မြန်မာနှင့် ထိုင်းနယ်စပ် ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့လူဝင်မှုကြီးကြပ်ရေးအချုပ်တွင် ထိန်းသိမ်းခံထားရသည့် မြန်မာများက နေရပ်ပြန်ပို့ရန် ဆန္ဒပြတောင်းဆိုပြီးနောက် အိမ်အမြန်ပြန်ပို့ပေးမည့် သဘောတူညီမှုရခဲ့ကြောင်း သိရသည်။
ထိုင်းတောင်ပိုင်း ခရိုင် ၁၄ ခုတွင် ခိုးဝင်လာသူ၊ နေထိုင်ခွင့်သက်တမ်းကုန်သူ၊ အထောက်အထားမရှိသူနှင့် အခြားပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာများကို ရနောင်းမြို့အချုပ်တွင် ထိန်းသိမ်း၍ နှစ်နိုင်ငံညှိနှိုင်းကာ နေရပ်ပြန်ပို့ပေးနေခြင်းဖြစ်သည်။
ယခုနှစ် ဇန်နဝါ ၂ တွင် ထိန်းသိမ်းခံမြန်မာ ၆ ဦးက ဦးဆောင်ဆန္ဒပြပြီးနောက် ထိုင်းအာဏာပိုင်များနှင့် မြန်မာအလုပ်သမားသံအရှိက အမြန်ပြန်ပို့နိုင်ရန် စီစဉ်ပေးမည်ဟု ညှိနှိုင်းရာ ပြေလည်သည်ဟု အလုပ်သမားအရေးကူညီပေးနေသည့် ရနောင်းမြို့ မိတ္တသဟာရ နာရေးကူညီမှုအသင်း တည်ထောင်သူ ကိုသားကျော်က Myanmar Now ကို ပြောသည်။
“ထိုင်းစစ်တပ်၊ ဌာနဆိုင်ရာ အကုန်လုံးက သွားပြီး ညှိနှိုင်းတယ်။ အဲ့ဒီတော့ အလုပ်သမားသံအရာရှိကို ဖုန်းဆက်ပေးတယ်။ ဒီစာရင်းအတိုင်း နေပြည်တော်ကို တင်ပြပေးမယ်။ အမြန်ဆုံးလက်ခံအောင်လို့ အဲ့ဒါပြီးတာနဲ့ ၁၀၀၊ ၂၀၀ နဲ့ မဟုတ်ဘူး။ ရှိတဲ့လုပ်သား အကုန်လက်ခံနိုင်အောင် တင်ပြမယ်ပြောတယ်။ အဲ့ဒါနဲ့ ညှိနှိုင်းလိုက်တော့ ဟိုဘက်က လက်ခံလိုက်တယ်” ဟု ၎င်းက ပြောသည်။
သို့သော် ပြန်ပို့မည့် အချိန်အတိကျကိုမူ မသိရသေးဟု သူက ဆိုသည်။
အချိန် ၃ လမှ ၄ လအထိ ထိန်းသိမ်းခံထားရသည့် မြန်မာရာနှင့်ချီရှိသည့်အနက် ၆ ဦးက ဦးဆောင်ကာ အိမ်ပြန်လိုကြောင်း ဆိုင်းဘုတ်များပြသ၍ တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု သူက ဆိုသည်။
ရနောင်းအချုပ်တွင် ရှိသင့်သည့် လူဦးရေနှင့်မကိုက်ညီဘဲ လူများအပြား ပိတ်လှောင်ချုပ်နှောင်ထားခြင်း၊ ဆေးဝါး၊ ရေနှင့် အစားအသောက် မလုံလောက်ခြင်းကြောင့် အခက်ခဲများစွာရှိနေသည်ဟု သိရသည်။
ထိုင်းနိုင်ငံဘက်က ပေးပို့သည့် လူစာရင်းကို စစ်ကောင်စီဘက်က တစ်ပြိုင်တည်း လက်ခံပေးခြင်းမဟုတ်ဘဲ လူရာဂဏန်းဝန်းကျင်လက်ခံကြောင်း၊ ပို့မည့်လူဦးရေနှင့် လက်ခံသည့်အရေအတွက် မမျှတခြင်းကြောင့် လူအများအပြား ချုပ်နှောင်ခံထားရပြီး အမြန်ပြန်လိုပါက ပွဲစားများမှတစ်ဆင့် ထိုင်းအာဏာပိုင်များကို ထိုင်းဘတ်ငွေ ၇,၀၀၀ မှ ၁၅,၀၀၀ ထိ ပေးဆောင်နေရကြောင်း ၎င်းက ဆိုသည်။
“ထိုင်းအာဏာပိုင်တွေကတော့ သူတို့ဘက်က ပို့ပေးဖို့ အဆင်သင့်ပဲပေါ့နော်။ ဒါပေမဲ့ မြန်မာဘက်က လက်မခံလို့ ပို့လို့မရဘူး။ ကြာနေတာလို့ ပြောတယ်ခင်ဗျ” ဟု ၎င်းက ဆက်ပြောသည်။
၅ ထပ်အမြင့်ရှိ ယာယီထိန်းသိမ်းရေးအချုပ်တွင် ပြစ်ဒဏ်ကျခံပြီး နေရပ်ပြန်ရန် စောင်းဆိုင်းနေသည့် အမျိုးသား ၂၁၀ ဦးနှင့် အမျိုးသမီး ၄၈ ဦး စုစုပေါင်း ၂၅၈ ဦးရှိပြီး ဇန်နဝါရီ ၂ ရက်နေ့က ဆန္ဒပြမှုတွင် အိမ်ပြန်လိုကြောင်း တောင်းဆိုခဲ့သည်ဟု ထိုင်းအခြေစိုက် Khaosod သတင်းဌာနက ဖော်ပြသည်။
