ဆောင်းပါးရွေးကောက်ပွဲ

ပါတီကြီးတွေကြားက ရုန်းကန်ရမဲ့ တိုင်းရင်းသားပါတီငယ်များ 

ရှမ်းပြည်နယ်ထဲမှာ မတူညီကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးစုငယ် အုပ်စုကွဲ များပြားသလို အချို့သော လူမျိုးစုများဟာ ဒေသတွင်း နိုင်ငံရေးနယ်ပယ်မှာလည်း ကိုယ်ပိုင်အမာခံနယ်မြေ အသေအချာပိုင်ဆိုင်ထားကြတယ်ဆိုတာပါပဲ။ 

၁၉၉၀ ရွေးကောက်ပွဲမှာကတည်းက ရှမ်းအပြင် ဓနု၊ တအာင်းပလောင် ၊ လားဟူ ၊ ကိုးကန့်၊ ‘ဝ’ ၊ အင်း ၊ ကယန်း နဲ့ ပအို့ဝ် ပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာတွေ့ရသလို ‘ဝ’ နဲ့ အင်း တိုင်းရင်းသားပါတီ တို့ကလွဲလို့ ကျန် တိုင်းရင်းသားပါတီများဟာ သက်ဆိုင်ရာ အားကောင်းတဲ့ နယ်မြေတွေမှာ အနိုင်ရရှိခဲ့တာလည်းတွေ့ရပါတယ်။  ၂၀၁၅ ရွေးကောက်ပွဲမှာတော့ လောဝေါ၊ အခါစတဲ့ တိုင်းရင်းသားများပါ ထပ်တိုး ပါဝင်ယှဉ်ပြိုင်လာတာတွေ့ရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကာလကတည်းက တစ်သမတ်တည်း နိုင်ငံရေး အားကောင်းမှုကို ထိန်းထားနိုင်ပြီး အမာခံနယ်မြေများကို ပိုင်ဆိုင်ထားနိုင်တဲ့ တိုင်းရင်းသားအင်အားစုတွေကတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ တအာင်းပလောင် ၊ ပအို့ဝ် ၊ ‘ဝ’ နဲ့ ကိုးကန့် ပါတီတွေပဲဖြစ်ပါတယ် ။ 

ယှဉ်ပြိုင်မှုရလဒ်တွေက ပြသနေတဲ့ ၁၉၉၀ ကနေ ၂၀၁၅ အထိ လွန်ခဲ့သော၂၅ နှစ်တာ ကြားကာလအတွင်း ဖြစ်ပေါ်ခဲ့သော ဒေသတွင်းနိုင်ငံရေးပြောင်းလဲမှု အခြေအနေတွေကတော့ ဓနု ၊အင်း ၊ ကယန်း နဲ့ လားဟူ နိုင်ငံရေးအင်အားစုတွေဟာ ရှမ်းပြည်နယ်ထဲက သူတို့ ရဲ့ အမာခံဒေသတွေမှာ ပါတီကြီးတွေဖြစ်တဲ့ NLD နဲ့ USDP တို့ ရဲ့လွှမ်းမိုးအနိုင်ယူမှုကို ခံလိုက်ရပြီး နိုင်ငံရေးသြဇာကျဆင်းသွားတာပဲဖြစ်ပါတယ်။ ဓနုပါတီတစ်ခုဖြစ်တဲ့ ပြည်ထောင်စုဓနု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ကလောမဲဆန္ဒနယ်မှာ အနိုင်ရခဲ့ပါတယ်၊ သို့သော်လည်း ၁၉၉၂ ခုနှစ်မှာ ပါတီကို ဖျက်သိမ်းခံခဲ့ရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ဓနုတိုင်းရင်းသားကိုယ်စားပြုပါတီ ပေါ်ထွက်မလာသေးတာကြောင့် ဓနုကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့တာကိုတွေ့ရပါတယ်။ ၂၀၁၂ ရောက်မှ NLD ပါတီ နဲ့ SNLD တို့ မှတ်ပုံပြန်တင်ပြီးနောက် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီလည်း မှတ်ပုံတင်ကာ ပေါ်ထွက်လာပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ၄ နေရာ ၊ အမျိုးသားလွှတ်တော် ၃ နေရာ ၊ ပြည်နယ် လွှတ်တော်မှာ ၁၁ နေရာမှာ ဝင်ပြိုင်ခဲ့တာတွေ့ရပါတယ်။ 

အားလုံးသိတဲ့အတိုင်းပဲ ၂၀၁၅ ရွေးကောက်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီရဲ့ နှစ်ပေါင်း ၂၅ နှစ်ကြာမှ ပထမဆုံးအကြိမ် ပြန်လည်အားစမ်းတဲ့ပွဲဖြစ်သလို ဒီအားစမ်းမှုရဲ့နောက်ကွယ်မှာ တစ်နိုင်ငံလုံးရဲ့ နိုင်ငံရေးနိုးကြားမှုက ကပ်ပြီး ပါလာတာဖြစ်လို့ နိုင်ငံတစ်ဝန်း မဲဆန္ဒနယ်တိုင်းလိုလိုမှာ ဒီအားစမ်းမှုရဲ့ အရှိန်ဂယက်က ပါလာပါတယ်။ ဒီဂယက်လှိုင်းကို ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီလည်း ခံခဲ့ရတယ်လို့ပြောရမယ် ထင်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဓနုတွေ အောင်ပွဲခံခဲ့တဲ့ ကလောမဲဆန္ဒနယ်မှာ NLD က မဲရလဒ် ၅၂% နဲ့ အနိုင်ရခဲ့ပြီး ဓနုပါတီက ၃.၇% ထောက်ခံမဲသာ ရရှိခဲ့တာတွေ့ရသလို ကျန်နေရာတွေမှာလည်း အလားတူရှုံးနိမ့်ခဲ့ပါတယ်။ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီက ပြည်သူ့လွှတ်တော်မှာ ရှုံးနိမ့်ထားတဲ့ ကလောကိုရှောင်ပြီး နောင်ချို နဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယနဲ့ ရွာငံမှာပဲ ပြည်သူ့လွှတ်တော် ၂ နေရာ နဲ့ အမျိုးသားလွှတ်တော် ၁ နေရာ ဝင်ပြိုင်ဖို့ ရွေးချယ်ထားပါတယ်။ နောင်ချိုမှာ အဓိကအားကောင်းတဲ့ ယှဉ်ပြိုင်ဘက်က NLD ဖြစ်ပြီး ကိုယ်စားလှယ်လောင်းက လက်ရှိ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ဖြစ်ပါတယ်။ ဦးထွန်းထွန်းဟိန်ဟာ ဒီမဲဆန္ဒနယ်မှာပဲ NLD ကိုယ်စားပြုပြီး ၁၉၉၀ ရွေးကောက်ပွဲမှာလည်း အနိုင်ရရှိခဲ့သူလည်းဖြစ်ပါတယ်။ ပင်းတယ နဲ့ ရွာငံမှာတော့ အခြား ဓနုတိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ဓနုအမျိုးသားများအဖွဲ့ချုပ်နဲ့ပါ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် မဲကွဲမယ့်အရေးကိုလည်း ကြိုတွေးထားရမှာဖြစ်ပါတယ်။ မဲရလဒ်တွေရဲ့ဖော်ပြချက်အရတော့ ဓနုတိုင်းရင်းသားပါတီအနေနဲ့ ထောက်ခံမဲအများဆုံးရရှိခဲ့တဲ့ နေရာတွေကတော့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံ နဲ့ နောက်တစ်နေရာက နောင်ချိုဖြစ်ပေမယ့် ပါတီကြီး ၂ ခု ရမဲအရေအတွက်ကို မမီနိုင်တဲ့အပြင် အတော်ကွာခြားနေတာကိုတွေ့ရပါတယ်။

ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီထောက်ခံသူများ၏ မဲဆွယ်စည်းရုံးမှုကိုတွေ့ရစဉ် (ဓာတ်ပုံ – ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ Facebook)

