၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မျက်နှာသစ်လူငယ်နိုင်ငံရေးသမားများအနက် ကယောတိုင်းရင်းသူတစ်ဦးဖြစ်သူ အယ်ဗလင်းလည်း တစ်ဦးအပါအဝင်ဖြစ်သည်။
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ကိုယ်စားပြုကာ ဖရူဆိုမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အယ်ဗလင်းသည် တစ်ချိန်က လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ) တွင် ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။
အယ်ဗလင်းသည် ၂၀၀၁ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ပြီးနောက် တက္ကသိုလ်တက်ရောက်လိုသော်လည်း မိဘများမှာ ကျောင်းမထားနိုင်သဖြင့် ကလလတကို ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ဘုရားကျောင်းတွင် အင်္ဂလိပ်စာနှင့် စိတ်ပိုင်းဆိုင်ရာဘာသာရပ်များ လေ့လာဆည်းပူးခဲ့ပြီး ကလလတ၏ နိုင်ငံရေးဌာနတွင် လုပ်ကိုင်နေစဉ် နိုင်ငံရေးပညာရပ်များ လေ့လာခွင့်ရရှိခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ကလလတ၏ စေလွှတ်မှုဖြင့် ထိုင်းနယ်စပ်တွင် နိုင်ငံတကာရေးရာသင်တန်းကို သုံးနှစ်ခန့် တက်ရောက်ခွင့်ရခဲ့သည်။ ထို့နောက်တွင် အင်္ဂလိပ်စာဘာသာရပ် အဓိကဖြင့် အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။
ကလလတသည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် တပ်မတော်လက်အောက်ရှိ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်သော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ အဆိုပါအဖွဲ့သည် ၁၉၇၈ ခုနှစ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ခွဲထွက်ခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်း တစ်ဆယ်ကျော်က ဖွဲ့စည်းပုံအခြေခံဥပဒေဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုတွင် စတင်ပါဝင်ခဲ့ခြင်းသည် အယ်ဗလင်း၏ နိုင်ငံရေးခရီးအစဖြစ်သည်။ ထိုအချိန်က အယ်ဗလင်းမှာ အသက် ၂၅ နှစ်အရွယ်သာ ရှိသေးသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆန့်ကျင်ရေး
အယ်ဗလင်းအပါအဝင် ကယားပြည်နယ်ရှိ လူငယ်အချို့သည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမတိုင်မီကပင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုများ စတင်ခဲ့ကြပြီးဖြစ်သည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကရင်နီလူငယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို အလွတ်ရသည်အထိ အကြိတ်အနယ်လေ့လာခဲ့ကြပြီး ပြင်ဆင်ပယ်ဖျက်သင့်သည့် အချက်များကို ပြည်သူလူထုသာမက နိုင်ငံရေးနှင့် လက်နက်ကိုင်အင်အားစုများထံ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့ကြသည်။