ထိုင်းအာဏာပိုင် ၆၀ ခန့်က လဝကအချုပ်ကို ဝိုင်းထားခဲ့ပြီး စကားပြန်မှတစ်ဆင့် ပြောဆိုဆွေးနွေးခဲ့ကြောင်းလည်း သတင်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ဇန်နဝါရီလကလည်း မည်သည့်အချိန် နေရပ်ပြန်ရမည်ကို တိတိကျကျ မသိရဘဲ ၄ လမှ ၈ လအထိ ချုပ်နှောင်ခံထားရသည့် အထောက်အထားမဲ့ မြန်မာ ၆၅၅ ဦးမှာ အစာငတ်ခံဆန္ဒပြပြီးနောက် မြန်မာဘက်သို့ ပြန်ပို့ပေးရန် သဘောတူခဲ့ဖူးသည်။
ထိန်းသိမ်းခံရသူများ ပြန်ပို့မှုနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ရနောင်းမြို့ အလုပ်သမားသံအရာရှိဖြစ်သူ ဦးရဲလင်းထက်ကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဘာမှပြောရန်မရှိကြောင်း တုံ့ပြန်သည်။
စစ်ကောင်စီသည် ယခင်က တစ်လလျှင်နှစ်ကြိမ် လက်ခံရာမှ ယခုအခါ တစ်လတစ်ကြိမ်လက်ခံနေပြီး ယမန်နှစ် ဒီဇင်ဘာ ၂၂ က အမျိုးသား ၆၇ ဦး၊ မိန်းကလေး ၃၂ စုစုပေါင်း မြန်မာ ၉၉ ဦးကို လှေ ၆ စီးဖြင့် ပို့ဆောင်လာမှုကို လက်ခံခဲ့ကြောင်း ထိုဖြစ်စဉ်ကို သိရှိသည့် ကော့သောင်းဒေသခံ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။
“ဇန်နဝါရီထဲမှာတော့ ဘယ်နေ့ပို့မယ်ဆိုတာတော့ မသိသေးဘူး။ လာမယ်ဆိုရင်တော့ စာရင်းကို ၄၊ ၅ ရက်လောက် ကြိုရတယ်ဗျ။ (ရနောင်း) အချုပ်မှာ ဆန္ဒပြတဲ့ကိစ္စကတော့ သေချာမသိရသေးဘူး” ဟု ၎င်းက ဆိုသည်။
ထိုင်းအာဏာပိုင်းများက ကော့သောင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနတို့ကို လူစာရင်းပေးပို့အကြောင်းကြားပြီး ရနောင်းမှ ကော့သောင်းသို့ ရေကြောင်းမှ လက်ခံနိုင်သည့်လူဦးရေကို ပို့ဆောင်ပေးခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် အထွေထွေစီးပွားရေကျဆင်းမှုနှင့် အလုပ်ကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် မှောင်ခိုလမ်းများမှ ငွေလမ်းခင်းကာ စွန့်စားဝင်ရောက်လာရာ ဖမ်းဆီးခံရသူအများအပြားရှိနေသည်။
ထိုင်းအစိုးရက အထောက်အထားမဲ့ အလုပ်သမားများအတွက် ပန်းရောင်ကတ်ဟုခေါ်သည့် ယာယီနေထိုင်အလုပ်လုပ်ခွင့်ကတ်ထုတ်ပေးနေသဖြင့် အထောက်အထားမရှိ၍ ဖမ်းဆီးခံရသူသည် ယခင်ထက် နည်းလာပြီး ထိန်းသိမ်းခံရပြီး ပြန်ပို့သူဦးရေးလည်း နည်းလာကြောင်း ၎င်းက ဆိုသည်။
သို့သော် စစ်ကောင်စီလက်အောက်ခံ အလုပ်သမားသံအရာရှိများနှင့် သံရုံများက ထိန်းသိမ်းခံရသူများကို သေချာစိစစ်မှုမလုပ်သလို ပြန်လည်လက်ခံရေးအစီအစဉ်ကို အလေးအနက်မထား၍ ဒုက္ခရောက်နေကြောင်း အလုပ်သမားရေးဆောင်ရွက်သူများက ဝေဖန်သည်။
အလုပ်သမားအရေးကို ထိရောက်စွာ မကူညီသော်လည်း စစ်ကောင်စီသည် ပြည်ပတွင် ရောက်ရှိနေသည့် တရားဝင်နှင့် တရားမဝင်ရောက်လာသည့် အလုပ်သမားများထံမှ အခွန်ကောက်နေပြီး စုစုပေါင်းဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်များမှ ပြန်လည်လွှဲပြောင်းရန် သတ်မှတ်ထားသည်။
အခွန်မဆောင်၊ ငွေပြန်မလွှဲပါက နိုင်ငံကူးလက်မှတ်နှင့် အခြားထောက်ခံချက်များ ပေးမည်မဟုတ်ဟု စစ်ကောင်စီလက်အောက်ခံ သံရုံးများက ထုတ်ပြန်ထားသည်။