ရှမ်းပြည်နယ်တွင်းက ကယန်းတိုင်းရင်းသားတွေ့ရဲ့ အမာခံနယ်မြေတစ်ခုဖြစ်တဲ့ ဖယ်ခုံမဲဆန္ဒနယ်မှာတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ ကယန်းအမျိုးသားများစည်းလုံးညီညွတ်ရေးဒီမိုကရေစီအဖွဲ့က ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကယန်းအမျိုးသားပါတီက ကြံ့ခိုင်ရေးပါတီကို မဲ ၂ ထောင်ကျော်အကွာ (၄၂.၂၁% -၃၅.၇၉%) နဲ့ ရှုံးခဲ့ရာက ဖယ်ခုံကို စတင်လက်လွှတ်ခဲ့ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဖယ်ခုံပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဟာ NLD နဲ့ ကြံ့ခိုင်ရေးပါတီ အဓိကယှဉ်ပြိုင်ရတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး စုစုပေါင်းဆန္ဒမဲ ၄ သောင်းခွဲနီးပါး မဲပေးခဲ့ကြရာမှာ NLD က ၂ သောင်းကျော်နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီက မဲ ၁ သောင်းခွဲကျော် ရရှိခဲ့သော်လည်း ကယန်းအမျိုးသားပါတီက မဲ ၅၀၀၀ ကျော်သာ ရရှိခဲ့တာတွေ့ရပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ကယန်းပါတီက ဖယ်ခုံမဲဆန္ဒနယ်မှာ ဝင်ပြိုင်ဦးမှာဖြစ်ပြီး ပြည်မအခြေပြုပါတီကြီးတွေက ပြိုင်ဘက်အဖြစ် ဝန်းရံနေတာကို တွေ့ရပါတယ်။ ဒီတစ်ခေါက်မှာတော့ ၂၀၁၅ တုန်းက ဝင်ပြိုင်ခဲ့တဲ့ SNLD ပါ ဖယ်ခုံကို လက်ရှောင်သွားတာ တွေ့ရတဲ့အတွက် ဒီတစ်ခါလည်း ကယန်းအမျိုးသားပါတီအနေနဲ့ ပြိုင်ဘက်ပါတီကြီးတွေအကြားမှာ အတော်လေးရုန်းကန်ရမယ့် အနေအထားလို့ ပြောရမှာဖြစ်ပါတယ်။

ဒီနေရာမှာ အင်း နဲ့ လားဟူတိုင်းရင်းသားများရဲ့ နိုင်ငံရေးအရဆုတ်ယုတ်မှုကို စိတ်မကောင်းဖြစ်စရာတွေ့ရတဲ့အကြောင်း ပြောချင်ပါတယ်။ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ၁၉၉၁ ခုနှစ်မှာပဲ ပါတီကို ဖျက်သိမ်းခဲ့ပါတယ်။ ၂၀၁၀ မှာ အထွေထွေရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပဖို့ အကြောင်းရှိလာတဲ့အခါမှာ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ပါတီပေါ်ပေါက်လာပြီး အင်းသားအများစုနေထိုင်ရာ ညောင်ရွှေပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နဲ့ အမျိုးသားလွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကာ ပြည်သူ့လွှတ်တော်နေရာရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကို မဲ ၂ သောင်းကျော် ကွာဟချက် အသာစီးနဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။( ညောင်ရွှေအပြင် တောင်ကြီး ၊ ဖယ်ခုံ ၊ ရပ်စောက် နဲ့ ကလောနယ်များ ပါဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁ မှာတော့ ရှုံးနိမ့်ခဲ့ပါတယ် )။ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ ဆန္ဒမဲ ၉ သောင်းနီးပါး ပေးခဲ့ကြတဲ့ ညောင်ရွှေမဲဆန္ဒနယ်မှာ ထောက်ခံမဲ ၅ သောင်းကျော် ရရှိခဲ့ပါတယ်။ သို့သော်လည်း NLD စတင်ဝင်ရောက် ယှဉ်ပြိုင်တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ညောင်ရွှေမှာ NLD က မဲ ၅ သောင်းနီးပါးရရှိပြီး အနိုင်ရရှိခဲ့သလို ဒုတိယမဲအများဆုံးရရှိတဲ့ ပါတီက ကြံ့ခိုင်ရေးဖြစ်နေတာတွေ့ရပါတယ်၊ ကြံ့ခိုင်ရေးပါတီဟာ ၂၀၁၀ မှာ ရရှိခဲ့တဲ့ မဲအရေအတွက်ကို ၂၀၁၅ မှာလည်း ထိန်းထားနိုင်တာတွေ့ရပါတယ်။ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ရရှိခဲ့တဲ့ မဲကတော့ မဲ ၇ ထောင်ကျော်ကို ကျဆင်းရရှိသွားတာတွေ့ရပါတယ်။ အခုလို တိုင်းရင်းသားလူမျိုးစုငယ်တွေရဲ့ ပါတီတွေ သူတို့နေထိုင်ရာဒေသမှာ အခုလို အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာဟာ အထက်မှာ တင်ပြခဲ့သလို NLD ပါဝင် ရွေးကောက်ခံခြင်းကနေဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအုံကြွမှုလှိုင်းကြီးမိသွားတဲ့ သဘောပဲလို့ ပြောရမယ်ထင်ပါတယ်။ အခုလာမယ့် ၂၀၂၀ မှာတော့ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ညောင်ရွှေပြည်သူ့လွှတ်တော် ၁ နေရာ နဲ့ ပြည်နယ်လွှတ်တော် ၁ နေရာပဲဝင်ရောက်ယှဉ်ဖို့ ပြင်ဆင်ထားတာတွေ့ရပါတယ် ။ ( အင်းအမျိုးသားအဖွဲ့ချုပ်ကတော့ ပြည်သူ့လွှတ်တော် ၁ နေရာ ပြည်နယ်လွှတ်တော် ၄ နေရာ ဝင်ပြိုင်ဖို့ ပြင်ဆင်ထားတာတွေ့ရပါတယ် )။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝန်းရံထောက်ခံသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ဉာဏ်လှိုင်လင်း/ Myanmar Now)

လားဟူတိုင်းရင်းသားများရဲ့ နိုင်ငံရေးလှုပ်ရှားရုန်းကန်မှုကို ကြည့်မယ်ဆိုရင်လည်း ၁၉၉၀ ရွေးကောက်ပွဲမှာ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက မိုင်းပျဉ်း( မိုင်းပျင်း/မိုင်းပြင်း) မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တာတွေ့ရပေမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော်အတွက် တန့်ယန်း၊ မက်မန်း နဲ့ မိုင်းပျဉ်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မိုင်းပျဉ်း နဲ့ တန့်ယန်းမှာ ကြံ့ခိုင်ရေးပါတီကို အပြတ်အသတ် ရှုံးနိမ့်ခဲ့တာတွေ့ရပါတယ်၊ ရရှိခဲ့တဲ့ မဲဟာလည်း အတူဝင်ပြိုင်ခဲ့သော ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ SNDP ထက်ပင် နည်းပါးခဲ့တာတွေ့ရပါတယ်။ လူ ၈၀၀၀ မဲလာပေးခဲ့တဲ့ မက်မန်းမှာတော့ ‘ဝ’ ဒီမိုကရက်တစ်ပါတီကို ကပ်ပြီးရှုံးခဲ့တာဖြစ်ပါတယ် ၊ ရာခိုင်နှုန်းအားဖြင့် ၅၇%-၄၂% ဖြစ်ပါတယ် ။ ၂၀၁၅ မှာလည်း ကြံ့ခိုင်ရေးကို ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။ ဒီနေရာမှာတော့ သုံးသပ်စရာ တစ်ခုရှိလာပါတယ် ၊ NLD ပါတီ က ၂၀၁၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့၂၀၀၈ အခြေခံဥပဒေရဲ့ ပထမဆုံးအကြိမ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ဘဲ ဒုတိယအကြိမ်ကျင်းပတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အခါ တိုင်းပြည်အနှံ့အပြားက မဲဆန္ဒနယ်တွေမှာ အခြားပါတီတွေရဲ့မဲရရှိမှုတွေဟာ ၂၀၁၀ တုန်းကရခဲ့တဲ့ မဲရလဒ်နဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေ ကြုံခဲ့ကြရတာကိုတွေ့ရပါတယ်။ ၂၀၁၅ မဲ ရလဒ်တွေအရ လူနှစ်သောင်းနီးပါး မဲပေးခဲ့တဲ့ လားဟူတိုင်းရင်းသားတွေရဲ့ မိုင်းပျဉ်းမဲဆန္ဒနယ်ကို မဲရရှိမှု ကိန်းဂဏန်းတွေအရ လေ့လာကြည့်တဲ့အခါမှာ ၂၀၁၀ နဲ့ ၂၀၁၅ ၂ ကြိမ်စလုံး အနိုင်ရရှိခဲ့တဲ့ ကြံ့ခိုင်ရေးပါတီဟာ ပထမတစ်ကြိမ်မှာတုန်းက မဲအရေအတွက် ၁ သောင်းခွဲ ရခဲ့သော်လည်း ၂၀၁၅ မှာ မဲ ၇၅၀၀ ကျော်သာ ရရှိခဲ့ပြီး ရမဲ ထက်ဝက်ကျော် ကျသွားတာတွေ့ရပါတယ်။ အသစ်ဝင်ပြိုင်လာတဲ့ NLD ပါတီကလည်း မဲအရေအတွက် ၃ ထောင်ကျော်သာရရှိပြီး SNLD က မဲ၃၅၀၀ ကျော်ရရှိထားပါတယ်။ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက မဲ ၂၅၀၀ ကျော်သာ ရထားတာတွေ့ရပါတယ်။ ပြဿနာက အဲဒီမှာ ပယ်မဲ ၄ ထောင်နီးပါး ရှိနေတာပဲဖြစ်ပါတယ်။ ဒါဟာ စိတ်ဝင်စားစရာကောင်းတဲ့ ကိန်းဂဏန်းတစ်ခုဖြစ်ပါတယ် ၊ ရှုံးသွားတဲ့ ပါတီတစ်ခုချင်းစီရဲ့ ရမဲထက်တောင် များနေတာတွေ့ရပါတယ်။ ဘာပဲပြောပြော ဒီ မိုင်းပျဉ်းမဲဆန္ဒနယ်ဟာလည်း ၂၀၂၀ မှာ စိတ်ဝင်စားစရာကောင်းမယ့် မဲဆန္ဒ နယ်တစ်ခုဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။ အခုဆိုရင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ ပြည်ထောင်စုလွှတ်တော်နေရာတွေကို လက်လွှတ်ခဲ့ရသလို ရှမ်းပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မှာလည်း ၁၈ နေရာ ပြိုင်ခဲ့ပြီး မက်မန်း (၂) ၁ နေရာကိုသာ အနိုင်ရရှိထားခဲ့တာကိုတွေ့ရပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ မိုင်းပျဉ်း ၊ မိုင်းဆတ် ၊ မိုင်းတုံ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃ နေရာနဲ့ အမျိုးသားလွှတ်တော် အမှတ် ( ၃ ) ၁ နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။၂၀၁၅ ရွေးကောက်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့ ရလဒ်တွေအရတော့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ ပြည်ထောင်စုလွှတ်တော်ကို တက်လှမ်းဖို့တော့ အတော်လေးရုန်းကန်ရဦးမှာ သေချာပါတယ်။ ပြည်နယ်လွှတ်တော်မှာရရှိထားတဲ့ ၁ နေရာကိုပါ လက်လွှတ်ဆုံးရှုံးပြီး ပြည်နယ်လွှတ်တော်ကိုပါ ကျော်ခိုင်းထွက်ရမယ့်အဖြစ်ကို မရောက်ဖို့အတွက်တော့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁၂ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားတာတွေ့ရတဲ့အတွက် လားဟူပါတီ ကံကောင်းပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