“ညီညွတ်ဖို့အချိန်တန်ပြီ။ စစ်ဖိနပ်အောက်က လွတ်မြောက်ဖို့ အချိန်တန်ပြီပေါ့။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံဟာ တစ်သက်လုံး စစ်ဖိနပ်အောက်ကို ပိုပြီးတော့ ရောက်သွားစေမယ့်အရာဖြစ်တယ်ဆိုတဲ့ သတင်းစကားတွေကို စာရွက်အပိုင်းအစလေးတွေမှာ ထည့်ပြီးတော့မှ လိုက်ဝေတာတွေရှိတယ်” ဟု ထိုစဉ်က လှုပ်ရှားမှုများအကြောင်း အယ်ဗလင်းက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန့်ကျင်ရေးအတွက် ပုံစံအမျိုးမျိုးဖြင့် လှုပ်ရှားခဲ့ကြသည်ဟု ဆိုသည်။ တော်လှန်ရေးပုံရိပ်များပါဝင်သည့် CD ချပ်များဝေငှခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ကြောင်း ညဘက်တွင် စပရေးဘူးများဖြင့် သင်္ကေတရေးဆွဲခြင်း၊ စာရွက်စာတမ်းများဖြန့်ဝေခြင်း၊ လူငယ်များကို သင်တန်းကျင်းပခြင်း စသည့် အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် လှုပ်ရှားခဲ့ကြသည်ဟု ဆိုသည်။
ထိုကာလကတည်းက အိမ်အနီးသို့ ထောက်လှမ်းရေးများ လာရောက်စုံစမ်းနေသည်ကို ရိပ်မိခဲ့ကြောင်း၊ အဖမ်းခံရသည့်နေ့တွင်လည်း ၎င်းတို့ကို စောင့်ကြည့်မှုများရှိနေခဲ့ကြောင်း အယ်ဗလင်းက ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပသည့် ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နေ့ဖြစ်သည်။ ညနေ ၆ နာရီခန့်အချိန်တွင် ကယားပြည်နယ် လွိုင်ကော်မြို့ နောင်ယားရပ်ကွက်ရှိ လူမသိသူမသိ ရုံးခန်းငယ်လေးသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ကရင်နီလူငယ်လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထိုဖမ်းဆီးခံလူငယ်များအနက် တစ်ဦးတည်းသော အမျိုးသမီးငယ်မှာ အယ်ဗလင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကျင်းပရာ မဲရုံများကို စောင့်ကြည့်မှတ်တမ်းတင်သောကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ကရင်နီလူငယ်များကို ရဲစခန်းတွင် လူခွဲစစ်ဆေးမေးမြန်းခဲ့သည်။
၎င်း၏ရဲဘော်ရဲဘက်တစ်ဦးဖြစ်သူ လွီးစီငြိမ်းကို သဲကြီးမဲကြီးနှိပ်စက်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း ထိုစဉ်က အဖြစ်အပျက်နှင့် ပတ်သက်၍ အယ်ဗလင်းက ဆိုသည်။
“သူ့ကိုကြမ်းပြင်ပေါ်မှာ ဒူးထောက်ခိုင်းပြီးတော့ လက်နောက်ပစ်နဲ့ လက်ထိတ်ခတ်ထားတယ်။ မိုးလင်းပေါက် အဲ့အတိုင်းပဲထားတာ။ ဒီကြားထဲမှာ ဒကစ (ဒေသကွပ်ကဲရေးစစ်ဌာနချုပ်) က လာပြီးတော့ ရိုက်သွားလိုက်၊ ရဲတွေက တစ်ယောက်ပြီးတစ်ယောက် ရိုက်လိုက်နဲ့ သူအရိုက်ခံရဆုံးပေါ့” ဟု အယ်ဗလင်းက ပြန်ပြောင်းပြောပြသည်။
အယ်ဗလင်းမှာ သူအလုပ်လုပ်နေသည့် အဖွဲ့အစည်း၏ ကူညီမှုဖြင့် အချုပ်ခန်းတွင် တစ်ညသာနေရပြီး ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ကျန်ရဲဘော်ရဲဘက်သုံးဦးမှာ ပုဒ်မအမျိုးမျိုးဖြင့် ထောင်ဒဏ် ၃၇ နှစ်စီ ချမှတ်ခံခဲ့ရပြီး လေးနှစ်အကြာမှ ပြန်လည်လွတ်မြောက်ခဲ့ကြသည်။
ထိုအချိန်က အယ်ဗလင်းသည် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး၌ နိုင်ငံရေးဌာန၊ ကွန်ပျူတာဌာနခွဲတွင် အလုပ်လုပ်နေချိန်ဖြစ်သည်။
“ဒီဖိနှိပ်မှုက နိုင်ငံရေးမှာ တော်တော်လေးကို ထဲထဲဝင်ဝင်လုပ်လာဖို့ကို တွန်းအားပေးခဲ့တယ်။ အကွေ့အပြောင်းတစ်ခု ဖြစ်တယ်ပေါ့နော်” ဟု ဖွဲ့စည်းပုံအခြေခံဥပဒေဆန့်ကျင်ရင်း နိုင်ငံရေးတွင် ပါဝင်လာခဲ့ရပုံကို အယ်ဗလင်းက ပြောသည်။
