ဆောင်းပါး

စစ်ကောင်စီလက်အောက်မှ လွတ်မြောက်ခါစ စစ်ကိုင်းတိုင်းမှမြို့များ

ဒေသခံတို့ လွတ်လပ်စွာသွားလာခွင့် ရနေကြသော NUG အစိုးရ၏မြို့များကို အာဏာသိမ်းကောင်စီက အဝေးမှ နည်းမျိုးစုံ ပိတ်ဆို့ဖြတ်တောက်ထားသည်၊ ပြန်ထိန်းချုပ်နိုင်ရန်လည်း ကြိုးစားနေသည်။

နံနက်လင်းအားကြီးအချိန် သေနတ်သံများကြောင့် ကိုမျိုးကျော်* ရုတ်တရက်ထိတ်လန့်သွားသော်လည်း ယခင်တိုက်ပွဲများနည်းတူ သေနတ်သံများ မကြာမီ တိတ်သွားမည်ဟု ယူဆလိုက်သည်။

ဆက်တိုက်ဆူညံနေသော သေနတ်သံများက နံနက်မိုးစင်စင်လင်းသည်အထိ ရပ်မသွားသေးပေ။ လူမှားပစ်ခံရမည်စိုးသဖြင့် အပြင်ထွက်မကြည့်ရဲဘဲ အိမ်ထဲတွင်သာ ပုန်းနေရသည်။ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိပ်တိုက်တွေ့လေ့ရှိရာ ဒေသမို့ မကြာခဏ သေနတ်သံကြားနေရသည်မှာ မဆန်းတော့သော်လည်း ထိုနေ့ကအဖြစ်အပျက်ကို ကိုမျိုးကျော် ကောင်းကောင်း အမှတ်ရနေသည်။

နာရီနှင့်ချီ ပုန်းအောင်ခဲ့ရပြီး ကယ်ဆယ်ရေးသမားများရောက်လာချိန်မှ အိမ်ထဲမှ ထွက်ခွင့်ရသည်ဟု နိုဝင်ဘာ ၃ ရက်နေ့က ကောလင်းမြို့ကို တော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်စဉ် ကိုယ်တိုင်ကြုံတွေ့ခဲ့ရပုံကို ကိုမျိုးကျော်က ပြန်ပြောင်းပြောပြသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်ရှိ ကောလင်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF အဖွဲ့များက နိုဝင်ဘာ ၃ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ မြို့နယ်အတွင်းရှိ တခြားဒေသများကို နယ်မြေစိုးမိုးပြီးနောက် မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ခြင်းဖြစ်သည်။

ဒေသခံများအနေဖြင့် မျှော်လင့်ထားပြီးဖြစ်သော်လည်း ယခုလောက်မြန်မြန် မြို့သိမ်းတိုက်ပွဲဆင်နွှဲလိမ့်မည်ဟု မထင်ခဲ့ပေ။ ထွက်ပြေးတိမ်းရှောင်ရေး ကြိုတင်ပြင်ဆင်ခဲ့သော်လည်း နဖူးတွေ့ဒူးတွေ့ ကြုံလာရချိန်တွင် အသက်ဘေးလွတ်မြောက်ရန် ဦးစားပေးခဲ့ရသည်။

“မနက်အစောကြီးဆိုတော့ ဘာယူနိုင်မှာလဲ။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အသက်လွတ်အောင် ပြေးရတာကိုး။… ဗြုန်းစားကြီးဖြစ်သွားတာ”ဟု ကောလင်းမြို့သား ကိုမျိုးကျော်က ဆိုသည်။

ကောလင်းမြို့ပေါ်ရှိ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ အထက်တန်းကျောင်း၊ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လေးရက်ကြာတိုက်ခိုက်ပြီးနောက် ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ်ထိန်းချုပ်လိုက်သည်။

