ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ကောင်စီအမြောက်တပ်၏ ပစ်ခတ်မှုကြောင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့မှ အသက် ၅ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၄ ဦး သေဆုံးသွားသည်ဟု သိရသည်။
ဇန်နဝါရီ ၂၈ ရက်နေ့က နန်းမားမြို့ပေါ်ရှိ စစ်ကောင်စီအမြောက်တပ် ၃၆၇ က တစ်နေကုန်ပစ်ခတ်မှုကြောင့် မိုးညှင်းမြို့နှင့် ၉ မိုင်ခန့်အကွာ နန်းမားမြို့အရှေ့ဘက်ရှိ ညောင်ပင်သာ၊ ကသည်းကုန်းနှင့် တောင်အင်း စသည့် ကျေးရွာများတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။
ထိုပစ်ခတ်မှုတွင် အသက် ၄၅ နှစ်အရွယ် ဒေါ်နွယ်ဦးနှင့် ၅ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး အခြားကလေးတစ်ဦးလည်း ဒဏ်ရာရခဲ့သည်ဟု နန်းမားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ထမင်းစားနေတယ်လို့ ပြောတယ်၊ လက်နက်ကြီးကျတဲ့အချိန်က။ အမေဖြစ်သူကတော့ ပွဲချင်းပြီးပဲ၊ ကလေးနှစ်ယောက် ဒဏ်ရာရတာမှာ တစ်ယောက်က ဆေးရုံရောက်ပြီးမှ ဆုံးသွားတယ်၊ ကလေးက ၅ နှစ်ပဲ ရှိသေးတာ” ဟု အဆိုပါအမျိုးသားက ပြောသည်။
ကလေးများ ထိခိုက်မှု အပါအဝင် ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးပေ။
Kachinwaves အွန်လိုင်းသတင်းဌာန၏ ဇန်နဝါရီ ၂၈ ရက်နေ့ သတင်းတစ်ပုဒ်တွင် သေဆုံးသည့် ကလေးမှာ သမီးမိန်းကလေး ဖြစ်သည်ဟု ဖော်ပြထားသည်။
ထိုနေ့တစ်ရက်တည်းတွင်လည်း တောင်အင်းရွာနှင့် ကသည်းကုန်းရွာကြားရှိ လယ်ကွင်းထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲသည်၊ ဆီးခုံတွင် လက်နက်ကြီးစ ထိမှန်သည့် အမျိုးသားတစ်ဦး မိုးညှင်းဆေးရုံတွင် ကုသမှုခံနေစဉ် သေဆုံးခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ အမျိုးသားမှာ တောင်အင်းရွာသားဖြစ်ပြီး သူ၏ အသက်၊ အမည်နှင့် အသေးစိတ်အချက်အလက်များ သိရှိရန် ဆက်လက် စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။
နောက်ရက်များတွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီး ဆက်လက် ပစ်ခတ်ခဲ့ပြီး နန်းမားမြို့အရှေ့ဘက်ရှိ နန့်စော်လော်ရွာသားတစ်ဦး လက်နက်ကြီးစထိမှန်ကာ သေဆုံးခဲ့သည်ဟု အထက်ပါ နန်းမား ဒေသခံအမျိုးသားက ပြောသည်။
အဆိုပါ အမျိုးသားမှာ မိုးညှင်းမြို့သို့ ဈေးဝယ်သွားရန် ဆိုင်ကယ်မောင်းနှင်လာစဉ် ကားလမ်းပေါ်သို့ လက်နက်ကြီးရောက်ပေါက်ကွဲပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဆိုင်ကယ်နောက်တွင် စီးနင်းလာသူ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်။ ၃ ရက်တာ လက်နက်ကြီးပစ်ခတ်မှုအတွင်း နန်းမားဒေသခံ ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု သိရသည်။
မိုးညှင်း၊ နန်းမား၊ ဟိုပင်နှင့် နမ့်မွန်း စသည့် ဒေသများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့လက်နက်ကြီး ပစ်ခတ်နေခြင်းဖြစ်သည်ဟု မိုးညှင်းမြို့နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း ဆိုသည်။
Kachinwaves အွန်လိုင်းသတင်းဌာန၏ ဇန်နဝါရီ ၂၄ ရက်နေ့ သတင်းတစ်ပုဒ်တွင် နန်းမားမြို့မှ စစ်ကောင်စီခန့် ရပ်ကျေး အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်ဆိုသူ ထိုနေ့နံနက်တွင် လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ပစ်သတ်ခံရပြီးနောက် နန်းမားအမြောက်တပ်က ဒေသခံပြည်သူတွေကို လိုက်လံစစ်ဆေး ဖမ်းဆီးခဲ့သည်၊ အဆိုပါ လက်ဖက်ရည်ဆိုင်ပိုင်ရှင် လင်မယားအပါအဝင် ဒေသခံ ၇ ဦး အဖမ်းခံရသည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီက ထိုဒေသ ဖြစ်ရပ်များနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။
ရက္ခိုင့်တပ်တော် (AA)၊ ကိုးကန့်တပ် (MNDAA)၊ တအာင်း/ပလောင်တပ် (TNLA) စသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ် အထိနာပြီးနောက် အရပ်သားများကို ထိခိုက်စေသည့် ပစ်ခတ်မှုများ ပိုမို ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။
အရပ်သားများကို တိုက်ခိုက်မှု တိုးချဲ့ လုပ်ဆောင်နေသဖြင့် အပြစ်မဲ့ ပြည်သူများကို ကယ်တင်နိုင်ရေးအတွက် စစ်ကောင်စီတပ်ကို ထိထိရောက်ရောက် အရေးယူရမည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က ယနေ့ (ဇန်နဝါရီ ၃၀) ရက်စွဲဖြင့် ကြေညာချက် ထုတ်ထားသည်ကို တွေ့ရသည်။
နိုင်ငံတကာက စစ်ကောင်စီကို ကန့်သတ်ပိတ်ဆို့မှုများပြုလုပ်ပြီး အရေးယူထားသည်ကို တွေ့ရသည်။
သို့သော်လည်း စစ်ကောင်စီသည် တရုတ်၊ ရုရှား စသည့် နိုင်ငံကြီးနှစ်ခု၏ ထောက်ခံအားပေးမှုကို ရရှိထားသည်။