အခုတစ်ခါ ပအို့ဝ် နဲ့ ကိုးကန့် တိုင်းရင်းသားတွေဘက်ကို လေ့လာကြည့်ပါမယ်။ ပအို့ဝ်ကတော့ သူ့ရဲ့ မူလအမာခံဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေတွေဖြစ်တဲ့ ဆီဆိုင်၊ ပင်လောင်း နဲ့ ဟိုပုံး မဲဆန္ဒနယ်တွေကို ထိန်းထားနိုင်တာကို တွေ့ရသလို ကိုးကန့်ပါတီကလည်း ၁၉၉၀ ကတည်းကနိုင်ခဲ့တဲ့ ကွမ်လုံကို ထိန်းထားနိုင်တာတွေ့ရပါတယ်။ သို့သော်လည်း ၂၀၁၅ မှာတော့ ကွမ်လုံမှာ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီက ကြံ့ခိုင်ရေးကို ၅၉ မဲ တည်းနဲ့ ကပ်နိုင်ခဲ့တာတွေ့ရပါတယ် ၊ ထောက်ခံမဲရရှိမှု ရာခိုင်နှုန်းအားဖြင့် ၂၉.၄၉%-၂၉.၁၅% ဖြစ်နေတာကြောင့် ကိုးကန့်တိုင်းရင်းသား အမာခံမဲဆန္ဒနယ်ဟာလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ အောင်ပွဲကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် ခြိမ်းခြောက်ခံနေရပြီလို့တောင် ဆိုနိုင်ပါတယ်။ ပအို့ဝ်ကတော့ ရှမ်းပြည်နယ်ထဲက လူမျိုးစုငယ်တွေအကြားမှာ အခြေအနေအကောင်းဆုံးလို့ ဆိုရပါလိမ့်မယ် ၊ အထူးသဖြင့် UPNO ဆိုတဲ့ ပြည်ထောင်စု ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲကတည်းက သူ့ရဲ့ အမာခံဒေသတွေဖြစ်တဲ့ ဆီဆိုင် ၊ပင်လောင်းနဲ့ ဟိုပုံး မဲဆန္ဒနယ်တွေမှာ အနိုင်ရရှိခဲ့တာတွေ့ရပါတယ် ။ 

၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းဖို့အတွက် ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲတွေကို၂၀၁၀ ခုနှစ်မှာ ပြန်လည်ကျင်းပတဲ့ အခါမှာတော့ ပါတီအသစ်တစ်ရပ်အနေနဲ့ ပအို့ဝ်နိုင်ငံရေးအင်အားစုတွေ ပေါင်းစည်းပြီး ထူထောင်လာတဲ့ ပအိုဝ့်အမျိုးသားအဖွဲ့ချုပ် PNO အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ ထူးခြားစွာပဲ ၂၀၀၈ အခြေခံဥပဒေအရ တရားဝင် ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်လာတဲ့ ဆီဆိုင်၊ ပင်လောင်း နဲ့ ဟိုပုံးမှာ PNO ကို ယှဉ်ပြိုင်မယ့် ပြိုင်ဘက်ပါတီမရှိတာကြောင့် ရွေးကောက်ပွဲတောင် ကျင်းပစရာမလိုပဲ PNO က ၂၀၁၀ မှာ အနိုင်ရရှိခဲ့တာ တွေ့ရပါတယ်။ NLD ပါဝင်ယှဉ်ပြိုင်လာပြီးနောက် ပိုပြီးမြိုင်ဆိုင်လာခဲ့တဲ့၂၀၁၅ ရွေးကောက်ပွဲမှာလည်း အဆိုပါ အမာခံမဲဆန္ဒနယ်တွေမှာပဲ ပြည်သူ့လွှတ်တော်အတွက် ၃ နေရာ အမျိုးသားလွှတ်တော် အတွက် ၁ နေရာ မှာ PNO က အနိုင်ရရှိခဲ့ပြန်ပါတယ်။ 

