စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထောက်ခံသူများ၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သူ ကိုမျိုးဝင်းစိုးသည် အခင်းဖြစ်ပွားချိန်တွင် ပါဝင်ခဲ့ခြင်း မရှိဘဲ NLD အင်္ကျီဝတ်ထားသဖြင့် အကြောင်းမဲ့ ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ကန့်ဘလူမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီက အောက်တိုဘာ ၂၂ ရက်တွင် မဲဆွယ်စည်းရုံးရေးလှည့်လည်ရာ ကာဘိုးရွာအရောက်တွင် ပဋိပက္ခဖြစ်ပွားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ၏ ရိုက်နှက်မှုကြောင့် ရရှိခဲ့သည့် ဒဏ်ရာဖြင့် ကိုမျိုးဝင်းစိုးသည် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကုသစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးယာဉ်တန်းတွင် လိုက်ပါလာသူများသည် တုတ်၊ ဓားများ ကိုင်ဆောင်ထားပြီး ကာဘိုးကျေးရွာရှိ နေအိမ်တစ်လုံးနှင့် NLD စတစ်ကာကပ်ထားသည့် ကျေးရွာလမ်းရှိ ဆိုင်ကယ် ၅ စီးအပြင် ကျေးရွာကိုဗစ်ကာကွယ်ရေးစစ်ဆေးရေးဂိတ်ကိုလည်း ဖျက်ဆီးခဲ့ကြသည်။
လူအင်အား ၂,၀၀၀ ခန့်ရှိ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများသည် ကာဘိုးကျေးရွာအတွင်း လှည့်လည်နေစဉ် ယာဉ်ကြောပိတ်ဆို့နေ၍ ဟွန်းတီးကာ ဆိုင်ကယ်ဖြင့်ကျော်တက်ခဲ့သူ အသက် ၁၅ နှစ်အရွယ် ကာဘိုးရွာသား မောင်နေမျိုးအောင်ကို ပြည်ခိုင်ဖြိုးယာဉ်တန်းပါ အမျိုးသမီးတစ်ဦးက ဆဲဆိုရာမှ အခင်းစတင်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
“ကျွန်တော့်ကို ပါးရိုက်မယ် ပြောတယ်။ ရိုက်ရဲရင်ရိုက်လို့ ပြန်အော်လိုက်တော့ ကားပေါ်က အုပ်စုလိုက် ဆင်းရိုက်တယ်။ အဲဒီမိန်းမတွေက ကားပေါ်ကနေ တုတ်တွေချပေးတယ်” ဟု မောင်နေမျိုးအောင်က အောက်တိုဘာ ၂၅ ရက်တွင် Myanmar Now ကို ပြောသည်။
၎င်းကို ဓားဖြင့်ထောက်ပြီး အသက်မေးကာ “၁၈ နှစ် မပြည့်သေးဘူး။ သူ့ကို မလုပ်နဲ့” ဟု ပြောဆိုကာ လွှတ်ပေးခဲ့သဖြင့် ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့သည်ဟု မောင်နေမျိုးအောင်က ပြောသည်။
ပြည်ခိုင်ဖြိုးယာဉ်တန်းပါ လူအုပ်ကြီးသည် ၎င်းတို့ယာဉ်တန်းနောက် ရောက်လာသော NLD စတစ်ကာကပ်ထားသည့် ဆိုင်ကယ်မောင်းသူ လူငယ်လေးဦးကိုလည်း ရိုက်နှက်ခဲ့သဖြင့် ထိုလူငယ်များမှာ နီးစပ်ရာအိမ်အတွင်း ဝင်ရောက်ပုန်းအောင်းခဲ့ရသည်။
“ကလေးတွေက ဝင်ပြေးလာတာ၊ မင်းတို့ဘာလို့ ဝင်တုန်း၊ ရန်ဖြစ်နေကြတာ ကြောက်လို့ပါဗျ၊ ကြောက်လို့ပါဆိုတော့ အေး အဲလိုဆိုလည်း အမေကြီးက ပိတ်မရဘူး။ အုံပိတ်ကြဦးဆိုတော့ သူတို့အုံပိတ်ကြတာ (ကျပ်နေသည့်တံခါးကို ဝိုင်းပိတ်ခြင်း)” ဟု အဆိုပါအိမ်ပိုင်ရှင် အသက် ၇၂ နှစ်အရွယ် ဒေါ်ဝင်းတင်က ပြောသည်။
