မြန်မာ-ထိုင်းနယ်စပ် ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာန အချုပ်ထောင်မှ ရာနှင့်ချီသော မြန်မာများ အစာငတ်ခံ ဆန္ဒပြကြပြီးနောက်တွင် ထိုင်းအစိုးရက ဖေဖော်ဝါရီလတွင် မြန်မာဘက်သို့ ပြန်ပို့ပေးရန် သဘောတူလိုက်သည်ဟု သိရသည်။
မည်သည့်အချိန် နေရပ်ပြန်ရမည်ကို တိတိကျကျ မသိရဘဲ ၄ လမှ ၈ လအထိ ချုပ်နှောင်ခံထားရသည့် အထောက်အထားမဲ့ မြန်မာ ၆၅၅ ဦးမှာ ဇန်နဝါရီ ၂၈ မွန်းလွဲ ၁ နာရီခန့်မှ ဇန်နဝါရီ ၂၉ ညနေအထိ အစာငတ်ခံ ဆန္ဒပြကြခြင်းဖြစ်သည်။
ထိုင်းအာဏာပိုင်များနှင့် မြန်မာအလုပ်သမားသံအရာရှိ တွေ့ဆုံဆွေးနွေးမှု ရလဒ်အဖြစ် အလုပ်သမားများကို ဖေဖော်ဝါရီ ပထမအပတ်အတွင်း ပြန်ပို့နိုင်မည်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေးနှင့် ပညာရေးလုပ်ငန်း ဆောင်ရွက်နေသည့် Foundation for Education and Development (FED) အဖွဲ့၏ ရနောင်းမြို့တာဝန်ရှိသူ ဦးထွန်းထွန်းနိုင်က ပြောသည်။
“ဖြစ်ချင်တော့ ဒီလထဲမှာလည်း မြန်မာပြည်ကို တစ်သုတ်မှ ပြန်မပို့ဖြစ်ဘူး။ ပြဿနာက အဲ့က စတာ။ အရင်လတွေဆိုရင် အနည်းဆုံး တစ်လတစ်ခေါက်ပို့တယ်။ ဒါမှမဟုတ်ရင် နှစ်ခေါက်ပို့တယ်။ အထဲမှာ နေရထိုင်ရတာ ဒုက္ခရောက်တယ်လေ။ စားရသောက်ရတာလည်း ဒုက္ခရောက်တဲ့အခါကျတော့ သူတို့လည်း ဆူပုံအုံကြွမှုတွေ ဖြစ်လာတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
ထိုင်းအစိုးရဘက်က ပြန်လွှဲလိုသော်လည်း တနင်္သာရီတိုင်း ကော့သောင်းမြို့မှ ထားဝယ်မြို့ဘက် သွားသည့်လမ်းကြောင်းတွင် တိုက်ပွဲဖြစ်နေသည့်အတွက် လုံခြုံရေးတာဝန်မယူနိုင်ကြောင်း မြန်မာဘက်က အကြောင်းပြသည်ဟု ဦးထွန်းထွန်းနိုင်က ဆိုသည်။
“နယ်စပ်ဖြတ်ကျော်ပြီးတော့ ခိုးဝင်လာတဲ့သူတွေ ပါတယ်။ တရားမဝင် ဝင်ရောက်လာတဲ့သူတွေ ပါတယ်။ ထိုင်းတောင်ပိုင်းမှာရှိတဲ့ အကျဉ်းထောင်တွေကနေ အမှုအမျိုးမျိုးနဲ့ ထောင်ကျပြီး ပြန်လွတ်လာတဲ့သူတွေ ပါတယ်” ဟု ဖမ်းဆီးခံထားရသူများအကြောင်းကို ၎င်းက ပြောသည်။
လက်ရှိတွင် ပုံမှန်အားဖြင့် လူ ၃၀၀ ခန့်သာ ဆံ့သည့် ရနောင်းမြို့အချုပ်ဆောင်တွင် လူဦးရေ ၆၅၅ ဦး ချုပ်နှောင်ထားခြင်းဖြစ်သည်ဟု သိရသည်။
ထိုအထဲတွင် အမျိုးသမီး ၈၀ ခန့် ပါဝင်ကြောင်း၊ ကိုယ်ဝန်ဆောင်နှင့် သက်ကြီးပိုင်းအချို့လည်း ပါဝင်ကြောင်း သိရသည်။
ဦးထွန်းထွန်းနိုင်၏ အဆိုအရ လွန်ခဲ့သော တစ်နှစ်ခွဲခန့်ကလည်း မြန်မာနိုင်ငံ၌ ကိုဗစ်နိုင်တင်းကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် အလုပ်သမားများကို လက်ခံရန် Quarantine Centre များ မလုံလောက်သဖြင့် ယခုကဲ့သို့ ရနောင်းလဝက အချုပ်ခန်း၌ လူစုပြုံထားရာ ဆန္ဒပြခဲ့ကြဖူးကြောင်း သိရသည်။
အချုပ်ခန်းတွင်း အခြေအနေ
Facebook တွင် ပျံ့နှံ့လာသည့် အင်တာဗျူးဗွီဒီယိုနှင့် ဓာတ်ပုံတချို့တွင် လေဝင်လေထွက်မရှိသည့် အချုပ်ခန်းတွင်း တစ်ဦးနှင့်တစ်ဦး အသားချင်းထိ၍ ပူးကပ်အိပ်နေပြီး အမျိုးသမီး အိမ်သာထဲတွင်ပါ စောင့်ကြည့်ကင်မရာ တပ်ဆင်ထားသည်ကို တွေ့ရသည်။