မကြာသေးမီက နိုင်ငံတော်မီဒီယာကနေ ထုတ်လွှင့်သွားခဲ့တဲ့ PNO ပါတီရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဟောပြောချက်မှာ PNO အဖွဲ့အစည်းဟာ ၁၉၄၇ ကတည်းက အစပြုဖွဲ့စည်းခဲ့တဲ့ ပအို့ဝ်အမျိုးသားအစည်းအရုံး အဖွဲ့အစည်းကို အခြေပြုပေါက်ဖွားလာခဲ့တာဖြစ်ပြီး UPNO နိုင်ငံရေးပါတီအဖြစ် ၁၉၅၀မှာ စတင်ရပ်တည်ပြီး ၁၉၅၂ ၊ ၁၉၅၆ နဲ့ ၁၉၆၀ ခုနစ်တွေမှာ ကျင်းပခဲ့သော ပါလီမန် အထွေထွေရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို ၁၉၅၆ ခုနှစ်မှာ အနိုင်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီအချက်တွေကို ကြည့်မယ်ဆိုရင် ပအို့ဝ်တိုင်းရင်းသားတွေရဲ့နိုင်ငံရေးဖြတ်သန်းမှုနဲ့ ရင့်ကျက်ခိုင်မာမှုဟာ ဒီကနေ့ PNO ရဲ့နောက်ကွယ်မှာ ရှိနေတာ အံသြစရာမဟုတ်ဘူးဆိုတာ တွေ့ရပါတယ်။ အထူးသဖြင့် တပ်မတော်အစိုးရလက်ထက်ကနေ ကနဦးကူးပြောင်းရေး ကာလ ၂၀၁၀ ခုနှစ်အထိ အာဏာပိုင် တပ်မတော်အစိုးရ ၊ အာဏာရပါတီ ကြံ့ခိုင်ရေးခေါင်းဆောင်တွေနဲ့ ကောင်းမွန်တဲ့ မဟာမိတ်ဆက်ဆံရေး ရှိခဲ့တာဟာ အောင်မြင်မှုရဲ့နောက်ကွယ်က အရေးပါတဲ့ အစိတ်အပိုင်းတွေအဖြစ် တွေ့မြင်ရပါတယ်။ ကြံ့ခိုင်ရေးပါတီဆိုရင်လည်း ၂၀၁၀ ရွေးကောက်ပွဲမှာရော ၂၀၁၅ ရွေးကောက်ပွဲမှာပါ PNO ရဲ့ နယ်မြေတွေကို လက်ရှောင်ခဲ့ပြီး အခု ၂၀၂၀ မှာလည်း အဲဒီမဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘဲ ထပ်ပြီးလက်ရှောင်ထားပြန်ပါတယ်။ ဒေသတွင်း နိုင်ငံရေးအသိုင်းအဝိုင်းမှာတော့ PNO ရဲ့ သြဇာဟာ လက်နက်ကိုင်အဖွဲ့အဖြစ် ရပ်တည်ခဲ့စဉ်က တည်ဆောက်ထားတဲ့ ဒေသတွင်း စူးရောက်မှုရှိတဲ့ သြဇာဖြစ်တာကြောင့် အခုလို ရွေးကောက်ပွဲနိုင်ငံရေးအထိ ဒေသတွင်းမဲဆန္ဒရှင်တွေအပေါ် သက်ရောက်မှုကြီးမားနေတာဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ထုံးစံအတိုင်း အမာခံနယ်မြေ ၃ ခု ရဲ့ ပြည်သူ့လွှတ်တော် ၃ နေရာ နဲ့ အမျိုးသားလွှတ်တော် ၁ နေရာ အပြင် ၂၀၁၅ မှာ ရလဒ်အားကောင်းခဲ့တဲ့ တောင်ကြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာပါ ထပ်မံဝင်ရောက်ယှဉ်ပြိုင်ဦးဖြစ်ပါတယ်။ မကြာသေးမီကပဲ PNO ခေါင်းဆောင်တစ်ဦး က တောင်ကြီးမြို့နယ်ထဲက ကျေးရွာလူထုတွေ့ဆုံပွဲတစ်ခုမှာ “တောင်ကြီးဟာ အာဆီယံလမ်းကြောင်းပါမှာ တည်ရှိနေသလို ပအို့ဝ်လူမျိုး အများဆုံးနေထိုင်ရာ မြို့ဖြစ်တာကြောင့် တောင်ကြီးမှာ PNO ပါတီအနေနဲ့ အနိုင်ရဖို့ အရေးကြီးကြောင်း” ပြောကြားခဲ့တာ တွေ့ရပါတယ်။ ပအို့ဝ်ပါတီ PNO ရဲ့အလားအလာကတော့ တက်ရိပ်ပဲပြနေတာ တွေ့ရပါတယ် ၊ NLD အနိုင်ရနယ်မြေတစ်ခုကိုတောင် ခြိမ်းခြောက်ထားနိုင်တာဖြစ်လို့ ကြံ့ခိုင်ရေးအတွက် မဟာမိတ်နယ်မြေတစ်ခု ထပ်တိုးလာနိုင်မယ့် စိတ်ကူးယဉ်စရာ ရလဒ်တစ်ခုလည်းဖြစ်ပါတယ်။

ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်ထောက်ခံသူများကိုတွေ့ရစဉ် (ဓာတ်ပုံ – ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် facebook)

တအာင်းပလောင် တိုင်းရင်းသားများအနေနဲ့ကတော့ ၁၉၉၀ ကတည်းက အောင်နိုင်ခဲ့တဲ့ ကွတ်ခိုင်နဲ့ နမ့်ဆန်နေရာကို ၂၀၁၅ တိုင်အောင် ထိန်းထားနေသေးတာ တွေ့ရပါတယ်။ ၁၉၉၀ တုန်းက ရွေးကောက်ပွဲအောင်နိုင်ခဲ့သော တအာင်းပလောင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၂ မှာ ဖျက်သိမ်းခံခဲ့ရပါတယ်။ အခုမျက်မှောက်ကာလမှာ တည်ထောင်လှုပ်ရှားနေတဲ့ တအာင်းပလောင်အမျိုးသားပါတီဟာ ၂၀၁၀ ခုနှစ်မှာ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ စတင် ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ၁၉၉၀တုန်းက တအာင်းပလောင်ပါတီဟာ ကွတ်ခိုင်နဲ့ နမ့်ဆန်မှာ အနိုင်ရရှိခဲ့ပါတယ် ၊ ၂၀၁၀ မှာတော့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ကွတ်ခိုင် နဲ့ ကျောက်မဲ ၊ မန်တုံ၊ နမ့်ခမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာ အမှတ် ၅ နဲ့ အမှတ်၁၀ မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်ရဲ့ အချို့လူမျိုးစုငယ်ဒေသတွေမှာ ပြိုင်ဘက်ပါတီမရှိလို့ တစ်ပါတီတည်း မဲပုံးမထောင်ရဘဲ အနိုင်ရသွားတဲ့နေရာတွေ ရှိနေတာပဲဖြစ်ပါတယ်။ 

အဲဒီထဲမှာ တအာင်းပလောင်အမျိုးသားပါတီ ဝင်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်တွေ ပါဝင်နေပါတယ်။ တအာင်းအမျိုးသားပါတီဟာ ပြည်သူ့လွှတ်တော်အတွက် ၄ နေရာ ဝင်ပြိုင်ခဲ့ပြီး အဲဒီအထဲက ပြိုင်ဘက်မရှိတဲ့ မန်တုံမှာသာ အနိုင်ရခဲ့ပါတယ် ၊ ကျန်တဲ့ကျောက်မဲ နဲ့ နမ့်ခမ်းမှာ SNDP ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကို ရှုံးပြီး ကွတ်ခိုင်မှာ ကြံ့ခိုင်ရေးပါတီကို ရှုံးခဲ့ပါတယ် ၊ ဒီလိုပဲ အမျိုးသားလွှတ်တော်အတွက် ဝင်ပြိုင်တဲ့ ၂ နေရာမှာ မူဆယ်ခရိုင်ဖြစ်တဲ့ မဲဆန္ဒနယ် ၅ မှာ ကြံ့ခိုင်ရေးကို ရှုံးပြီး ပြိုင်ဘက်မရှိတဲ့ မဲဆန္ဒနယ် ၁၀ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ အနိုင်ရခဲ့ပါတယ်။ ၂၀၁၅ မှာတော့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၇ နေရာ မှာ ဝင်ပြိုင်ပြီး ၃ နေရာ အနိုင်ရကာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်၃ နေရာမှာ ဝင်ပြိုင်ပြီး ၂ နေရာမှာ အနိုင်ရရှိခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ၁၉၉၀ က အနိုင်ရခဲ့တဲ့ နမ့်ဆန်မှာ ပြန်လည်အနိုင်ရရှိခဲ့သလို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်းဖြစ်တဲ့ မန်တုံနဲ့အတူ နမ့်ခမ်းမှာပါ အနိုင်ရခဲ့တာဖြစ်ပါတယ် ။ 

တအာင်း(ပလောင်)အမျိုးသားပါတီထောက်ခံသူများကို တွေ့ရစဉ် (ဓာတ်ပုံ – Ta’arng National Party Facebook)

အနိုင်ရရှိခဲ့တဲ့ အမျိုးသားလွှတ်တော် ၂ နေရာကတော့ မဲဆန္ဒနယ် အမှတ် ၅ မူဆယ်ခရိုင် နဲ့ အမှတ် ၁၀ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေ ဖြစ်ပါတယ်။ ပလောင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ မဲဆန္ဒနယ် အမှတ် ၁၀ မှာ ပြိုင်ဘက်ကြံ့ခိုင်ရေးပါတီကို မဲ ၃ သောင်းကျော်ဖြတ်ပြီး အနိုင်ရရှိခဲ့ပေမယ့် အမှတ် ၅ မူဆယ်ခရိုင် ယှဉ်ပြိုင်မှုမှာတော့ ပြိုင်ဘက်ကြံ့ခိုင်ရေးပါတီကို ၁၉၉ မဲ နဲ့ ကပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အကြိတ်အနယ် ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပြီး နှစ်ဖက်စလုံး မဲ ၄ သောင်းကျော် ရရှိခဲ့ကာ အစွန်းထွက်မှာ မဲ ၂၀၀ လောက် သာပြီး တအာင်းပလောင်ပါတီက အနိုင်ရရှိခဲ့တာပါ။ အခု ၂၀၂၀ မှာလည်း အမှတ် ၅ မူဆယ်ခရိုင်ရဲ့ ရွေးကောက်ပွဲရလဒ်ဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းစွာ စောင့်ကြည့်ရမယ့် အနေအထားမှာရှိပါတယ် ။ 

