အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

တနင်္သာရီဒေသရှိ သိမ်းပိုက်ခံနယ်စပ်ဂိတ်များအတွက် နှစ်ဖက်စစ်ရေး အရှိန်မြှင့်

စစ်ရေးနှင့်ကုန်သွယ်ရေး အချက်အချာကျသည့် နယ်စပ် မောတောင်မြို့အပါအဝင် ဗျူဟာမြောက် စစ်စခန်းများ သိမ်းပိုက်ခံရပြီးနောက် စစ်တပ်က အင်အားများထပ်ဖြည့်ကာ စစ်ကြောင်းများထိုးနေသဖြင့် တိုက်ပွဲများ နေ့စဉ်ပြင်းထန်နေသည်။

ထိုင်း-မြန်မာနယ်စပ် နိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် စစ်ရေးနှင့်ကုန်သွယ်ရေး အချက်အချာကျသည့် ဗျူဟာမြောက်စစ်စခန်းများ သိမ်းပိုက်ခံရပြီးနောက် စစ်ကော်မရှင်တပ်သည် စစ်အင်အား တိုးချဲ့လာပြီး ယခုနှစ် နှစ်ဆန်းတွင်  နှစ်ဖက်တပ်များအကြား စစ်ရေးအရှိန် အမြင့်ဆုံးဖြစ်လာသည်။ 

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် နယ်စပ်ဂိတ်စခန်းများ ပြန်လည်ရရှိရန် စစ်ကော်မရှင်က အင်အားသုံး စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်ဖွဲ့များကလည်း ၎င်းတို့ စိုးမိုးနယ်မြေများ လက်မလွှတ်ရရေး အပြင်းအထန်ခုခံနေသဖြင့် တိုက်ပွဲများပြင်းထန်နေသည်။

ယမန်နှစ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များသည် ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီးဖြစ်သည့် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီး အပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မောတောင်မြို့နှင့်ထီးခီးနယ်စပ်ဂိတ်တို့ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်တပ်က ထိုဒေသများ ပြန်လည်စိုးမိုးနိုင်ရေး အပြင်းအထန် ကြိုးပမ်းနေခြင်းဖြစ်သည်။ 

လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း စစ်ကော်မရှင်တပ်သည် ခရိုင်မြို့ကြီးများနှင့် အခြေစိုက် တပ်ရင်းဌာနချုပ်များ ကိုသာ အဓိက ထိန်းချုပ်ထားနိုင်ပြီး နယ်စပ်ထွက်ပေါက်များနှင့် ကုန်သွယ်ရေးလမ်းမ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး၏ အစိတ်အပိုင်းအများစုကို KNU ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်ဟု FE5 Tanintaharyi တာဝန်ခံ ကိုဇော်က Myanmar Now ကို ပြောသည်။ 

“လက်ရှိအနေအထားမှာတော့ မြို့တွေကို ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမှာတော့ မရှိဘူး။ ဒါပေမဲ့ မြို့ပတ်ချာလည်ကိုတော့ ဝိုင်းပတ် ပိတ်ဆို့ထားတဲ့ အနေအထားမျိုးတော့ ရှိတာပေါ့။ အဲဒီ ဝိုင်းပတ် ပိတ်ဆို့ထားတဲ့ဒေသကို စစ်ကောင်စီဘက်က  စစ်ကြောင်းထိုးလာရင်တော့ တိုက်ပွဲတွေ ပြင်းထန်တာပေါ့” ဟု ၎င်းက ပြောသည်။

၎င်းတို့ ဦးဆောင်သည့် ရွေးကောက်ပွဲပြီးစီးပြီးနောက် စစ်တပ်သည် တနင်္သာရီတိုင်းအတွင်း စစ်ကြောင်းများခွဲကာ စစ်ရေး အရှိန်မြှင့်တင်ခဲ့ခြင်းဖြစ်ပြီး အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ အဓိက ခြေကုပ်ဒေသများကို ထိုးစစ်ဆင်နေရာ တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေမဆုံးရှုံးရရေး အပြင်းအထန် ခုခံနေရသောကြောင့် တိုက်ပွဲများ ပိုပြင်းထန်လာနိုင်သည်ဟု ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်များနှင့် စစ်ရေးလေ့လာသူများ က သုံးသပ်ကြသည်။ 