အလုပ်သမားများသည် အချုပ်ဆောင် အပေါ်ဆုံးထပ်တက်ပြီး ၎င်းတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် ကြွေးကြော်သံများ ဟစ်အော်ကာ ဆန္ဒပြခဲ့ကြသည်။
အစားအစာကိုလည်း လုံလောက်အောင် မစားရကြောင်း၊ တစ်နေ့လျှင် ရေငါးခွက်သာ ချိုးခွင့်ရပြီး အိမ်သာသုံးရေလည်း မရှိသဖြင့် အချို့မှာ ယားနာများပေါက်လျက်ရှိကြောင်း သိရသည်။
“မနက်ဆိုရင် ဆန်ပြုတ်တစ်ထုပ် သေးသေးလေးပဲ။ ၁၂ နာရီ ထိုးပြီဆိုတာနဲ့ ထမင်းတစ်ထုပ် ဟင်းတစ်ထုပ်၊ ကြက်သားလေးက လက်မလောက်နဲ့ သူတို့အိမ်မှာ ခွေးတောင်မစားဘူး” ဟု အမျိုးသားတစ်ဦးက ထိုဗီဒီယိုဖိုင်တွင် ပြောထားသည်။
ကျန်းမာရေးစောင့်ရှောက်မှု လုံးဝမရသည့်အပြင် အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းများလည်း အလှူရှင် မရှိသဖြင့် မရတော့ကြောင်း သိရသည်။
လဝက အချုပ်ခန်းများသည် ရဲစခန်းများ၌ ချုပ်ရက်စေ့ပြီးနောက် မြန်မာပြည်တွင်း ပြန်မလွှဲခင် ခေတ္တထိန်းသိမ်းထားသော နေရာဖြစ်ပြီး အမြန်ဆုံးပြန်နိုင်ရန် ငွေလမ်းခင်းသူလည်း ရှိသည်ဟု ဆိုသည်။
“ဥပမာပေါ့ လူသစ်တွေဝင်လာတယ်ဆိုရင် သူတို့မှာ ပိုက်ဆံရှိတယ်ဆိုရင် သူတို့မှာ အခွင့်အရေးသာသွားတယ်။ ကျွန်မတို့မှာ ပိုက်ဆံမတတ်နိုင်တဲ့အတွက် ငုတ်တုတ်မေ့နေရတယ်” ဟု အဆိုပါ ရုပ်သံဖိုင်တွင် အမျိုးသမီးတစ်ဦးက ပြောထားသည်။
လွတ်မြောက်ရေးအတွက် ထိုင်းဘတ် ၁၂,၀၀၀ အထိ လာဘ်ပေးရလေ့ရှိပြီး ထိုသို့ ပေးဆောင်ရသော်လည်း မလွတ်သူများရှိကြောင်း FED ရနောင်းမှ ဦးထွန်းထွန်းနိုင်က ပြောသည်။
ထိုင်းဘက်က ပြန်လွှဲပေးသူများကို ကိုဗစ်နိုင်တင်းကာကွယ်ဆေးထိုးပြီးပါက တနင်္သာရီတိုင်းတွင် နေထိုင်သူများဆိုလျှင် ထားဝယ်မြို့အထိ ကားစီစဉ်ပေးသည်။
အခြားပြည်နယ်နှင့် တိုင်းမှ အလုပ်သမားများကို ရန်ကုန်အထိ ကားစီစဉ်ပေးကာ ကားခပေးရသလို ကာကွယ်ဆေး မထိုးရသေးပါက ကော့သောင်းမြို့ စောင့်ကြည့်စခန်းတွင် ၇ ရက် သောင်တင်ရသည်ဟု သိရသည်။
အထောက်အထားမဲ့ နေထိုင်စဉ် ဖမ်းဆီးခံရသူ များပြားသဖြင့် အချုပ်ခန်းများတွင် ပြည့်ကျပ်နေသည်ဟု ဦးထွန်းထွန်းနိုင်က ပြောသည်။
“မြန်မာပြည်သားတွေ အရမ်းဒုက္ခရောက်နေကြတယ်။ ရဲစခန်းအချုပ်တွေထဲမှာလည်း ပြည့်နေတယ်။ သူတို့ကို လွှတ်ပြီးတာနဲ့ ဒီက ၂၀၀ လွှတ်ရင် ၂၀၀ ရောက်လာလိမ့်မယ်။ အဲဒါကြောင့် မြန်မာပြည်အစိုးရဘက်က အမြန်ဆုံး လက်ခံစေချင်တယ်” ဟု ဦးထွန်းထွန်းနိုင်က ပြောသည်။
ကမ္ဘာ့အလုပ်သမားအဖွဲ့၏ ၂၀၂၂ ခုနှစ် စက်တင်ဘာစာရင်းများအရ ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား ၃၀၃,၆၇၈ ဦး ရှိကြောင်း သိရသည်။
ထို့အပြင် အထောက်အထားမဲ့ နေထိုင်သူ မြန်မာပြည်သား ၂ သန်းခန့်ရှိနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ခန့်မှန်းထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)