ဒီနေရာမှာ တအာင်းပလောင်ရဲ့ နိုင်ငံရေးကံဇာတာတက်တယ်လို့ ဆိုရမလား အတွင်းတိုက်ပွဲတွေကြောင့် ကွဲကြပြဲကြတဲ့ ပါတီကြီးတွေ ၊ လူထုထောက်ခံမှုရရှိသော်လည်း မပေါင်းစည်းနိုင်ဘဲ မာနအလံထူနေကြတဲ့ ပါတီတွေအတွက် သင်ခန်းစာဖြစ်စေမယ့် ထူးခြားချက်တစ်ချက်ကို တအာင်းပလောင်ပါတီရဲ့ အနိုင်ရမဲဆန္ဒနယ်တစ်ခုက သက်သေပြနေပါတယ်။ အဲဒါကတော့ ၁၉၉၀ ရွေးကောက်ပွဲ မှာ SNLD အနိုင်ရခဲ့သလို ၂၀၁၀ မှာ SNDP က အနိုင်ရခဲ့တဲ့ နမ့်ခမ်းကို ၂၀၁၅ မှာ တအာင်းပလောင်က အနိုင်ပြန်ယူခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲရဲ့ နမ့်ခမ်းမဲရလဒ်တွေအရ တအာင်းပလောင်ပါတီက မဲ ၂သောင်း နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အဓိကပြိုင်ဘက်တွေဖြစ်တဲ့ SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် နဲ့ SNDP ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတွေက မဲ တစ်သောင်းကျော်စီ ရရှိပြီး ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ် ။ 

တကယ်တော့ SNLD နဲ့ SNDP ရှမ်းပါတီ ၂ ပါတီရဲ့ ရမဲ ၂ ခုပေါင်းဟာ တအာင်းပလောင်ပါတီ ရမဲထက် ၃ ထောင်ကျော် သာလွန်နေတာ တွေ့ရပါတယ်။၂၀၁၀ ရွေးကောက်ပွဲမှာတုန်းက SNDP က ဒီမဲဆန္ဒနယ်မှာ မဲ ၂ သောင်းကျော် ရရှိခဲ့ပြီး တအာင်းပလောင်ပါတီ ကို မဲ ၅ ထောင်ကျော် ဖြတ်ပြီး အနိုင်ရခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း၂၀၁၅ မှာတော့ SNLD က ထပ်တိုး ဝင်ရောက်ယှဉ်ပြိုင်လာတာကြောင့် ရှမ်းပါတီ ၂ ပါတီဖြစ်သွားပြီး ရှမ်းမဲတစ်ဝက်စီ ကွဲသွားကာ မဲတစ်စုတစ်စည်းတည်း ရရှိသွားတဲ့ တအာင်းပလောင်ပါတီက အနိုင်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်။ အခု ၂၀၂၀မှာလည်း နမ့်ခမ်းပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ အခုပုံစံအတိုင်း ၃ ပါတီ တည်မိနေပြန်ပြီဖြစ်ပါတယ်။ တအာင်းပလောင်က ကိုယ်စားလှယ်လောင်းကတော့ လက်ရှိ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်ပဲ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ရှမ်းပါတီ ၂ ခုစလုံးကတော့ လူလဲကစားတာ တွေ့ရပါတယ် ၊ ဘာပဲပြောပြော နမ့်ခမ်း ရွေးကောက်ပွဲရလဒ်ဟာလည်း စိတ်ဝင်စားစရာကောင်းမယ့် အနေအထားပဲဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီထောက်ခံသူများကို တွေ့ရစဉ် (ဓာတ်ပုံ – SNLD Facebook)

၁၉၉၀မှာ ရွေးကောက်ပွဲ မှာ ဝ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဆိုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာရှိပေမယ့် ရွေးကောက်ပွဲတော့ အနိုင်ရရှိခဲ့ခြင်းမရှိတာ တွေ့ရပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပချိန်မှာ ဝ’ တိုင်းရင်းသားကို ကိုယ်စားပြုပြီး ပါတီ ၂ ခု ပေါ်ထွက်လာကာ ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ တန့်ယန်း၊ ကွမ်လုံ ၊ ကျိုင်းတုံမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတာ တွေ့ရပါတယ် ( ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပန်ဆန်း ( ပန်ခမ်း) ၊ နားဖမ်း၊ ပန်ဝိုင်နဲ့ မိုင်းမောမှာ ဝ ဒီ မိုကရက်တစ်ပါတီက ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင်က အဲဒီနေရာတွေမှာ ရွေးကောက်ပွဲမကျင်းပပဲ ဖျက်သိမ်းခဲ့ပါတယ် ) ။ စုစုပေါင်း ပြည်သူ့လွှတ်တော်အတွက် ၅ နေရာနဲ့ အမျိုးသားလွှတ်တော်အတွက် ၁ နေရာ အားလုံး ၆ နေရာ ( ပြည်နယ်လွှတ်တော် ၈နေရာ) မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်သူ့လွှတ်တော်မှာ ၂ နေရာ အမျိုးသားလွှတ်တော်မှာ ၁ နေရာ အနိုင်ရရှိခဲ့ပါတယ် ။ 

အဆိုပါ အနိုင်ရရှိတဲ့ ၃ နေရာမှာ မက်မန်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကလွဲရင် ကျန်တဲ့ ၂ နေရာဖြစ်တဲ့ ဟိုပန်နဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်၁၂ (ဝ’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ) အခြားပြိုင်ဘက်ပါတီမရှိဘဲ ဝ’ ဒီမိုကရက်တစ် ပါတီ နဲ့ ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီတို့ ဝ’ ၂ ပါတီ တည်းသာ အချင်းချင်း ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ နှစ်နေရာစလုံးမှာ ဝ’ ဒီမိုကရက်တစ်ပါတီက အနိုင်ရခဲ့တာတွေ့ရပါတယ်။ မက်မန်းမှာတော့ ဝ ‘ ဒီမိုကရက်တစ်ပါတီက လားဟူပါတီနဲ့ ပြိုင်ပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ရှုံးခဲ့တဲ့ ၃ နေရာကတော့ ကျိုင်းတုံနဲ့ ကွမ်လုံမှာ ကြံ့ခိုင်ရေးကို ရှုံးပြီး တန့်ယန်းမှာ SNDP ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ( ပြည်နယ်လွှတ်တော်မှာလည်း ဝ’ ဒီမိုကရက်တစ်ပါတီ က ၃ နေရာ အနိုင်ရရှိခဲ့ပါတယ်)။ 

၂၀၁၅ ရွေးကောက်ပွဲ ရောက်တဲ့အခါမှာတော့ ဝ’ဒီမိုကရက်တစ်ပါတီက ပြည်သူမှာ ၄ နေရာ အမျိုးသားမှာ ၁ နေရာ ပြည်နယ်လွှတ်တော်မှာ ၆ နေရာ၊ ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီက ပြည်သူ့လွှတ်တော်မှာ ၅ နေရာ အမျိုးသားလွှတ်တော်မှာ ၁ နေရာ နဲ့ ပြည်နယ်လွှတ်တော်မှာ ၁၀ နေရာ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဝ’ ဒီမိုကရက်တစ်ပါတီ တစ်ခုတည်းသာ ဟိုပန် ပြည်သူ့လွှတ်တော်မှာ အနိုင်ရခဲ့ပြီး ကျန်တဲ့နေရာတွေမှာ အသီးသီး ရှုံးနိမ့်ခဲ့ကြပါတယ်။ ဝ’ ပါတီ ၂ ခုမှာ ဝ’ ဒီမိုကရက်တစ်ပါတီက လူထုထောက်ခံမှု ပိုမိုရရှိတာတွေ့ရပါတယ်။ 

စိတ်ဝင်စားဖို့ကောင်းတာကတော့ ၂၀၁၀ မှာ နိုင်ခဲ့တဲ့နေရာ ၂ နေရာမှာ ပြန်ရှုံးသွားတာပဲဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် မဲ ဆန္ဒနယ် ၁၂ မှာ ၂၀၁၀ တုန်းက ကြံ့ခိုင်ရေးက ဝင်မပြိုင်ခဲ့ဘဲ ၂၀၁၅ မှ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဝ ပါတီတွေကို အနိုင်ရရှိသွားတာတွေ့ရပါတယ်။ ၂၀၁၀ မှာ ဝ ပါတီ အနိုင်ရခဲ့တဲ့ မက်မန်းမှာတော့ တသီးပုဂ္ဂလကိုယ်စားလှယ် ဦးတင်အေးဆိုသူက အနိုင်ရသွားတာတွေ့ရပါတယ်။ ထူးခြားတာက က ဝ’ ပါတီက ပြိုင်ပွဲဝင်ကိုယ်စားလှယ်လောင်းတွေဟာ လူအပြောင်းအလဲမရှိ ဝင်ပြိုင်ခဲ့သော်လည်း ရမဲတွေက ထူးခြားစွာပြောင်းလဲသွားတာပဲဖြစ်ပါတယ်။