 စစ်ကိုင်းတိုင်း ကောလင်းမြို့ပေါ်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးတွင် တော်လှန်ရေးအလံ စိုက်ထူထားသည်ကို နိုဝင်ဘာ ၆ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – အမျိုးသားညီညွတ်ရေးအစိုးရ။

သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ အကူအညီဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များက ခရိုင်အဆင့်ရှိ မြို့ကြီးတစ်မြို့ကို ပထမဆုံးအကြိမ် သိမ်းပိုက်နိုင်လိုက်ခြင်းဖြစ်သည်။

ကောလင်းကို သိမ်းပိုက်ပြီးနောက် စစ်ကိုင်းတိုင်းအနောက်ခြမ်းရှိ ခမ်းပါတ်၊ ရွှေပြည်အေးနှင့် မော်လူးမြို့တို့ကို တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်အတွင်းရှိ ခမ်းပါတ်မြို့ကို နိုဝင်ဘာ ၃ ရက်တွင် စတင်တိုက်ခိုက်ပြီး ၇ ရက်နေ့တွင် သိမ်းပိုက်နိုင်သည်။ ချင်းတွင်းမြစ်အထက်ပိုင်းရှိ မြို့ငယ်တစ်ခုဖြစ်သော ရွှေပြည်အေးကို ရရှိရေး နိုဝင်ဘာ ၂၁ မှ ၂၃ အထိတိုက်ခိုက်ခဲ့ရသော်လည်း ဒီဇင်ဘာ ၁၃ ရက်က တိုက်ခိုက်ခဲ့သည့် မော်လူးမြို့ကိုမူ နာရီပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့က မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲများဖြင့် ဆက်တိုက်အောင်ပွဲဆင်နေစဉ် စစ်ကိုင်းနှင့် ကချင်ပြည်နယ်အစပ်တွင် လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့များက အချိန်ကိုက်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။​

 တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ခဲ့သည့် စစ်ကိုင်းတိုင်း ခမ်းပတ်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် စခန်းတစ်ခုကို နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – အမျိုးသားညီညွတ်ရေးအစိုးရ

နေရပ်ပြန်ရန် တွန့်ဆုတ်နေဆဲ ဒေသခံများ 

ရိုးရာတူမီးသေနတ်များ၊ လက်လုပ်သေနတ်များဖြင့် လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ရာ စစ်ကိုင်းတိုင်း၌ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်သည်အထိ အောင်မြင်မှုရနေသော်လည်း စစ်ကောင်စီလက်မှ လွတ်မြောက်စ မြို့နယ်များတွင် အခက်အခဲ ကြီးမားနေဆဲဖြစ်သည်။

တော်လှန်ရေးအဖွဲ့ ထိန်းချုပ်ထားရာ မြို့များတွင် ပြန်လည်ဝင်ရောက် နေထိုင်သူများရှိသော်လည်း စစ်တပ်ရန် အချိန်မရွေး ပေါ်လာမည်ကို စိုးရိမ်သောကြောင့် နေရပ်မပြန်ရဲသူများလည်း ရှိနေသည်။

ဆွေမျိုးများရှိရာ မကွေးတိုင်းအတွင်း စစ်ဘေးရှောင်နေရသည့် ကိုမျိုးကျော်တို့မိသားစု ယနေ့အချိန်ထိ ကောလင်းမပြန်နိုင်သေးဘဲ ကချင်ပြည်နယ်ဘက်ကို ထွက်ပြေးခဲ့သူ ကောလင်းသူ မခင်မာ* သည်လည်း အိမ်ပြန်မည့်အစီအစဉ် ဆိုင်းထားရသည်။

“လက်နက်ကြီးနဲ့ ထုနေတာဖြစ်တဲ့အတွက် မပြန်ရဲဘူး။ ကျချင်တဲ့နေရာကျ။ သေချင်တဲ့နေရာ သေဆိုတော့ မပြန်ရဲတာ” ဟု မခင်မာက ဆိုသည်။

