှတ်တရဆိုသည်။

၂၀၂၀ ခုနှစ်တွင်လည်း ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပမှုဖြင့် တရားရင်ဆိုင်ခဲ့ရသူ နော်အုန်းလှကို တွေ့ရစဉ်။ (ဓာတ်ပုံ – ဇေယျာမော်/ Myanmar Now) 

NLD ပါတီမှ ထုတ်ပယ်ခံခဲ့ရ

ထိုသို့ စစ်အာဏာရှင်စနစ်ကို NLD ပါတီနှင့်အတူ ရပ်တည်တိုက်ပွဲဝင်ခဲ့သော်လည်း အာဏာရှင်စနစ်၊ ဗဟိုချုပ်ကိုင်မှုစနစ်ကို လက်မခံသူဖြစ်သည့်အားလျော်စွာ ပါတီ၏လမ်းစဉ်ကို ပြန်လည် ဝေဖန်ထောက်ပြခဲ့ခြင်းကြောင့် ပါတီက ထုတ်ပယ်ခံခဲ့ရသည်။ 

“အထုတ်ခံရတာ စိတ်နာစရာတော့ မရှိပါဘူး။ နိုင်ငံရေးကို ကိုယ်လုပ်ချင်လို့ လုပ်ခဲ့ကြတာပဲ။ အန်တီ ခံယူချက်ကြောင့် ပါတီက ထုတ်လိုက်တုန်းကလည်း ဘာမှမဖြစ်ခဲ့ဘူး။ ငါ မဟုတ်တာ မလုပ်ခဲ့ဘူး။ ငါ့ကို မတရားလုပ်တာလို့ပဲ အန်တီက ခံယူထားတယ်” ဟု နော်အုန်းလှက ဆိုသည်။ 

သို့သော်လည်း သူမ၏ နိုင်ငံရေးလှုပ်ရှားမှုများမှာ ရပ်တန့်မသွားဘဲ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ တိုင်းရင်းသား တန်းတူအခွင့်အရေး ရရှိရန်အတွက် ဆက်လက်လှုပ်ရှားခဲ့ရာ စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို အကြိမ်ကြိမ်ခံခဲ့ရသည်။

နော်အုန်းလှသည် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အာဏာပိုင်များ၏ ၂၁ ကြိမ်တိုင် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ၁၁ကြိမ်မျှ ထောင်ဒဏ်အပြစ်ပေးခံခဲ့ရသည်။

‘သစ်ခုတ်သမားတို့ပါတီ’ 

နော်အုန်းလှသည် ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းကာ တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP) ကို ဦးဆောင်တည်ထောင်ခဲ့ပြီး ထိုပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့သည်။

ထိုပါတီတွင် နာယကအဖြစ် တာဝန်ယူထားသော တိုင်းရင်းသားခေါင်းဆောင် ၈ ဦးအနက် SNLD (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်) ပါတီမှ ခွန်ထွန်းဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ ပုကျင့်ရှင်းထန်တို့လည်း ပါဝင်သည်။

လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရ လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ ဟန်ချက်ညီညီသွားရန် လိုအပ်နေပြီး လွှတ်တော်တွင်းနိုင်ငံရေးမှာ အားကောင်းသည့် အခြေအနေတွင် မရှိသေးသည့်အတွက် လွှတ်တော်တွင်းနိုင်ငံရေး အားကောင်းလာစေရန် ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု နော်အုန်းလှက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဘဲ အမြဲလိုလို ဆန့်ကျင်နေသည့် နော်အုန်းလှတစ်ယောက် လွှတ်တော်နိုင်ငံရေးလမ်းကြောင်းမှ နိုင်ငံရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်မည်ဆိုသည်မှာ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များအတွက် အံ့သြစရာပင်ဖြစ်သည်။ 

၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံ၍ လွှတ်တော်လမ်းကြောင်းကို ရွေးခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံ၏လိုအပ်ချက်အရ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ဟန်ချက်ညီညီ လှုပ်ရှားဖို့ လိုအပ်၍ ရွေးကောက်ပွဲ ဝင်ရခြင်းဖြစ်သည်ဟု နော်အုန်းလှက ရှင်းပြသည်။ 

“၂၀၀၈ ကို လက်မခံဘူး။ ဒါပေမယ့် လိုအပ်ချက်အရ လုပ်ရတာဖြစ်တယ်။ အဲ့တော့ အသစ်ရေးမယ် ပြောတာပေါ့။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို မလိုချင်တဲ့အတွက် ပြင်မယ်ဆို ပြင်လို့မရတာ ဖြစ်တယ်။ အသစ်ရေးမှသာ ကျွန်မတို့ လိုချင်တဲ့အရာ ရမယ်” ဟု ၎င်းက ဆိုသည်။ 

ပါတီကို တည်ထောင်သူများမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရန် ကြိုးပမ်းခဲ့ကြသူများဖြစ်သည်ဟု ဆိုသည်။ 

အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ  

၂၀၂၀ ခုနှစ် ကရင့်အာဇာနည်နေ့အခမ်းအနားတွင် နော်စူစန်နာလှလှစိုး၊ နော်အုန်းလှနှင့် မန်းသန်းဝင်းဦးတို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ – ဇေယျာမော်/ Myanmar Now) 