‘ဝ’ဒီမိုကရက်တစ်ပါတီက ၂၀၁၀ တုန်းက မဲ ၄၆၀၀ ကျော် ရရှိခဲ့ပေမယ့် ၂၀၁၅ မှာတော့ ၂၈၃ မဲပဲ ရရှိတာတွေ့ရသလို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၂ မှာလည်း ဝ’ဒီမိုကရက်တစ်ပါတီက ၂၀၁၀ မှာ မဲ ၂ သောင်း ၃ ထောင်ကျော် သိမ်းကျုံးယူခဲ့ပြီး ၂၀၁၅ မှာ မဲ ၂၅၀၀ တောင်ပြည့်အောင် မရခဲ့တာကို တွေ့ရပါတယ်။ အခြေအနေတွေ ရလဒ်အနေအထားတွေအရ ဝ ‘ပါတီတွေရဲ့ ပါတီနိုင်ငံရေးအင်အားဟာ ဆုတ်ယုတ်မှုဘက်ကို ဦးတည်နေတာတွေ့ရတဲ့အတွက် ဝ’ ပါတီတွေဟာ ပေါင်းစည်းရပ်တည်ဖို့ ကြိုးစားလာကြပါတယ်။ ဝ’ ဒေသမှာ ရပ်တည်လှုပ်ရှားနေတဲ့ ဝ’ ပါတီ ၃ ခု ရှိနေပြီး ဝ’ ဒီမိုကရက်တစ်ပါတီ ၊ ဝ’အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ နဲ့ ဝ လစ်ဘရယ် ဒီမိုကရက်တစ် ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဖြစ်ကြပါတယ်။ ၃ ပါတီစလုံးဟာ မဲကွဲမယ့်အရေးကို ရှောင်ရှားလို့ ၂၀၂၀ ရွေးကောက်ပွဲ မှာ ဝ’ ပါတီရဲ့ အခန်းကဏ္ဍကို ပြန်လည်ထိန်းသိမ်းနိုင်ရေးအတွက် ပါတီတစ်ခုတည်းအဖြစ် ပူးပေါင်းရပ်တည်လိုက်ကြပြီး ဝ’ အမျိုးသားပါတီ Wa National Party အဖြစ် အသစ် ပူးပေါင်းဖွဲ့စည်းကာ၂၀၂၀ ရွေးကောက်ပွဲမှာ တကြော့ပြန်အားစမ်းဖို့ ကြိုးစားလာတာတွေ့ရပါတယ်။ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝ’ အမျိုးသားပါတီအနေနဲ့ ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်မှာ ၅ နေရာ အမျိုးသား လွှတ်တော်မှာ ၃ နေရာ နဲ့ ပြည်နယ်လွှတ်တော်မှာ ၁၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဝ’ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင်းက မဲဆန္ဒနယ်တွေနဲ့ ကျိုင်းတုံ ၊ မိုးပျဉ်း ၊ လားရှိုးနယ် ၊ တာချီလိတ် မိုင်းဆတ်နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ၃ ပါတီပေါင်းစည်းထားတဲ့ ဝ အမျိုးသားပါတီဟာ သူ့ရဲ့ ပြိုင်ဘက်ဟောင်းတွေဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ နဲ့ SNLD ကို ဒီတစ်ကြိမ်မှာ ပြန်ပြီး အနိုင်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ် ။

၁၉၉၀ ရွေးကောက်ပွဲမှာ ကိုးကန့်တိုင်းရင်းသားများကို ကိုယ်စားပြုပြီး ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကွမ်လုံမှာ ၁နေရာ အနိုင်ရရှိခဲ့ပါတယ် ၊ ၂၀၁၀ ခုနှစ်မှာ ပြန်လည်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ကိုးကန့် ညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီက ပြည်သူ့လွှတ်တော် ၃ နေရာ အမျိုးသားလွှတ်တော် ၁ နေရာ ပြည်နယ်လွှတ်တော် ၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နေရာအားလုံးမှာ ကြံ့ခိုင်ရေးပါတီ နဲ့ SNDP တို့ ကို ရှုံးနိမ့်ခဲ့တာ တွေ့ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုးကန့်ပါတီ ၂ ပါတီ ရှိလာပြီး ရှမ်းပြည်နယ် ကိုးကန့်ဒီမိုကရက်တစ်ပါတီပါ ဝင်ရောက်ယှဉ်ပြိုင်လာတာ တွေ့ရပါတယ်။ ကိုးကန့် ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီက ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲမှာ ၃ နေရာ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီက ၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော်အတွက် ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီက ၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကိုးကန့် ဒီမိုကရေစီနဲ့ညီညွတ်ရေးပါတီကသာ ကွမ်လုံ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁ နေရာမှာ အနိုင်ရရှိခဲ့ပါတယ်။ ( ပြည်နယ်လွှတ်တော်အတွက် ပါတီနှစ်ရပ်ပေါင်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ကိုးကန့် ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီက ၁ နေရာသာ အနိုင်ရရှိခဲ့ပါတယ်)။ ၂၀၁၅ မှာအနိုင်ရရှိလိုက်တဲ့ ကွမ်လုံဟာ ၁၉၉၀ ကလည်း ကိုးကန့်ပါတီကပဲ တစ်ကြိမ်အနိုင်ရရှိခဲ့ဖူးတဲ့ နေရာဖြစ်တာကြောင့် ကိုးကန့်အမာခံဒေသလို့ပြောနိုင်ပေမယ့် ဒီတစ်ကြိမ်မှာ ကြံ့ခိုင်ရေးကို ၅၉ မဲ တည်းနဲ့ ကပ်ပြီး နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၀ မကျေပွဲ နွှဲကြတဲ့အခါ ဘယ်သူက သာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းသလို NLD ပါတီ ရရှိခဲ့တဲ့ မဲဟာလည်း သိပ်အနိမ့်ကြီး မဟုတ်တာကြောင့် ၃ ပါတီ အကြိတ်အနိုင်ပြိုင်ကြမယ့် ပွဲတစ်ပွဲလို့ ဆိုနိုင်ပါတယ်။ ( ကိုးကန့် ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီ ၅၀၉၇: ကြံ့ခိုင်ရေး ၅၀၃၈: NLD ၃၄၇၄)

အခု နောက်ဆုံး ကျန်ရှိတဲ့ ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားပါတီတွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ရှမ်းပါတီ SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် နဲ့ SNDP ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့ရဲ့ အလားအလာကို လေ့လာကြည့်ရအောင်ပါ ။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီထောက်ခံသူများကို တွေ့ရစဉ် (ဓာတ်ပုံ – SNDP Facebook)

၁၉၈၈ ဒီမိုကရေစီအရေး အုံကြွမှုကြီး ဖြစ်ပွားပြီးနောက် ဆိုရှယ်လစ်အစိုးရပြုတ်ကျသွားပြီး ပေါ်ပေါက်လာခဲ့တဲ့ အာဏာသိမ်းအစိုးရက အထွေထွေရွေးကောက်ပွဲတစ်ရပ်ကို ၁၉၉၀ ခုနှစ်မေလမှာ ကျင်းပပေးခဲ့တဲ့အခါ ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးမှာ ရှေ့တန်းက ပါဝင်ခဲ့ ကြသူတွေဟာ သက်ဆိုင်ရာအင်အားစုအလိုက် နိုင်ငံရေးပါတီများထူထောင်လို့ ရွေးကောက်ပွဲဝင်ခဲ့ကြပါတယ်။ အဲဒီအထဲမှာ တိုင်းရင်းသားဒေသအသီးသီးက တိုင်းရင်းသားခေါင်းဆောင်တွေ တိုင်းရင်းသားအင်အားစုတွေလည်း ပါဝင်ခဲ့ကြရာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာလည်း အင်အားတောင့်တင်းတဲ့ ရှမ်းတိုင်းရင်းသား နိုင်ငံရေးအင်အားစုတစ်ရပ်အဖြစ် ပေါ်ထွက်လာပြီး ရွေးကောက်ပွဲဝင်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အတွင်း မဲဆန္ဒ နယ် ၅၆ နေရာအတွက် ရွေးကောက်ပွဲကျင်းပခဲ့ပြီး SNLD က ၂၃ နေရာ အနိုင်ရရှိခဲ့ပါတယ် ။ 

သို့သော်လည်း အာဏာသိမ်းအစိုးရက ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ခွင့်မပေးဘဲ နှစ်ပေါင်း ၂၀ ကြာ တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်နေခဲ့ ပြီး အခြေခံဥပဒေသစ်တစ်ရပ်ကို ဦးဆောင်ရေးဆွဲနေခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ အဆိုပါ အခြေခံဥပဒေကို အသက်သွင်းပြီး ရွေးကောက်ပွဲများကို အသစ် ပြန်လည်ကျင်းပကာ အာဏာသိမ်းအစိုးရကိုယ်တိုင် ပါတီအသစ်ထောင်လို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဆိုပါ ၂၀၁၀ ရွေးကောက်ပွဲ ကို NLD အပါအဝင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သော ပါတီအချို့က သပိတ်မှောက်ကာ ရွေးကောက်ပွဲ မဝင်ပဲနေခဲ့ကြရာ SNLDလည်း အပါအဝင်ဖြစ်ခဲ့ပါတယ် ။ 