၎င်း၏နေအိမ်အတွင်း လာရောက်ပုန်းအောင်းနေသည့် လူငယ်လေးဦးကို ကယ်တင်ပြီးနောက် နေအိမ်ကို ကျောက်ခဲများ၊ အုတ်ခဲများ၊ တုတ်များဖြင့် တရစပ်ပစ်နေသည့် ပြည်ခိုင်ဖြိုးလူအုပ်ကို ကြောက်လွန်း၍ ငိုကာ နီးစပ်ရာဆွေမျိုးများထံ ဖုန်းဆက်အကူအညီတောင်းခဲ့သည်ဟုလည်း ဒေါ်ဝင်းတင်က ပြောသည်။
“တကယ်လို့ ဖွင့်ပေး (တံခါးဖွင့်) လိုက်ရင်လည်း ဒီကလေးလေးတွေအဖြစ်က မတွေးရဲစရာပဲ” ဟုလည်း ပြည်ခိုင်ဖြိုးပါတီယာဉ်တန်းပါ လူအုပ်ကြီးကို အနီးကပ်တွေ့မြင်ခဲ့ရပြီး ခဲထုခံခဲ့ရသည့် နေအိမ်ပိုင်ရှင် ဒေါ်ဝင်းတင်က ဆိုသည်။
ထိုသို့ နေအိမ်ကို ပစ်ခတ်နေသည်မှာ နာရီဝက်ခန့်ကြာပြီး ယာဉ်တန်းပါ အမျိုးသမီးတစ်ဦးက ကားပေါ်တွင် အသင့်ယူဆောင်လာသည့် ခဲများ၊ သံတုတ်များ အောက်သို့ ချပေးနေသည်ကို မြင်တွေ့ခဲ့ရသည်ဟုလည်း ဒေါ်ဝင်းတင်က ဆိုသည်။
“ခဲတွေကလည်း အဘွားတို့လမ်းထဲက ခဲတွေမဟုတ်ဘူး။ သူတို့ကားပေါ် အသင့်ပါလာတာ။ သံတုတ်တွေက အလံကို လိပ်လိုက်တာ၊ အလံမှာ ဒီမှာ NLD တွေက ဖိုက်ဘာတုတ်သုံးတယ်။ သူတို့က သံတုတ်တွေနဲ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဒေါ်ဝင်းတင်၏ နေအိမ်ကို ထိုသို့ ခဲဖြင့်ပေါက်ခြင်း၊ အော်ဟစ်ဆဲဆိုခြင်းများ ပြုလုပ်နေချိန်တွင် အဆိုပါအခင်းဖြစ်ရာသို့ လာရောက်ကြည့်ရှုခဲ့သည့် ကာဘိုးရွာနေ ကိုမျိုးဝင်းစိုးသည် ခေါင်းကို ခဲမှန်သဖြင့် လဲကျသွားကြောင်း တွေ့မြင်ခဲ့သူ ကိုဇင်ထွန်းအောင်က ပြောသည်။
“ကျွန်တော်က အနီဝတ်ထားတာ။ (အနီရောင်အင်္ကျီ) ဒါပေမဲ့ NLD အင်္ကျီတော့ မဟုတ်ဘူး။ ကိုမျိုးဝင်းစိုးက NLD အင်္ကျီဝတ်ထားတာ။ ခဲမှန်တော့ လူလဲကျသွားတယ်။ လဲကျသွားတော့ လူအုပ်က ပြေးလာပြီး ဖိနပ်တွေနဲ့ နင်းတယ်။ သူ့ကို ထပ်ရိုက်ကြတယ်” ဟု ထိုရရှိသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့သူ ကိုမျိုးဝင်းစိုးနှင့် အခင်းဖြစ်ပွားရာတွင် အတူရှိနေခဲ့သူ ကိုဇင်ထွန်းအောင်က ပြောသည်။
“သူက ရန်ဖြစ်တဲ့အထဲလည်း မပါဘူး။ သူ့ဘာသာလေး ထိုင်ကြည့်နေတာကို ဝင်လုပ်သွားတာ။ ကျွန်တော်လည်း အသက်လုပြေးရတော့ မကယ်လိုက်နိုင်ဘူး” ဟု ကိုဇင်ထွန်းအောင်က ပြောသည်။
သေဆုံးသူ ကိုမျိုးဝင်းစိုး၏ မိသားစုဝင်တစ်ဦးဖြစ်သူ ကိုသက်ပိုင်ထူးက “ဒီလိုဖြစ်တယ်ကြားရပြီး သွားခေါ်တော့ စကားသိပ်မပြောနိုင်တော့ဘူး။ ခါးတွေ နာတယ်၊ နာတယ်လို့တော့ အော်တယ်။ နားထဲက သွေးတွေထွက်နေတယ်” ဟု ပြောသည်။
ကိုမျိုးဝင်းစိုးနှင့် သားသမီးများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို ထောက်ခံသူများဖြစ်ကြပြီး ထိုနေ့ကလည်း ကိုမျိုးဝင်းစိုးသည် NLD အင်္ကျီဝတ်ဆင်ထားသည်ဟု ၎င်း၏ဇနီးဖြစ်သူ ဒေါ်လှမေက ဆိုသည်။
“သူပြေးလို့မရဘူးတဲ့။ သူ့ကိုအပေါ်ကနေ ဝိုင်းဖိ၊ ဝိုင်းရိုက်ကြတယ်။ လူတွေက အများကြီးပဲဆိုပြီး ပြန်ပြောပြတယ်” ဟု ကိုမျိုးဝင်းစိုး ဒဏ်ရာရရှိခဲ့ပုံကို ဇနီးဖြစ်သူ ဒေါ်လှမေက ပြောပြသည်။