စစ်တပ် လက်လွှတ်လိုက်ရသည့် နယ်စပ်ဂိတ်များ 

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မေလနှင့် နိုဝင်ဘာလတို့တွင် ထိုင်း- မြန်မာ နယ်စပ်ရှိ စစ်ကော်မရှင်၏ အရေးပါသည့် နယ်စပ် ကုန်သွယ်ရေးစခန်း နှစ်ခုကို လက်လွှတ်ခဲ့ရပြီးနောက် စစ်တပ်သည် လေတပ်၊ ကြည်းတပ်များ အကူအညီဖြင့် ထိုးစစ်ဆင်နေသည်။ 

၂၀၂၅ ခုနှစ် မေလ ၉ ရက်နေ့တွင် ထားဝယ်ခရိုင်၊ မေတ္တာမြို့အနီးတွင်ရှိသော ထီးခီး ကုန်သွယ်ရေးစခန်းနှင့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့တို့ကို ကရင်အမျိုးသား အစည်းအရုံး (KNU/ KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။

 မောတောင်မြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် သုံ့ပန်းအချို့။ (ဓာတ်ပုံ – Tin Lin Aung Facebook)

ထိုင်း- မြန်မာ နယ်စပ်ရှိ အဆိုပါ ဂိတ်စခန်းများသည် စစ်ကော်မရှင်၏အခွန်ဘဏ္ဍာရရှိရေးအတွက်သာ မကဘဲ အဓိက ထောက်ပို့လမ်းများပြတ်တောက် မသွားစေရန် အရေးကြီးသည့် နယ်စပ်စခန်းများဖြစ်ရာ စစ်တပ်ဘက်က ပြန်လည်ရရှိလိုသည်။

မောတောင်မြို့သိမ်းတိုက်ပွဲတွင် KNU၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သာမက ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်ဖွဲ့ဝင်များလည်းပါဝင်ခဲ့ကြသည်။

မောတောင်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ်ဂဏန်းဝန်းကျင် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားသလို စစ်သုံ့ပန်းဆယ်ချီနှင့် လက်နက်ခဲယမ်းအများအပြား ရရှိခဲ့ကြသည်။ 

တနင်္သာရီတိုင်း၏ အရှေ့ဘက် မောတောင်သည် ယခင်က KNU တနင်္သာရီမြို့နယ်၏ ဌာနချုပ်အဖြစ် ရုံးစိုက်ခဲ့သည့် မြို့ဖြစ်ပြီး ၁၉၉၀ ခုနှစ်တွင် စစ်တပ်ထိုးစစ်ကြောင့် လက်လွှတ်ခဲ့ရသည့် နေရာဖြစ်သည်။

တချိန်က လက်လွှတ်ခဲ့ရသည့်မြို့ကို ၃၅ နှစ်အကြာ KNU က ပြန်လည်သိမ်းပိုက်နိုင်ခြင်းဖြစ်ပြီး ယနေ့အထိ ဆက်လက်ထိန်းချုပ်ထားသည်။

ထို့ကြောင့် ယခုနှစ် နှစ်ဆန်းမှ စတင်ကာ စစ်ကော်မရှင်တပ်သည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်စပ်ဂိတ်များ တည်ရှိသည့် ထားဝယ်-ထီးခီးလမ်း နှင့် တနင်္သာရီ- မောတောင်လမ်း တစ်လျှောက်ကို စစ်ကြောင်းထိုးနေသည်ဟု KNU/KNLA ၏  တနင်္သာရီ မြို့နယ် စစ်ရေး တာဝန်ခံက Myanmar Now ကို ပြောသည်။

“အဖိုးတန်မှုတန်ဖိုးအရ ဆိုရင် မောတောင်မြို့က ပိုပြီးတော့ အချက်အချာ ကျတယ်။ စီးပွားရေး ကူးသန်း ရောင်းဝယ်ရေးမှာ ဆုံးရှုံးမှုတွေ အများကြီးရှိတယ်။ တနင်္သာရီတိုင်းမှာ တစ်ခုတည်းသော ဆုံးရှုံးထားတဲ့ မြို့တစ်မြို့ဖြစ်​တော့ တနည်းနည်းနဲ့ ပြန်ပြီးတော့ ရယူမယ် အစီအစဉ်ကတော့ သူတို့မှာ အတိအကျရှိပါတယ်” ဟု ၎င်းက ပြောသည်။ 