ခံယူချက်ဖြင့် နိုင်ငံရေးပညာရပ်များ ဆည်းပူးခဲ့သူ
ကယောတိုင်းရင်းသူ အယ်ဗလင်းသည် ဆယ်တန်းအောင်ပြီးပြီးချင်းပင် ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ) သို့ ရောက်ရှိပြီး နိုင်ငံရေးပညာရပ်များ လေ့လာသင်ယူခဲ့သည်။ ထိုမှတဆင့် ထိုင်းနိုင်ငံသို့ ပညာတော်သင်စေလွှတ်သဖြင့် နိုင်ငံတကာရေးရာပညာရပ်များကို သုံးနှစ်ခန့် လေ့လာဆည်းပူးခဲ့သည်။
“အစောပိုင်းကတော့ နိုင်ငံရေးခံယူချက်နဲ့ မဟုတ်ဘူးပေါ့နော်။ ကိုယ့်ရဲ့ ရှေ့ဆက်ပညာရပ်ကို မျှော်ကိုးပြီးတော့မှ ရောက်သွားတာ။ ပညာရပ်ကို ရှာရင်းနဲ့ တွေ့ရှိသွားတဲ့ နိုင်ငံရေးရပ်တည်ချက်ကို ရောက်သွားတယ်ပေါ့နော်” ဟု အယ်ဗလင်းက ပြောသည်။
၂၀၁၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့ပြီး အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ် တည်ထောင်ထားသည့် Gorge W. Bush Institute တွင် ခေါင်းဆောင်မှုဘာသာရပ်သင်တန်း တစ်နှစ်တက်ရောက်ခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ကရင်နီပြည်အမျိုးသားညီညွတ်ရေးပူးတွဲကော်မတီတွင် အလုပ်အမှုဆောင်ကော်မတီဝင်ဖြစ်လာပြီး ၂၀၁၈ ခုနှစ်တွင် ကလလတ၏ ဗဟိုကော်မတီဝင်အဖြစ် မဲပေးရွေးချယ်ခံရကာ လက်နက်ကိုင်အင်အားစုများအကြား နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည်။
ထို့ပြင် ကရင်နီပြည်လူငယ်များသမဂ္ဂတွင်လည်း အတွင်းရေးမှူး (၁) အဖြစ် သုံးနှစ်ခန့် တာဝန်ယူဆောင်ရွက်ခဲ့သည်။၂၀၁၂ ခုနှစ်မှစ၍ ကယားပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခြောက်ဖွဲ့၏ ကျန်းမာရေးဌာနများကို စုစည်းပြီး ‘လူထုကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးကွန်ရက်’ အဖြစ် ဖွဲ့စည်းရာတွင် အယ်ဗလင်းပါဝင်ခဲ့သည်။ အဆိုပါကွန်ရက်တွင် စီမံခန့်ခွဲရေး ဒုတိယညွှန်ကြားရေးမှူးတာဝန်ဖြင့် ထမ်းဆောင်ခဲ့သည်မှာ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းဖြစ်သည့်အချိန်ထိပင်။
ကယားပြည်နယ်လူငယ်၊ ကရင်နီပြည်လူငယ်များသမဂ္ဂ၊ ကလလတဗဟိုကော်မတီ၊ ကရင်နီပြည်အမျိုးသားညီညွတ်ရေးပူးတွဲကော်မတီ စသည့် အဖွဲ့အစည်းများတွင်လည်း ပါဝင်ခဲ့ပြီး ပြည်နယ်အတွင်း နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
ကယောလူမျိုး မိဘနှစ်ပါးမှ လွိုင်ကော်မြို့တွင် မွေးဖွားခဲ့သူ အယ်ဗလင်းမှာ မွေးချင်း ၁၃ ယောက်အနက် အငယ်ဆုံးဖြစ်သည်။ နိုင်ငံရေးတက်ကြွသူအဖြစ် ပါဝင်ဆောင်ရွက်ရင်း ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆန့်ကျင်ရေး အတူလှုပ်ရှားခဲ့သူ ရဲဘော်ရဲဘက်တစ်ဦးဖြစ်သည့် လွီးစီငြိမ်း (ခ) ခွန်းဘီထူးနှင့် လက်ထပ်ခဲ့သည်။
တက်ကြွလှုပ်ရှားသူတစ်ဦးအနေဖြင့် နိုင်ငံရေး၊ လူ့အခွင့်အရေး၊ မျိုးနွယ်စုအခွင့်အရေး၊ လူငယ်၊ အမျိုးသမီးရေးရာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုများတွင် နှစ်ပေါင်းတစ်ဆယ်ကျော် ပါဝင်လှုပ်ရှားခဲ့ပြီးနောက် ရွေးကောက်ပွဲတွင် ကိုယ်တိုင်ဝင်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည်။