“အိမ်က ကလေးတွေရော သူရောက အမေစု၊ အမေစုနဲ့ နေတာပဲ။ ခုလိုဖြစ်သွားတော့လည်း အမေစုပါတီဘက်ကနေပြီး အသက်ပေးသွားတယ်လို့ ကြံဖန်ဂုဏ်ယူပါတယ်၊။ တစ်ဖက်ပါတီကိုလည်း ဘာမှ မပြောလိုပါဘူး။ ကျွန်မတို့လို မဖြစ်ကြပါစေနဲ့” ဟုလည်း ဒေါ်လှမေက ငိုယိုလျက်ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးယာဉ်တန်းတွင် ကန့်ဘလူမြို့မှ နှင်းဆီပါတီတာဝန်ခံ ဦးသောင်းငွေ၏သား ကိုခင်မောင်ဦး၊ ထန်းကုန်းပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးနှင့် ဇီးကုန်းပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးများဖြစ်ကြသည့် ဦးကိုကြီးနှင့် ဦးကိုလေးတို့ ပါဝင်ပြီး ရုပ်သံမှတ်တမ်းများလည်း ရရှိထားသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။
“အခု လူတစ်ဦး ရိုက်နှက်ခံရလို့ သေဆုံးသွားပြီ။ သက်ဆိုင်တဲ့ကိုယ်စားလှယ်လောင်းတွေ၊ စည်းရုံးရေးမှူးတွေက ပါတီပုံရိပ်ကျမှာ စိုးလို့လား။ တာဝန်မခံကြဘူးလား” ဟု ကာဘိုးရွာ ဒေသခံ ကိုသန်းထွန်းအောင်က မေးခွန်းထုတ်သည်။
အခင်းဖြစ်ပွားရာမှ ပြန်လည်ထွက်ခွာသွားချိန်တွင် ပြည်ခိုင်ဖြိုးယာဉ်တန်းတွင် လိုက်ပါလာသူများက “ဒါမှပြည်ခိုင်ဖြိုးကွ။ ခြင်္သေ့သွေးဟေ့ မှတ်ပြီလား” ဟုလည်း သံပြိုင်ဟစ်ကြွေးခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူ ကာဘိုးရွာသား ကိုမျိုးဝင်းစိုးကို အခင်းဖြစ်ပွားသည့် ညတွင်ပင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း နောက်တစ်နေ့ အောက်တိုဘာ ၂၄ တွင် သေဆုံးခဲ့သည်။
ကိုမျိုးဝင်းစိုး၏ ဈာပနကို ကာဘိုးရွာ၌ အောက်တိုဘာ ၂၅ ရက်တွင် ပြုလုပ်ခဲ့သည်။ NLD အလံလွှမ်းခြုံထားသည့် ရုပ်အလောင်းဘေးတွင် အော်ဟစ်ငိုယိုနေသူ လူမမည် ကလေးသုံးဦးသည် ကိုမျိုးဝင်းစိုး၏ ရင်သွေးများဖြစ်ကြသည်ဟု သိရသည်။
“ငါတို့အစ်ကို ခွေးတွေဝိုင်းသတ်လို့ သေရတာ။ ခွေးတွေဝိုင်းသတ်လို့ သေရတာ” ဟု ကိုမျိုးဝင်းစိုး၏ ညီမငယ်ဖြစ်သူက ယူကျုံးမရ အော်ဟစ်ငိုကြွေးလျက်ရှိသည်။
ကိုမျိုးဝင်းစိုး၏ ရုပ်အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်ရန် သုသာန်သို့ ပို့ဆောင်ရာတွင် ရွာသူရွာသား ၅၀၀ ခန့်က လိုက်ပါပို့ဆောင်ခဲ့ကြသည်။ ကိုမျိုးဝင်းစိုး၏ ဇနီးဖြစ်သူမှာ မူးလဲကျသွားသဖြင့် ခင်ပွန်းဖြစ်သူ မြေချရာသို့ လိုက်ပါမကြည့်ရှုနိုင်တော့ဘဲ ဆေးခန်းကို တန်းပို့လိုက်ရသည်။
အသုဘလိုက်ပို့သူများတွင် NLD ပါတီအင်္ကျီဝတ်ဆင်ထားသူအချို့လည်း တွေ့ရှိရသည်။
“တစ်ယောက်တည်းမို့ မင်း ခုလိုဖြစ်သွားရတာပါကွာ။ ငါတို့ ရှိကြည့်ပါလား” ဆိုသော လူတစ်ဦး၏ ပြောဆိုသံနှင့် ခံပြင်းတောက်ခေါက်သံကိုလည်း ကြားရသည်။