တနင်္သာရီ- မောတောင်လမ်းတစ်လျှောက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေပြီး မောတောင်မြို့နှင့် မိုင် ၃၀ အကွာရှိ သဲဖြူရွာတွင် စစ်တပ်က အခြေစိုက်ပြီး တပ်ရင်း ငါးရင်းခန့်ရှိသည့် အင်အား (ခန့်မှန်းအင်အား ၄၀၀ ကျော်နီးပါး)ဖြင့် အနီးဝန်းကျင်ကို စစ်ကြောင်း ထိုးနေသည်ဟု KNU/KNLA ၏  တနင်္သာရီ မြို့နယ် စစ်ရေး တာဝန်ခံက ဆက်ပြောသည်။ 

“သူတို့ရဲ့ရည်ရွယ်ချက်က တော်လှန်ရေးအင်အားစုတွေ မောတောင်ခံစစ်မှာ လာပြီးတော့ စုပြုံပြီး မနေနိုင်အောင် ကျွန်တော်တို့ရဲ့ အင်အားတွေကို ဖြန့်ခွဲထုတ်တဲ့ သဘောမျိုးနဲ့ စစ်ဆင်ရေးကို အယောင်ပြတဲ့ ပုံစံမျိုးပါ။ အဓိကကတော့ သူတို့ရဲ့ ပစ်မှတ်က မောတောင်ကိုပဲ ဦးတည်နေတာ”  

မောတောင်မြို့ ကျပြီးကတည်းက မြို့အနောက်ဘက် ၃၃ မိုင်ခန့်အကွာ မြိတ်-မောတောင်ကားလမ်းဘေးရှိ သိန်ခွန်းရွာတွင် စစ်တပ်က အခြေစိုက်၍ အနီးအနား ကျေးရွာများကို စစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေသည်။

တနင်္သာရီတိုင်းအတွင်း တနင်္သာရီ-မောတောင်လမ်းမှာ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ပြီး မောတောင်မြို့သိမ်း တိုက်ပွဲအပြီးတွင် စစ်တပ်က လေကြောင်း၊ ကြည်းကြောင်းဖြင့်  သိန်းခွန်ကျေးရွာတွင် စစ်အင်အား ၅၀၀ ခန့် နေရာယူထားသည်ဟု FE5 တနင်္သာရီ တာဝန်ခံ ကိုဇော်က ပြောသည်။ 

“စစ်တပ်ကတော့ သိမ်းပြီးတော့ နောက်တစ်ရက်ကနေစပြီးတော့ အင်အား ရာချီနဲ့  ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ လာပို့တာရှိတယ်။ ကုန်းကြောင်းကနေလာပို့တာရှိတယ်။ အဲဒီဟာနဲ့ အင်အားတွေ ဖြည့်ပြီးတော့ အဲဒီလမ်းကို တောက်လျောက်ထိုးနေတာ” ဟု ၎င်းက ဆက်ပြောသည်။  

ယခုနှစ် ဇန်နဝါရီလအတွင်း တိုက်ပွဲ ၅၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင် ၈၅,၀၀၀ အထိ တိုးလာသည်ဟု တနင်္သာရီတိုင်းအခြေစိုက် စစ်ရေးနှင့်ဒုက္ခသည်အရေး စောင့်ကြည့်လေ့လာသည့် သုတေသနအဖွဲ့ တစ်ဖွဲ့ ဖြစ်သည့် FE5 Tanintharyi ကလည်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။

တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း စစ်ရေး အရှိန်မြင့်

တနင်္သာရီတိုင်းအတွင်းရှိ သိမ်းပိုက်ခံထားရသည့် နယ်စပ်ဂိတ်များ ပြန်လည် ရရှိနိုင်ရန် စစ်ကော်မရှင်က ထိုးစစ်ဆင်နေသလို တော်လှန်ရေး တပ်ဖွဲ့များကလည်း ယခုလ (ဖေဖော်ဝါရီ) အတွင်း ပြောက်ကျား တိုက်ပွဲများကို ဖော်ဆောင်လာခဲ့ရာ ပြည်နယ်၏ မြို့တော် ထားဝယ်မြို့အနီးအထိ ရောက်ရှိလာခဲ့သည်။ 