လက်လွတ်ဆုံးရှုံးထားသည့် မြို့များကို ပြန်လည်ရရှိရေး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်နေသည့်အပြင် မြေပြင်မှ စစ်ကြောင်းထိုးခြင်းများလည်း ရှိလာသည်။

ကောလင်းမြို့မြောက်ဘက် ၁၅ မိုင်ခန့်အကွာ ဝန်းသိုအခြေစိုက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံများ နေရပ်မပြန်ဝံ့ဖြစ်နေသည်။

ဇန်နဝါရီလဆန်းပိုင်းတွင် ဝန်းသိုမှ လက်နက်ကြီးပစ်ခတ်စဉ် ကောလင်းမြို့လယ် ဈေးအနီးကျရောက် ပေါက်ကွဲကာ အရပ်သားပြည်သူ ၆ ဦး သေဆုံးခဲ့ရသည်။ ကောလင်းမြို့ကို ဆုံရှုံးပြီးနောက် စစ်တပ်က လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်နေရာ အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီးဖြစ်သည်။

ထိုဖြစ်စဉ်ကြောင့် ကောလင်းမြို့မှ ပြန်လည်ထွက်ခွာသူများလည်း ရှိလာသည်။

“ဝန်းသိုကိုသာ သိမ်းပြီးရင် ပြန်လို့ရပြီလို့ထင်တယ်။ အခုလောလောဆယ်တော့ အဲ့ဒါကိုမသိမ်းသေးတော့ ပြန်လို့မရသေးတာပေါ့။ အဲ့ဒါကိုပဲ စောင့်ကြည့်ရမှာ။ ဝန်းသိုမှာက လက်နက်ကြီးရှိနေတာဖြစ်တဲ့အတွက် အဲ့ဒီကနေပစ်တော့ ဘယ်လိုမှကို အဆင်မပြေဘူး” ဟု မခင်မာက ဆိုသည်။

 ဇန်နဝါရီလ ၂ ရက်နေ့က ကောလင်းမြို့လယ်ရှိ အရှေ့ဈေးအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ- Kawlin Revolution-KR)

ခြေလျင်ချီတက်လာသော စစ်ကောင်စီစစ်ကြောင်းများကိုမူ တော်လှန်ရေးအဖွဲ့များက ဟန့်တားထားနိုင်ဆဲဖြစ်သည်။ ဒီဇင်ဘာလလယ်ပိုင်းတွင် ကောလင်းကို ပြန်လည်သိမ်းပိုက်ရေး စစ်ကြောင်းထိုးလာသည့် စစ်တပ်မှာ တော်လှန်ရေးအဖွဲ့၏ ခုခံမှုကြောင့် တပ်ပြန်ဆုတ်သွားရသည်။

အလားတူပင် အိန္ဒိယ-မြန်မာနယ်စပ်ရှိ ခမ်းပါတ်မြို့ကို ထိုးစစ်ဆင်သည့်တပ်လည်း ဆုတ်ခွာရသည်။ သို့သော် ကြွက်မနိုင်ကျီမီးနှင့်ရှို့တတ်သည့် အာဏာသိမ်းစစ်တပ်က ခမ်းပါတ်နှင့်ကပ်လျက်ရှိ ကနန်ရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေး ၉ ဦးအပါအဝင် အရပ်သား ၁၇ ဦးအထိ သေဆုံးခဲ့ရပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ကနန်ရွာဖြစ်စဉ်ကြောင့် ဒေသခံများမှာ လေကြောင်းအန္တရာယ်ကို အချိန်ပြည့် နားစွင့်နေရသည်။

“လောလောဆယ်တော့ ကျွန်တော်တို့က သူများဆီမှာနေလို့ အဆင်မပြေဘူးလေ။ စစ်ရှောင်ရတာ မလွယ်တော့ ဒီလိုပဲနေရတာပေါ့။ လုံခြုံခြုံ၊ မခြုံခြုံ ကိုယ့်အိမ်ကိုယ့်ယာပဲ နေရတာပါဗျာ” ဟု ခမ်းပါတ်မြို့ခံ ကိုထွန်းမင်း*က ပြောသည်။