ကိုမျိုးဝင်းစိုးသေဆုံးမှုကြောင့် NLD ပါတီကို ထောက်ခံဝန်းရံလျှင် ထိုသို့အကြမ်းဖက်ခံရမည်ကို စိုးရိမ်ကြောက်လန့်နေကြသည်ဟု ကာဘိုးနှင့် အနီးအနားကျေးရွာများမှ ဒေသခံများက ဆိုသည်။
“အချို့ဆို ဆိုင်ကယ်တွေမှာ ကပ်ထားတဲ့ စတစ်ကာတွေ ပြန်ခွာ။ အင်္ကျီတွေဝတ်ပြီးလည်း ဟိုနားဒီနား သိပ်မသွားရဲတော့ဘူး။ တချို့ရွာတွေဆို သူတို့ရွာက ဘယ်သူတွေကျူးလွန်ထားကြောင်း သိနေရက်နဲ့ မပြောရဲကြဘူး” ဟု ကာဘိုးရွာမှ ကိုသန်းထွန်းအောင်က ဆိုသည်။
ကိုမျိုးဝင်းစိုးသေဆုံးမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟု ယူဆထားသည့် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်ယာဉ်တန်းတွင် လိုက်ပါခဲ့သူ ၅ ဦးကို ကန့်ဘလူမြို့နယ်ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။
အမှုမှန်ပေါ်ပေါက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သီးသန့်စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ထားပြီးဖြစ်ကြောင်းလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်က Myanmar Now ကို ပြောသည်။
“အခု ၅ ဦးမိထားပြီလို့ ပြောတယ်။ မကျေနပ်လို့ ထပ်ဖွဲ့တာ။ မြေပြင်ဆင်းပြီး စုံစမ်းကြမှာ” ဟု ဒေါက်တာမြင့်နိုင်က အောက်တိုဘာ ၂၅ ရက်နေ့ ညနေပိုင်းတွင် ပြောသည်။
လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့ရသည့် အဆိုပါပြည်ခိုင်ဖြိုးပါတီ၏ အောင်နိုင်ရေးယာဉ်တန်းတွင် သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းနှင့် စည်းရုံးရေးမှူးများ ပါရှိပါက အရေးယူသွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလေးနိုင်က အောက်တိုဘာ ၂၅ ရက်တွင် ပြောသည်။
“တုတ်တွေ ဓားတွေပါတယ်ဆိုတာ၊ ကိုယ်စားလှယ်လောင်းတွေ စည်းရုံးရေးမှူးတွေပါတယ်ဆိုတာ ပေါ်ပေါက်ရင်တော့ အရေးယူမှာ” ဟု ၎င်းက ပြောသည်။
ကာဘိုးရွာဖြစ်စဉ်တွင် ပါတီဝန်းရံသူများက သူတို့ကိုယ်ပိုင်အစီအစဉ်ဖြင့်သာ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ယနေ့ (အောက်တိုဘာ ၂၇) တွင် မုံရွာမြို့၌ ပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် ပါတီတိုင်းအတွင်းရေးမှူး ဦးအောင်ဇော်ဦးက ပြောသည်။
“ဆိုင်ကယ်အစီး ၅၀၀၊ လူအင်အား ၁,၅၀၀ ထန်းကုန်းမှာ စုဖွဲ့ပြီးမှ ကာဘိုးကို ရောက်တာ။ အလားတူပဲ ဇီးကုန်းဘက်မှာလည်း ကား ၇၀၊ ဆိုင်ကယ်အစီး ၅၀၀၊ လူအင်အား ၂,၀၀၀ လောက်။ လမ်းကြောင်းနှစ်ကြောင်းနဲ့ သူတို့အချင်းချင်း ညှိနှိုင်းပြီးလုပ်တာ” ဟု ၎င်းက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခုကို ထောက်ခံဝန်းရံသူများအကြား ဖြစ်ပွားသည့် ပဋိပက္ခကြောင့် ပထမဦးဆုံးအကြိမ် လူတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။