ထားဝယ်မြို့အရှေ့မြောက် ၁၀ မိုင်အကွာ မောင်မယ်ရှောင်ကျေးရွာရှိ နည်းပညာတက္ကသိုလ် ( GTC) တွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်စခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်တွင် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ 

အဆိုပါတိုက်ပွဲတွင် ဗိုလ်မှူးကြီးနှင့် ဗိုလ်ကြီးအဆင့်အပါအဝင် စစ်သား ၂၀ ကျော် သေဆုံးခဲ့သည်ဟု ဒေသအခြေစိုက် ဓဝယ် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(DNLA) ၏ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ထို့အပြင် တိုက်ပွဲအတွင်း ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သား ၁၉ ဦး သေဆုံးခဲ့ပြီး  Type 81 စက်လက် တစ်လက်၊ G 3 ၁၃ လက်၊ G 4 နှစ်လက်၊ AK 47 တစ်လက်၊ MA 5 သုံးလက်၊ G 3 ကျည်ဘောက် ၇၃ ခု၊ လက်ဗစ်ဗုံး၊ ကျည်တောင့်အပါအဝင် စကားပြောစက် ငါးလုံးတို့ကိုလည်း သိမ်းဆည်းမိသည်ဟု ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင်မူ စစ်ကူတက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းကို ထပ်မံ တိုက်ခိုက်ခဲ့ရာ ထိုစစ်ကြောင်းကို ဦးဆောင်သည့် ဗိုလ်မှူးအေးလွင်အပါအဝင် စစ်သားငါးဦး ထပ်မံသေဆုံးသည်ဟုလည်း ဒူရက စစ်ကြောင်းက ဆိုသည်။

ထားဝယ်မြို့လုံခြုံရေးကိုဦးဆောင်သည့် ဗိုလ်မှူးအေးလွင် ဦးဆောင်သော စစ်ကူတပ် တိုက်ခိုက်မှုတွင် ဖမ်းဆီးရမိသူများနှင့်လက်နက်ခဲယမ်းများအား ဖေဖော်ဝါရီလ ၁၈ ရက်က ထုတ်ပြန်ထားစဉ်။ ။ (ဓာတ်ပုံ- ဒူရက စစ်ကြောင်း)

ထားဝယ်မြို့အနီးရှိ နည်းပညာတက္ကသိုလ် (GTC) နှင့် ဘုရားမဲ ဂိတ်တို့ကို တပြိုင်နက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မောင်မယ်ရှောင် ဘုရားမဲဂိတ်တိုက်ပွဲတွင် စစ်ကော်မရှင်တပ်၏ လေကြောင်းပစ်ကူများကြောင့် ဆုတ်ခွာခဲ့ရသည်ဟု ဓဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော် တာဝန်ရှိသူ ရဲဘော် ဓူဝံက Myanmar Now ကို ပြောသည်။ 

“GTC စခန်းကို ကျတော့ ကျွန်တော်တို့ အကုန်လုံး သိမ်းပိုက်နိုင်တယ်။ မောင်မယ်ရှောင် ဘုရားမဲဂိတ် ကျတော့ သိမ်းပိုက်ခါနီးလောက်မှာ စစ်ကူ နဲ့ လေယာဉ်နဲ့ လက်နက်ကြီး ပစ်ကူတွေ ရောက်လာတော့ သိမ်းလို့ မနိုင်ဘဲနဲ့ ပြန်ဆုတ် လာရတယ်” ဟု ၎င်းက ပြောသည်။ 

အဆိုပါ တိုက်ပွဲတွင် စစ်သုံ့ပန်း ၁၁ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး စစ်သုံ့ပန်း ဥပဒေနှင့်အညီ အရေးယူသွားမည်၊ ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်-ထီးခီးလမ်း၊ ထားဝယ်အရှေ့တောဒေသနှင့် သရက်ချောင်း မြို့နယ်တို့ကိုလည်း စစ်တပ်က စစ်ကြောင်းထိုးနေသည်ဟု ၎င်းက ဆက်ပြောသည်။ 