ကိုထွန်းမင်းတို့မိသားစုနည်းတူ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့် ခမ်းပါတ်မြို့ထဲ ပြန်ရောက်နေသူ ဒေသခံအများစု ဗုံးခိုကျင်း မဖြစ်မနေတူးထားကြရသည်။

ချင်းတွင်းမြစ်အထက်ပိုင်းမှ ရွှေပြည်အေးမြို့ကို ပြန်လည်ရရှိရေး စစ်ကောင်စီက ဇန်နဝါရီလကုန်ပိုင်းမှစ၍ လေကြောင်း၊ လက်နက်ကြီးတို့အပြင် မြေပြင်တပ်များဖြင့် တိုက်ခိုက်နေသည်။ တိုက်ပွဲများပြင်းထန်နေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး အချို့မှာ ဟုမ္မလင်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရသည်။

တရုတ်အစိုးရကြားဝင်မှုဖြင့် ရှမ်းမြောက်ဒေသတွင် အပစ်ရပ်ထားစဉ် စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်နေသည်။ စစ်တပ်က လက်နက်ကြီးနှင့် လေကြောင်းပစ်ကူသုံးပြီး ပြန်လည် တိုက်ခိုက်လာသည့်အတွက် အရပ်သားများ မထိခိုက်စေရေး ကြိုတင်အကြောင်းကြားထားသည်ဟု ဟုမ္မလင်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ခမ်းပါတ်နှင့်ကပ်လျက်ရှိ ကနန်ရွာကို စစ်ကောင်စီလေတပ်က ဇန်နဝါရီလ ၇ ရက်နေ့တွင် လေကြောင်းမှ တိုက်ခိုက်ရာ ကလေး ၉ ဦးအပါအဝင် အရပ်သား ၁၇ ဦးအထိ သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ရုပ်လုံးဖော်နေဆဲ ပြည်သူ့အုပ်ချုပ်ရေးယန္တရား 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ “၁၀၂၇” စစ်ဆင်ရေးစတင်ပြီးနောက် ရှမ်းမြောက်၊ စစ်ကိုင်း၊ ချင်း၊ ကရင်နီနှင့် ရခိုင်ပြည်နယ်တို့တွင် တော်လှန်ရေးအဖွဲ့များက မြို့ပေါင်း ၃၀ နီးပါးကို သိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီလက်အောက်မှ လွတ်ထွက်သွားသည့် ထိုနေရာများတွင် အုပ်ချုပ်ရေးယန္တရားကို အစားထိုးလည်ပတ်နိုင်ရေး ဒေသအလိုက် ကြိုးပမ်းနေကြသည်။

ရှမ်းမြောက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ၎င်းတို့သိမ်းပိုက်ထားသည့် မြို့များတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး စတင်နေသည့်နည်းတူ ကိုးကန့်တပ် MNDAA ကလည်း အုပ်ချုပ်ရေးထူထောင်နေပြီဖြစ်သည်။

ထို့အတူ စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများကလည်း ၎င်းတို့ သိမ်းပိုက်ထားသည့် မြို့များတွင် NUG အစိုးရ အစီအစဉ်ဖြင့် ပြည်သူ့အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်ရန် အရှိန်ယူနေကြသည်။

ကောလင်းမြို့ကို ထိန်းချုပ်လိုက်ပြီး တစ်လအကြာ ဒီဇင်ဘာလဆန်းတွင် ပြည်သူ့အုပ်ချုပ်ရေး စတင်ပြီဖြစ်ကြောင်း NUG အစိုးရက ကြေညာခဲ့သည်။