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားလူမျိုးတစ်မျိုးသည် နိုင်ငံလူဦးရေ စုစုပေါင်း၏ သုည ဒသမ ၁ ရာခိုင်နှုန်းအထက်ရှိပါက ထိုတိုင်းရင်းသားများကို ကိုယ်စားပြုမည့် တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦးကို ရွေးချယ်တင်မြှောက်နိုင်သည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗမာနှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ၅ နေရာစီ၊ ချင်းနှင့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ၃ နေရာစီရှိပြီး ပအိုဝ်း၊ ရခိုင်၊ လီဆူ တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာစီနှင့် မွန်၊ ရဝမ်၊ ကချင်၊ လားဟူ၊ အာခါ၊ အင်း နှင့် ကယန်း (ပဒေါင် တိုင်းရင်းသားရေးရာဝန်ကြီး) ၁ နေရာစီ သတ်မှတ်ထားသည်။ 

ရန်ကုန်တွင် မဲပေးခွင့်ရှိသည့် ကရင်တိုင်းရင်းသား ၁၈၁,၀၀၀ ကျော်ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် နိုင်ငံရေးပါတီမှ ၇ ခုမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ၂၀၁၀ ရွေးကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီကိုယ်စားလှယ်က အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ရွေးကောက်ခံမည့် နော်အုန်းလှနှင့် နော်လှလှစိုးတို့ နှစ်ဦးမှာ ရန်ကုန်ရောက် ကရင်တိုင်းရင်းသားများကြား လူသိများသူများဖြစ်ရာ အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ်ရှိသည်။ 

၎င်းတို့နှစ်ဦးတွင် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ထုတ်သွားရန်နှင့် ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်ရန် လိုလားကြသည့် တူညီသည့် ဘုံရည်မှန်းချက်များမှာလည်း ရှိနေသည်။ 

ကရင်စာပေနှင့် ယဉ်ကျေးမှု မြှင့်တင်ဖော်ထုတ်ရေးနှင့် ကရင်တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိရေးအတွက် အလေးပေးလုပ်ဆောင်မည်ဟုလည်း ၎င်းတို့ နှစ်ဦးလုံးက ထုတ်ဖော်ပြောဆိုထားသည်။

“တရားမျှမျှတတနဲ့ ယှဉ်ပြိုင်ဖို့ အဓိကပါ။ အားလုံးကလည်း ကရင်အမျိုးသားအတွက် လုပ်မယ့်သူတွေပဲလေ။ ရိုးရိုးသားသားယှဉ်ပြိုင်ပြီး ကရင်လူထုကို ကောင်းအောင်လုပ်ပေးနိုင်တာတွေကို ချပြပြီးတော့ ကရင်လူထုတွေကလည်း ကြိုက်တဲ့လူတွေကို မဲပေးပိုင်ခွင့်ရှိပါတယ်” ဟု လာမည့်ရွေးကောက်ပွဲနှင့် ပတ်သက်၍ နော်လှလှစိုးက ပြောသည်။

တိုင်းရင်းသားရေးရာဝန်ကြီးများသည် ကိုယ်စားပြုရာ တိုင်းရင်းသားလူမျိုးများ၏ အရေးကိစ္စများကို ဆောင်ရွက်ပေးနိုင်သူများဖြစ်သည်ဟု ဥပဒေက ဆိုသည်။

“နှစ်ယောက်စလုံးက အားသာချက်တွေ မတူကြဘူး။ နှစ်ယောက်စလုံးက တစ်နေရာတည်းမှာ ဝင်ပြိုင်မှာတော့ နည်းနည်းတော့ရွေးချယ်ရတာ ကိုယ့်အတွက် ပိုပြီးအခက်အခဲဖြစ်စေတယ်” ဟု အင်းစိန်မြို့နယ်နေ ကရင်တိုင်းရင်းသားမဲဆန္ဒရှင်တစ်ဦးဖြစ်သည့် နော်ခင်မိုးအေးက Myanmar Now ကို ပြောသည်။ 

“အခုချိန်က တော်လှန်ရေးမပြီးသေးဘူး။ ဒါ အလွယ်ကူဆုံး နားလည်အောင်ပြောတာ။ အန်တီတို့ ခံယူချက်က ဒီလိုပဲဖြစ်တယ်။ လွှတ်တော်ထဲသွားတယ်ဆိုတာ တော်လှန်ရေးပြန်စတာပဲ” ဟု ခိုင်မာပြတ်သားသည့် အသံဖြင့် နော်အုန်းလှက ဆိုသည်။

“သစ်ခုတ်သမားတို့ ပြန်လာပြီ” ဆိုသည့် ပါတီ၏ကြွေးကြော်သံနှင့်အတူ ရန်ကုန်တိုင်းအနှံ့ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်များ စိုက်ထူနေသူ နော်အုန်းလှတစ်ယောက် လွှတ်တော်လမ်းကြောင်းမှတစ်ဆင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်မည်လားဆိုသည်က ရွေးကောက်ပွဲအလွန် ကာလအထိ ဆက်လက်စောင့်ကြည့်ရမည့် ပုစ္ဆာတစ်ပုဒ်သာ ဖြစ်သည်။

Related Articles

Back to top button