သို့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီများရဲ့ ပါတီတွင်းခေါင်းဆောင်များအကြားမှာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရေးမဝင်ရေးအပေါ် ကွဲပြားတဲ့ အမြင်အယူအဆများ ပေါ်ပေါက်လာခဲ့ပြီး ပါတီမှ ခွဲထွက်ခါ ပါတီအသစ်များ ထူထောင်လို့ ရွေးကောက်ပွဲဝင်ခဲ့ကြပါတယ်။ SNLD ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးကလည်း ပါတီက နုတ်ထွက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ကို ထူထောင်ကာ ၂၀၁၀ ရွေးကောက်ပွဲကို ရှမ်းပြည်နယ်မဲဆန္ဒနယ်များ နဲ့ ကချင်ပြည်နယ်မဲဆန္ဒနယ်များမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ် ။ ထိုစဉ်က အာဏာသိမ်း အစိုးရခေါင်းဆောင်များ ထူထောင်ထားတဲ့ ကြံ့ခိုင်ရေးပါတီက ရှေ့ကပြေးနေပြီး NLD နဲ့ SNLD လို ယခင်နာမည်ကြီးပါတီများမှ ခွဲထွက်တည်ထောင်လာတဲ့ ပါတီများက ဒုတိယလိုက်ခါ SNDP သည်လည်း ရှမ်းပြည်နယ်မှာ ကြံ့ခိုင်ရေးပါတီနဲ့အပြိုင် နေရာအများအပြားမှာ အနိုင်ရရှိခဲ့တာတွေ့ရပါတယ်။ ၂၀၁၀ရွေးကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော်အတွက် ရှမ်းပြည်နယ်မှာ နေရာပေါင်း၅၀ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ၃၀ နေရာ SNDP က ၁၉ နေရာ အနိုင်ရရှိခဲ့တာတွေ့ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ NLD ပါတီက ရွေးကောက်ပွဲ ဝင်ရောက်လာတဲ့အတွက် မဲဆန္ဒနယ်များမှာ မဲပေးရွေးချယ်မှုဟာ ၂၀၁၀ကနဲ့မတူဘဲ ပြောင်းလဲသွားသလို ရှမ်းပြည်နယ် အချို့ဒေသများမှာလည်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဝင်ရောက်ယှဉ်လာတဲ့ အတွက် အပြောင်းအလဲတွေဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် SNDP အားကောင်းခဲ့တဲ့နေရာတွေ အကုန်လုံးလိုလို SNLD ဖြစ်ကုန်ပါတယ်။ ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ SNDP က ရှမ်းပြည်နယ်မှာ လုံးဝနီးပါး ရှုံးနိမ့်ခဲ့ပြီး ပြည်နယ်လွှတ်တော်တစ်နေရာမှာပဲ အနိုင်ရရှိခဲ့ပါတယ် ။ SNLD ကတော့ ပွဲ ဦးထွက်မှာပဲ ပြည်ထောင်စုလွှတ်တော် မှာ ၁၅ နေရာနဲ့ ပြည်နယ်လွှတ်တော် ၂၄ နေရာ အနိုင်ရရှိခဲ့ပါတယ်။ သို့သော်လည်း ရှမ်းပြည်နယ်လွှတ်တော်ကတော့ ကြံ့ခိုင်ရေးပါတီက အများစုဖြစ်ပြီး SNLD က ဒုတိယအများဆုံးဖြစ်လို့ NLD က ၂၁ နေရာ နဲ့ တတိယအများဆုံးဖြစ်ပါတယ်။ SNLD ရဲ့၂၀၂၀ ရွေးကောက်ပွဲ အလားအလာအကြောင်းမပြောခင် SNLD နဲ့ အခြားပါတီတွေအကြားက ထူးခြားတဲ့ ပြိုင်ဆိုင်မှုတွေအကြောင်း ပြောပြချင်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ မှာ SNLD အနိုင်ရရှိခဲ့သော ရှမ်းပြည်နယ်ထဲက ပြည်ထောင်စုလွှတ်တော် မဲဆန္ဒနယ်တွေရဲ့ ၁၅ နေရာ မှာ ၉ နေရာက ကြံ့ခိုင်ရေးနဲ့ အဓိကယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး NLD နဲ့ ၅ နေရာမှာ အဓိကယှဉ်ပြိုင်ခဲ့ရပါတယ်။ SNDP နဲ့ ရှမ်းပါတီအချင်းချင်း အဓိကယှဉ်ပြိုင်ခဲ့ရတာတော့ ကွန်ဟိန်းတစ်နေရာပဲရှိပါတယ် ၊ သို့သော်လည်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃ တစ်နေရာမှာပဲ ကြံ့ခိုင်ရေးကို ၃၃.၃၃% -၃၂.၂၅% ကပ်ပြီး နိုင်ခဲ့တာဖြစ်ပြီး ကျန် ၁၄ နေရာစလုံးမှာ ပြိုင်ဘက်ပါတီတွေကို သာလွန်တဲ့ မဲ ကွာဟချက် အရေအတွက် အသာစီးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ SNLD အားကောင်းတဲ့ နေရာတွေကတော့ ကွန်ဟိန်း ၊ လဲချား၊မိုင်းကိုင်၊ လင်ခေး၊ မိုးနဲ ၊ သိန္နီ၊တန့်ယန်း ၊ မိုင်းရယ်၊ကျောက်မဲ၊သီပေါ၊ နမ့်တူ နဲ့ မူဆယ် တို့ဖြစ်ကြပါတယ် ။ အခုလာမယ့် ၂၀၂၀ မှာတော့ SNLD အနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၃၂ နေရာ ၊ အမျိုးသားလွှတ်တော်မှာ ၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ဒီတစ်ခေါက်မှာတော့ တိုင်းရင်းသားလူမျိုးစုငယ်ပါတီတွေ အဓိကပြိုင်ဆိုင်မယ့် နေရာအချို့နဲ့ NLD အားကောင်းတဲ့ နေရာအချို့ကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘဲ လက်ရှောင်ထားပြီး ( ပြည်ထောင်စုလွှတ်တော် နေရာများမှာ)၂၀၁၅ ထက် ၆ နေရာ လျှော့ပြီး ပြိုင်ထားတာတွေ့ရပါတယ်။ SNLD ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ကချင် နဲ့ ကယားပြည်နယ်တွေက နေရာအချို့ မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အခု ၂၀၂၀ မှာလည်း အဲဒီ ပြည်နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဦးမှာဖြစ်ပါတယ်။ ၂၀၁၅ တုန်းကတော့ ကချင်ပြည်နယ်ရဲ့ ပြည်နယ်လွှတ်တော်တစ်နေရာသာ အနိုင်ရရှိခဲ့ပြီး ကျန်နေရာများရှုံးနိမ့်ခဲ့ပါတယ်။ ၂၀၂၀ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပခြင်းမပြုနိုင်တဲ့ မဲဆန္ဒနယ် မြို့နယ်နဲ့ ကျေးရွာရပ်ကွက်များကို ကြေညာခဲ့ရာ ရှမ်းပြည်နယ်ထဲက ၆ မြို့နယ် ကျေးရွာရပ်ကွက်များ အများအပြားပါဝင်ခဲ့ပါတယ်။ လုံးဝမကျင်းပတဲ့ အဆိုပါ မဲဆန္ဒနယ် ၆ မြို့နယ်ထဲက ၅ မြို့နယ်ဟာ ဝ ‘ နဲ့ မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်ပြီး ယခင်ရွေးကောက်ပွဲများကတည်းက ကျင်းပခြင်းမရှိခဲ့တာ တွေ့ရပါတယ်။ သို့သော်လည်း ကျန်ရှိတဲ့ တစ်နေရာဖြစ်တဲ့ မိုင်းကိုင်မဲဆန္ဒနယ်ကတော့ ၂၀၁၅ တုန်းက ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး SNLD အနိုင်ရရှိခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ အခုလို ရွေးကောက်ပွဲ ဖျက်သိမ်းခဲ့တဲ့အတွက် SNLD အနေနဲ့ သေချာပေါက် နေရာတစ်နေရာကို ရွေးကောက်ပွဲမစတင်မီ ဆုံးရှုံးသွားခဲ့ရပြီလို့ ပြောရပါလိမ့်မယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီထောက်ခံသူများ၏ မဲဆွယ်စည်းရုံးမှုတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ – ဉာဏ်လှိုင်လင်း/Myanmar Now)