ခမ်းပါတ်၊ ရွှေပြည်အေးနှင့် မော်လူးမြို့တို့တွင်လည်း ပြည်သူ့အုပ်ချုပ်ရေး စတင်ရန် ကြိုးစားနေပြီး လုံခြုံစိတ်ချရသည့် အခြေအနေရောက်မှ တရားဝင်ထုတ်ပြန်သွားမည်ဟု NUG အစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

“ပြည်သူလူထုရဲ့လုံခြုံရေးက အရေးကြီးဆုံးဖြစ်တဲ့အတွက်ကြောင့် ဒီအပေါ်မှာ ခိုင်မာသေချာတဲ့ လုံခြုံရေးစနစ်တွေ ပြင်ဆင်ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဒါတွေ ပြီးစီးသွားတဲ့အချိန်ကျရင် ကောလင်းမြို့ကို ပြည်သူ့အုပ်ချုပ်ရေး ကြေညာသလို ကြေညာသွားပါမယ်”

သိမ်းပိုက်ထားသည့်မြို့များတွင် လေကြောင်းအန္တရာယ်ကြောင့် အထိုင်ရုံးခန်းများ ဖွင့်လှစ်နိုင်ခြင်းမရှိသေးသော်လည်း ရပ်ကွက်အလိုက် တာဝန်ခံများ ရွေးချယ်ပြီး အုပ်ချုပ်ရေးလုပ်ငန်း စတင်ဆောင်ရွက်နေသည်ဟု သိရသည်။

 စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ ၂၀၂၃ ဖေဖော်ဝါရီလဆန်းမြင်ကွင်း။ ဓာတ်ပုံ – ပေးပို့

လက်နက်ကြီးနှင့် လေကြောင်းရန်ကြောင့် ဆေးရုံပြန်မဖွင့်နိုင်သေးသော်လည်း လုံခြုံသည့်နေရာများတွင် ယာယီဆေးရုံဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့်အပြင် မြို့ပေါ်မှအပ ကျောင်းများပြန်ဖွင့်ထားသည်ဟု ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က (ပအဖ) ဆိုသည်။

“ပြည်သူ့ဝန်ဆောင်မှုတွေထဲက အရေးကြီးမှုကို ချိန်ဆပြီး ဦးစားပေးကို လုပ်ပါတယ်။ ရနိုင်သမျှ ရှိနေတဲ့အထဲကပဲ လက်တွဲလုပ်ကြရပါတယ်။ အကောင်းဆုံးရမှ ဆိုရင်တော့ မြေပြင်အခြေအနေမှာ အဆင်မပြေပါဘူး” ဟု မြို့နယ်ပအဖ တာဝန်ရှိသူတစ်ဦးက ဇန်နဝါလအတွင်း ပြောဆိုထားသည်။

အုပ်ချုပ်ရေးလုပ်ငန်းစဉ်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအတွက် CDM ဝန်ထမ်းများကို အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ဖိတ်ခေါ်ထားပြီး ပညာရေးကဏ္ဍမှ CDM ဝန်ထမ်းများမှာ အများဆုံးဖြစ်သည်ဟု ဆိုသည်။

သိမ်းပိုက်ထားသည့် မြို့ ၄ မြို့သာမက နိုင်ငံအနှံ့ NUG ထိန်းချုပ်ထားသည့် ရာနှင့်ချီသည့် ကျေးရွာများ၊ ဒေသများတွင်လည်း ကြားကာလအုပ်ချုပ်ရေးအစီအမံများ ဆောင်ရွက်လျက်ရှိကြောင်း NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကပြောသည်။

“တစ်ဖက်မှာ ကျွန်တော်တို့ရဲ့ ထိန်းချုပ်နယ်မြေတွေ ကြီးလာတာနဲ့အမျှ သူတို့ရဲ့ကျရှုံးတာကို ပြည်သူတွေအပေါ်မှာ အမဲကြီးမဲပြီးတော့ ကျွန်တော်တို့ သေသေချာချာ မထိန်းချုပ်နိုင်တဲ့ဒေသတချို့မှာ လူသတ်ပွဲတွေ ဆင်နွှဲနေတယ်” ဟု ဦးကျော်ဇော်ကပြောသည်။