“ရန်သူရဲ့ လှုပ်ရှားမှုက များလာသလို ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုကလည်း ပိုပြီးတော့ များလာ တယ်လို့ ပြောလို့ ရတယ်။ ဘာလို့လဲဆိုတော့ ဒီနှစ်က တိုက်ပွဲ အရှိန်မြှင့်မယ့် အစီအစဉ်ရှိတဲ့ အတွက်ကြောင့် ကျွန်တော်တို့လည်း လှုပ်ရှားနယ်မြေတွေကို ထပ်တိုးချဲ့ပြီးတော့ စခန်းတွေ တိုက်တာတွေ ရှိနေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ပြည်သူ့စစ်အင်အားကို အဓိက အသုံးပြု 

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပြီးနောက် နိုင်ငံအနှံ့ အပြားရှိ စစ်မျက်နှာများတွင် ပြည်သူ့စစ်အင်အားများကို အဓိကအသုံးပြုနေရာ တနင်္သာရီတိုင်းတွင်လည်း ပြည်သူ့စစ် အင်အားများကို အများအပြား အသုံးပြုခဲ့သည်။ 

ထိုဥပဒေ ပြဌာန်းခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၅ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ အရပ်သား ပြည်သူ ၁၉,၁၆၃ ဦးကို အဓမ္မ ဖမ်းဆီးပြီး စစ်သားစုဆောင်းခဲ့သည်ဟု အာဏာသိမ်း စစ်တပ်၏ စစ်ရာဇဝတ်မှုများ ကို မှတ်တမ်းတင် သုတေသနပြုလုပ်နေသည့် Spring Revolution Database (SRD)၏ ဇန်နဝါရီလ ၂၂ ရက် က ထုတ်ပြန်သည့် နွေဦးတော်လှန်ရေး ငါးနှစ်ပြည့် အစီရင်ခံစာအရ သိရသည်။ 

စစ်ဘေး ဒုက္ခသည်စခန်းများတွင် ဖမ်းဆီးခံရသူ ၂၂၃ ဦး ၊ ကျေးလက်ဒေသများတွင် ဖမ်းဆီးခံရသူ ၉၅၄၂ ဦး ၊ မြို့ပြဒေသများတွင် ဖမ်းဆီးခံရသူ ၆၉၂၃ ဦး ၊ ခရီးသွားလာ နေစဉ် ၂၁၁၈ ဦး ၊ လေယာဉ် ကွင်းတွင် ၆၂ ဦး ၊ အဝေးပြေးကားဂိတ်တွင် ၆၄ ဦး ဖမ်းဆီး ခံခဲ့ရသည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။ 

မောတောင်မြို့သိမ်းတိုက်ပွဲအပြီးတွင် ပြည်သူ့စစ် ၄၀ ကျော်ဖမ်းဆီးရမိထားပြီး တပ်ရင်းတစ်ရင်းတွင် စစ်သည်အင်အား ၁၀၀ ခန့်ရှိရာ ပြည်သူ့စစ်အင်အား ၇၀ ကျော်အထိ အသုံးပြု ထားကြောင်း၊ ဒဏ်ရာရ ပြည်သူ့စစ်များကို ဆေးကုသမပေးဘဲ တပ်သားနှင့်အရာရှိများကိုသာ ဆေးကုသပေးကြောင်း KNU/ KNLA ၏  တနင်္သာရီ မြို့နယ် စစ်ရေး တာဝန်ခံက Myanmar Now ကို ပြောသည်။ 

မောတောင်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့သော သုံ့ပန်းများ။(ဓာတ်ပုံ- Tin Lin Aung Facebook)