အယ်ဗလင်း၏ အမျိုးသား လွီးစီငြိမ်း(ခေါ်)ခွန်းဘီထူးသည်လည်း ကယန်းအမျိုးသားပါတီ (KNP) ကိုယ်စားပြုကာ မယ်စဲ့မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့် ကယန်းအမျိုးသားပါတီတို့သည် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဟာမိတ်ဖွဲ့ထားကြသည့် တိုင်းရင်းသားပါတီများ ဖြစ်ကြသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း
အသက် ၃၇ နှစ်အရွယ် အယ်ဗလင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်နေရာအတွက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ကိုယ်စားပြု ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။
ပြည်နယ်အတွက် ပညာရေးကို ဦးစားပေးကာ ထိရောက်သည့် ဘတ်ဂျက်ရေးဆွဲရေးကို လွှတ်တော်တွင်းမှ နေ၍ ဖိအားပေးသွားရန် အယ်ဗလင်းက ရည်မှန်းထားသည်။
“ဒေသခံတွေ ပညာမတတ်ဘူးဆိုလို့ရှိရင် မူဝါဒ ဘယ်လောက်ပဲကောင်းနေပါစေ၊ သူတို့လိုက်ပါလာမှုက အရမ်းအားနည်းတယ်။ ကျွန်မတို့ကို ပညာမတတ်အောင်၊ မူဝါဒတွေ မလေ့လာနိုင်အောင် ဖိနှိပ်ထားတဲ့ စနစ်တွေက အများကြီးရှိနေပြီ။ ဒါက ပညာရေးကြောင့်လို့ အများကြီးသုံးသပ်တယ်” ဟု အယ်ဗလင်းက ဆိုသည်။
အယ်ဗလင်းကိုယ်တိုင်လည်း ဆယ်တန်းအောင်မြင်ပြီးနောက် မိသားစုအခြေအနေကြောင့် ရှေ့ဆက်ပညာသင်ယူရန် အခက်အခဲ ကြုံတွေ့ခဲ့ရသူဖြစ်သည်။
ဝေးလံခေါင်ဖျားသည့် ၎င်း၏ မဲဆန္ဒနယ်တွင် ကျေးရွာအများစုမှာ မူလတန်းကျောင်းသာ ရှိသည့်အတွက် မူလတန်းအဆင့်တွင်သာ ပညာရေးဆုံးခန်းတိုင်နေကြရသည့် အနေအထားကို ပြောင်းပြန်လှန်ပစ်လိုသည့် စိတ်ကူးများ အယ်ဗလင်းတွင် ရှိနေသည်။
“ဝေးလံခေါင်ဖျားလေလေ၊ ပိုပြီးတော့မှ အနေအထားက စုတ်ပြတ်လေလေပေါ့နော်။ ပညာရေးစနစ်သာ ကောင်းမယ်ဆိုရင် အဆောက်အအုံက မရှိလည်းရတယ်။ ဘုရားကျောင်းထဲမှာ သင်လည်းရတယ်။ ခန်းမမှာသင်လည်းရတယ်။ ဝါးလေးတွေနဲ့ ကိုယ်ထူကိုယ်ထလုပ်လို့လည်းရတယ်။ ဆရာ၊ ဆရာမတွေနဲ့ သင်ထောက်ကူတွေက အဓိကဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
တိုင်းရင်းသားများအနေဖြင့် အင်အားကြီးပါတီကြီးများနှင့် ရင်ပေါင်တန်းပြီး ပြည်နယ်နိုင်ငံရေးအတွက် ပြောဆိုဆွေးနွေးနိုင်သည့် အခြေအနေရောက်ရှိရေး တိုင်းရင်းသားပါတီတွင် ဝင်ရောက်အားဖြည့်ခြင်းဖြစ်သည်ဟုလည်း KySDP ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရသည့်အကြောင်း အယ်ဗလင်းက ရှင်းပြသည်။
ဖရူဆိုမဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ အရည်အချင်းနှင့် နိုင်ငံရေးဖြတ်သန်းမှုအရ ၎င်းတို့က အသားစီးရနေသော်လည်း အကြီးမားဆုံးစိန်ခေါ်မှုမှာ ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ပုံရိပ်ဖြစ်သည်ဟုလည်း အယ်ဗလင်းက ဆိုသည်။
“အခုချိန်က ကိုယ်စားလှယ်လောင်းချင်း ယှဉ်နေရတဲ့ အနေအထားမဟုတ်ဘူးပေါ့နော်။ ပုံရိပ်တစ်ခုနဲ့ ယှဉ်နေရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ကို ယှဉ်နေရတဲ့ အနေအထားဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