“ကျွန်တော်တို့ထိန်းချုပ်တဲ့နယ်မြေတွေကိုလည်း လေကြောင်းကနေ တိုက်ခိုက်တာတို့၊ ဟိုးအဝေးကြီးကနေပြီးတော့ အမြောက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုး ဆက်တိုက်လုပ်နေတယ်”

စစ်ကောင်စီဘက်က လက်လွတ်ဆုံးရှုံးထားသည့် မြို့များကို ပြန်မသိမ်းနိုင်သေးသော်လည်း ကုန်စည်စီးဆင်းမှုလမ်းကြောင်းများနှင့် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားပြီး အချို့မြို့နယ်များတွင် ဖုန်းလိုင်းရသော်လည်း လွယ်လင့်တကူဆက်သွယ်၍မရဟု ဒေသခံများက ဆိုသည်။

ကောလင်းဘက်သို့ ကုန်စည်ပို့ဆောင်သည့် ကားများကို ရွှေဘိုမြို့၊ ကိုးပင်ဂိတ်တွင် စစ်တပ်က ဖမ်းဆီးကာ မီးရှို့ခြင်း၊ သိန်းရာနှင့်ချီ ဒဏ်ရိုက်ခြင်းများ ပြုလုပ်နေပြီး အိန္ဒိယနယ်စပ် တမူးနှင့် ကလေးမြို့အကြားရှိ ခမ်းပါတ်သို့ သွားရာလမ်းကြောင်းလည်း ဖြတ်တောက်ခံထားရသည်ဟု သိရသည်။

“ကလေးမြို့ တာဟန်းအဝင်မှာ တစ်ပတ်မှာ နှစ်ခါသုံးခါလောက် လာစစ်ဆေးပြီးတော့ ခမ်းပါတ်လိုင်းကားတွေကို ဖမ်းတာတို့၊ ပိုက်ဆံညှစ်တာတို့ရှိတော့ ကားသမားတွေက မထွက်ရဲတော့ ကုန်ပစ္စည်းက အရင်လို ပုံမှန်တော့ မဝင်သေးဘူး” ဟု ခမ်းပါတ်မြို့ခံ ကိုထွန်းမင်းက ဆိုသည်။

စစ်ကောင်စီဘက်က ထိုသို့နည်းလမ်းမျိုးစုံ ပိတ်ဆို့ဖြတ်တောက်ထားသော်လည်း တော်လှန်ရေးအဖွဲ့ များ ထိန်းချုပ်ထားရာ မြို့နယ်များ၌ လွတ်လပ်စွာသွားလာခွင့်ရနေခြင်းက မြင်သာသည့် ပြောင်းလဲမှုတစ်ခုဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိန်းချုပ်ပြီးနောက် စစ်ဆေးမှုလျော့နည်းသွားကာ သွားရေးလာရေး ပိုလွတ်လပ်လာသည်ဟုလည်း ဒေသခံတို့က ဆိုသည်။

ကောလင်းမြို့သား ကိုမျိုးကျော်ကမူ ယခင်မူလအခြေအနေအတိုင်း ပြန်လည်စည်ကားရန် မလွယ်ကူသေးဟု မှတ်ချက်ပြုသည်။

“နေရာတွေအကုန်လုံး ကိုယ့်မြို့လိုပဲ သိမ်းနိုင်သွားမှပဲ အကုန်လုံးလည်ပတ်ရတာ အဆင်ပြေမှာလေ။ ကိုယ်တစ်မြို့တည်းသိမ်းပြီးတော့ ကိုယ့်တစ်မြို့တည်း လည်ပတ်နေလို့ရတာ မဟုတ်ဘူး”

(*သတင်းရင်းမြစ်၏ လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားသည်)

Show More

Related Articles

Back to top button