“အဲဒီ ပြည်သူ့စစ်တွေရဲ့ ပြောပြချက်အရ သိရသလောက်ဆို သူတို့ ဒဏ်ရာ နည်းနည်းပါးပါးရရင် ဆေးကု ပေးတာမျိုးကို မလုပ်ပေးဘူး။ ရှေ့တန်းမှာ ရသလောက်ကုတယ်။ ဆေးမကုပေးဘဲနဲ့ ဒီတိုင်းပဲထားလိုက်တယ်။ သူတို့ရဲ့ တပ်သားနဲ့ အရာရှိတွေ ထိရင်တော့ လူနာပို့တဲ့ကိစ္စကို ပစတွေထက် ကြိုးစားပြီးတော့ လုပ်တယ်” ဟု ၎င်း၏ အတွေ့အကြုံကို ရှင်းပြသည်။ 

ပြီးခဲ့သည့် ၂၀၂၄  ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် တော်လှန်ရေးတပ်ဖွဲ့များက တနင်္သာရီတိုင်းအတွင်း စစ်ကော်မရှင်၏ အဓိက ကုန်သွယ်ရေး လမ်းမဖြစ်သည့် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီး၏ နယ်မြေ တော်တော်များများကို စိုးမိုးထားရာ ထိုလမ်းမတစ်လျှောက်တွင် တိုက်ပွဲများ အဓိက ဖြစ်ပွားနေသည်ကိုတွေ့ရသည်။ 

စစ်ကော်မရှင်တပ်က အမှတ် (၈) ပြည်ထောင်စုလမ်းမကို အဓိက အသုံးပြုပြီး လက်နက်ခဲယမ်းနှင့် ကုန်စည် စီးဆင်းမှုများကို ဆောင်ရွတ်နေရာ ယခုနှစ်အတွင်း ထိုလမ်းမကို စိုးမိုးနိုင်ရန် စစ်ရေးအရှိန် မြှင့်နေခြင်းဖြစ်သည်ဟု တနင်္သာရီတိုင်း အခြေစိုက် တော်လှန်ရေး ရဲဘော် တစ်ဦးက သုံးသပ်သည်။ 

“ဒီလိုမျိုးအခြေအနေမှာ သူတို့က အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ထားပြီး PDF တွေကို တောတောင်တွေဘက်ကို ပြန်ပို့မယ်ဆိုတဲ့ အနေအထားမျိုးပေါ့။ ပြီးရင် ပြန်ထွက်မလာနိုင်အောင် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးကနေပြီး ကာစီးထားမယ် ဆိုတဲ့ သဘောမျိုးနဲ့ အဲဒီလမ်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာကို တွေ့ရတယ်” ဟု ၎င်းက ပြောသည်။ 

KNU/KNLA ၏ တနင်္သာရီမြို့နယ် စစ်ရေးတာဝန်ခံကတော့ စစ်ကော်မရှင်တပ်က မြိတ်မြို့ရှိ တပ်ရင်း ၄၃၃ နှင့် ၁၀၁ တို့တွင်လည်း ပြည်သူ့စစ်အင်အား ၇၀၀ ကျော်ကို စုဆောင်းထားပြီး ထိုသူတို့သည် တိုက်ခိုက်ရေးနှင့် စည်းရုံးရေး သင်တန်းများ တက်ရောက်နေကြသည်။ ထိုအင်အားများကို အသုံးပြုပြီး  တနင်္သာရီတိုင်း အတွင်း စစ်ရေးအရှိန်မြှင့်ရန် ကြိုးပမ်းနေသည်ဟု ၎င်းရရှိထား သည့် သတင်းကို အခြေခံပြီး စစ်ရေး အခြေအနေကို ရှင်းပြသည်။ 

“စစ်တပ်ဘက်က မသုံးဖူးတဲ့ အင်အားတွေ သုံးပြီးတော့ စစ်ကြောင်းတွေ ထိုးနေတာပေါ့။ ဒရုန်းတပ်တွေရဲ့ အသုံးပြုမှုတွေကလည်း တော်တော်လေးကို တိုးတက်လာတယ်။ကိုယ့်မှာရှိတဲ့ အင်အားနဲ့ ကိုယ့်မှာရှိတဲ့ နည်းပညာနဲ့ပဲ ရသလောက် ခံချနေရတယ်ဆိုတော့ လိုသလောက် ခရီးမရောက်တာတော့ ရှိပါတယ်” ဟု ၎င်းတို့ ရင်ဆိုင်နေရသည့် စစ်ရေးအခြေအနေကို ရှင်းပြသည်။ 

Related Articles

Back to top button