စစ်တပ်က အလိုအလျောက် ၂၅ ရာခိုင်နှုန်းယူထားသည့်အချိန်တွင် အင်အားကြီး NLD ပါတီတစ်ခုတည်းက လုပ်ပိုင်ခွင့်ရရှိနေခြင်းက ဖက်ဒရယ်လမ်းကြောင်းကို သွေဖည်သွားစေနိုင်သည့်အတွက် တိုင်းရင်းသားပါတီများ အင်အားကောင်းရန် လိုအပ်လာသည်ဟု အယ်ဗလင်းက သုံးသပ်ထားသည်။
“NLD ကို ရန်သူအနေနဲ့ မဟုတ်ဘူး၊ မဟာမိတ်အနေနဲ့ကို ရှေ့ဆက်နိုင်ငံရေးမှာ ပါတီစုံဒီမိုကရေစီ ဖြစ်စေချင်တယ်။ ကျွန်မတို့မျှော်လင့်ထားတာကလည်း NLD ပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ပြီးတော့မှ တိုင်းရင်းသားတွေနဲ့ မဟာမိတ်ဖွဲ့နိုင်တဲ့အရေးကို လိုလားပါတယ်” ဟု ၎င်းက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အပြောင်းအလဲအတွက် NLD ကို ပုံအောမဲပေးခဲ့သည့်အပြင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်လည်း စွမ်းစွမ်းတမံကြိုးစားပေးခဲ့ကြောင်း အယ်ဗလင်းက ဆိုသည်။
သို့သော် တိုင်းရင်းသားအရေးနှင့်ပတ်သက်၍ ၎င်းတို့မျှော်လင့်သလို ဖြစ်မလာကြောင်း၊ အထူးသဖြင့် ပြည်နယ်အစိုးရသည် လူထုနှင့် သဟဇာတဖြစ်အောင် နွေးထွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မရှိခဲ့ဟု ဆိုသည်။
“တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ပြည်သူလူထုကို သစ္စာခံမယ့်ပုဂ္ဂိုလ်တွေ မဟုတ်ကြဘူးပေါ့နော်။ ပါတီကို သစ္စာခံမယ့်သူတွေ ဦးစားပေးနေတဲ့ဟာမျိုးတွေ အများကြီးတွေ့လာရတယ်ပေါ့နော်။ လူထုနဲ့မကိုက်ညီတဲ့ ပါတီရဲ့ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်လာတာ တွေ့ရတယ်” ဟု အယ်ဗလင်းက သူ့ထင်မြင်ချက်ကို ပြောသည်။
ကိုယ်တိုင်ဆန့်ကျင်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲဝင်ပြိုင်မည်ဆိုသော်လည်း ဖွဲ့စည်းပုံသည် ဒီမိုကရေစီလမ်းကြောင်းတွင် အနှောင့်အယှက်တစ်ခုဖြစ်နေသည့်အပြင် ဖက်ဒရယ်နှင့်လည်း ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု အယ်ဗလင်းက ယုံကြည်နေဆဲဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရနှင့် NLD အစိုးရ နှစ်ဆက်လုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် မည်မည်ရရ အားစိုက်ထုတ်မှု မရှိသည့်အတွက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်း ခိုင်မာလာပြီဟု မဆိုနိုင်ကြောင်းလည်း အယ်ဗလင်းက ဆိုသည်။
သို့သော် NLD နှင့် မဟာမိတ်အဖြစ် ပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးကို ရွေးကောက်ပွဲဝင်ပြိုင်မည့် ကယောတိုင်းရင်းသူ အယ်ဗလင်း မျှော်လင့်နေဆဲဖြစ်သည်။
“တကယ့်ဒီမိုကရေစီ အကူးအပြောင်းကို ဦးဆောင်သွားမယ့် NLD နဲ့ အတူတကွ တက်ညီလက်ညီ မဟာမိတ်သဏ္ဌာန်နဲ့ ၂၀၀၈ ဥပဒေကို ပြောင်းလဲဖို့ သုံးသပ်ပါတယ်။ NLD မှတစ်ပါး မဟာမိတ်ဖွဲ့ပြီးတော့ သွားဖို့ နည်းလမ်းကိုတော့ ဘယ်တိုင်းရင်းသားကမှ စဉ်းစားကြမှာ မဟုတ်ဘူး” ဟု အယ်ဗလင်းက ဆိုသည်။