၂၀၂၀ ရွေးကောက်ပွဲ အလားအလာအနေနဲ့ ရှမ်းပြည်နယ်အတွင်း ယှဉ်ပြိုင်မှုတွေကို ခြုံငုံသုံးသပ်ကြည့်တဲ့အခါမှာ ပါတီကြီးတွေဖြစ်တဲ့ ကြံ့ခိုင်ရေး၊ SNLD နဲ့ NLD ဟာ သူတို့ ရဲ့ အခိုင်အမာအားထားရတဲ့နေရာ အများစုကို ဆက်လက်ထိန်းထားနိုင်ဦးမယ်လို့ ယူဆပါတယ် ။ ဧည့်သည်ပါတီဖြစ်တဲ့ NLD နဲ့ ကြံ့ခိုင်ရေးဟာ တစ်နိုင်ငံလုံးမှာသက်ရောက်နိုင်တဲ့ ၅နှစ်စာ နိုင်ငံရေးကံကြမ္မာတစ်ခုအတွက် ပြိုင်ကြရတာဖြစ်လို့ အာဏာရရှိရေးအတွက် အထောက်အကူပြုနိုင်မယ့် အောင်ပွဲအရေအတွက်ကို ရရှိရေး ပြိုင်ကြမှာဖြစ်ပေမယ့် SNLD ကတော့ ပြည်နယ်နဲ့ လူမျိုးဂုဏ်သိက္ခာအတွက်ပြိုင်ရတာဖြစ်လို့ ပြည်နယ်လွှတ်တော်အနိုင်ရရှိရေးကို ပိုပြီး အားထည့်ပြိုင်ရမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်လွှတ်တော်ဟာ ကြံ့ခိုင်ရေးပါတီ လွှမ်းမိုးအားကောင်းတဲ့ လွှတ်တော်ဖြစ်နေခြင်းဟာ SNLD အပါအဝင် ပြည်နယ်တွင်းက အခြားလူမျိုးစု တိုင်းရင်းသားပါတီများအတွက်ပါ ဒီတစ်ခေါက်မှာ ပြောင်းလဲအောင်လုပ်ရမယ့် ရလဒ်မျှော်မှန်းချက်ဖြစ်ပါတယ် ။

ကြံ့ခိုင်ရေးပါတီဟာ အာဏာရပါတီ မဟုတ်တော့တဲ့အတွက် ဝန်ထမ်းအင်အားများရာ ဒေသတွေမှာ ခါတိုင်းလို မဲတွေ အများအပြားရပါ့မလား အပြင်ရောက်လာတဲ့ တပ်မဲရုံတွေ ရလဒ်တွေကရော ထူးခြားတဲ့ပြောင်းလဲမှုတွေ ရှိလာမလားဆိုတာ ၂၀၂၀ ရွေးကောက်ပွဲရဲ့ စောင့်ကြည့်ရမယ့် စိတ်ဝင်စားစရာ အသစ်တစ်ခုဖြစ်ပါလိမ့်မယ်။ အာဏာရပါတီ NLD အနေ့နဲ့ အုပ်ချုပ်ရေးပိုင်းမှာ ပြည်နယ်နေ ပြည်သူများရဲ့ အကျိုးစီးပွားအတွက် ဘယ်၍ဘယ်မျှ ဖြည့်ဆည်းနိုင်ခဲ့ပြီး ပြည်သူတွေကရော ကျေနပ်အားရမှုရှိရဲ့လားဆိုတာလည်း မဲရလဒ်အပြောင်းအလဲတွေမှာ မျက်ဝါးထင်ထင်တွေ့ရမယ့်ပွဲလည်းဖြစ်ပါတယ်။ ပြည်နယ်တစ်ခုလုံးအနေနဲ့ကတော့ တောင်ကြီးမဲဆန္ဒနယ်မှာ အနိုင်ရဖို့ ကြုံးဝါးထားတဲ့ ပအို့ဝ်ပါတီ PNO နဲ့ သရဖူကာကွယ်ရမယ့် NLD နဲ့ ပွဲဟာ စိတ်ဝင်စားဖို့ အကောင်းဆုံးဖြစ်မှာ ဖြစ်သလို NLD နဲ့ ကြံ့ခိုင်ရေးရဲ့ လားရှိုးမကျေပွဲဟာလည်း NLD အတွက် ဆုလာဘ်အသစ်တစ်ခု ဖြစ်လာလေမလားဆိုတာလည်း အထူးစိတ်ဝင်စားစရာဖြစ်ပါတယ်။ ၂၀၁၅ တုန်းက လားရှိုးမှာ NLD က ၄၉ မဲ အသာနဲ့ နိုင်နေပြီး ကြိုတင်မဲ ၅ ထောင်ကျော်နဲ့ နောက်ဆုံးမှာ ကြံ့ခိုင်ရေးက အနိုင်ရသွားတာဖြစ်ပါတယ်။ အဲဒီတုန်းက အနိုင်ရရှိခဲ့တဲ့ ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ် ၊ ဒုတိယသမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်းဟာလည်း ဒီတစ်ခေါက် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့တဲ့အတွက် လားရှိုးဟာ ကြံ့ခိုင်ရေးအမာခံအဖြစ် ဆက်ရှိနေဦးမှာလားဆိုတာလည်း စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်လေ့လာကြရမှာဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးစုပါတီငယ်လေးတွေအတွက်တော့ အမာခံနယ်မြေ အခိုင်အမာရှိပြီးဖြစ်တဲ့ PNO ပအို့ဝ်ပါတီ က အနိုင်ရရှိနေကျ ၄ နေရာအပြင် အောင်ပွဲအသစ်တွေကို မျှော်မှန်းနေနိုင်တဲ့ အနေအထားဖြစ်သလို တအာင်းပလောင်အမျိုးသားပါတီကလည်း ပိုင်ဆိုင်ထားတဲ့ နေရာဟောင်းကို ဆက်လက်ထိန်းထားနိုင်ဦးမယ်လို့ သုံးသပ်ပါတယ် ။ 

အခြားပါတီငယ်တွေဖြစ်တဲ့ ဝ အမျိုးသားပါတီ နဲ့ ကိုးကန့် ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီတို့ အနေနဲ့လည်း လက်ကျန်နေရာများကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့ အတော်လေးရုန်းကန်ရပါလိမ့်မယ်၊ ၂၀၁၅ တုန်းက အာဏာရပါတီအနေနဲ့ ရှိခဲ့တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ဒေသတွင်းသြဇာ ကျဆင်းမှုရှိခဲ့မယ်ဆိုရင်တော့ ဒီတစ်ခေါက်မှာ ကိုးကန့် ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီအနေနဲ့ အောင်ပွဲကို လွတ်လွတ်ကျွတ်ကျွတ်မျှော်မှန်းနိုင်မယ်လို့ ယူဆပါတယ်။ ၃ ပါတီ ပေါင်းစည်းထားတဲ့ ဝ’အမျိုးသားပါတီအနေနဲ့ကတော့ ပေါင်းစည်းထားတဲ့အင်အားနဲ့ အနည်းဆုံးတော့ ဟိုပန်ကို ဆက်လက်အနိုင်ယူ ထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ၁၉၉၀နဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့သော်လည်း ၂၀၁၅ ကနေစပြီး အောင်ပွဲပျောက်သွားတဲ့ လားဟူ ၊ ကယန်း ၊ ဓနု နဲ့ အင်းအမျိုးသားပါတီများ အနေနဲ့လည်း ပါတီကြီးတွေရဲ့ သြဇာနဲ့ ကျော်ကြားမှု ကျဆင်းသလိုရှိလာပြီး ဒေသတွင်းတိုင်းရင်းသားပါတီတွေကို မြှင့်တင်ပြီး ထောက်ခံကြဖို့ ဆော်သြမှုတွေရှိတာကြောင့် အဲ့ဒီ မြှင့်တင်လှုပ်ရှားမှုတွေရဲ့ အကျိုးကျေးဇူးကို ရရှိနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း သုံးသပ်မိပါတယ်။

ရည်ညွှန်း : ၁။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်များ

                  ၂။ ၁၉၉၀ ပြည့်နှစ် မေလ (၂၇) ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှတ်တမ်း ( ခင်ကျော်ဟန်) 

                  ၃။ တိုင်းရင်းသားပါတီများမှ ထုတ်ပြန်ချက်များ သတင်းလွှာများ

(စာရေးသူ ကိုသီဟသွေးသည် ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သကဲ့သို့ မြန်မာ့နိုင်ငံရေးအကြောင်း လေ့လာရေးသားနေသော ဆောင်းပါးရှင်တစ်ဦးဖြစ်သည်။ ဤဆောင်းပါးသည် စာရေးသူ၏ ဝေဖန်သုံးသပ်ချက်သာဖြစ်ပြီး Myanmar Now ၏ အာဘော်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။) 

Show More

Related Articles

Back to top button