အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ မောတောင်ကို KNU ထိန်းချုပ်

နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ တနင်္သာရီတိုင်း၏ အရှေ့ဘက် မောတောင်မြို့ကို လေးရက်ကြာ တိုက်ခိုက်ပြီးနောက် မြို့ကိုထိန်းချုပ်လိုက်သည်၊ လက်ကျန်စခန်းကုန်း အပြီးသတ်ရှင်းလင်းနေသည် ဟု KNU တပ်မဟာ (၄) ထံက သိရသည်။

ထိုင်း-မြန်မာနယ်စပ် နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ တနင်္သာရီမြို့နယ်၊ မောတောင်မြို့ကို ယနေ့ (နိုဝင်ဘာလ ၁၄ ရက်နေ့) ထိန်းချုပ်လိုက်ပြီဖြစ်ပြီး လက်ကျန်အမြောက်ကုန်းကို အပြီးသတ်ရှင်းလင်းနေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထံက သိရသည်။

စစ်ကော်မရှင်၏ ခြေလျင်တပ်ရင်း ၂၂၄ အပါအဝင် ရဲများနှင့်ပြည်သူ့စစ်များ တပ်စွဲထားပြီး အမြောက်ကုန်းတစ်ခု ရှိသော မောတောင်မြို့ကို KNU တပ်မဟာ (၄) နှင့် ပူးပေါင်းတပ်များက နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လေးရက်အကြာ ယနေ့ (နိုဝင်ဘာလ ၁၄ ရက်နေ့) တွင် မြို့ကို အပြီးသတ်ထိန်းချုပ်နိုင်ခြင်းဖြစ်ကြောင်း KNU တပ်မဟာ (၄) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် KNU မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နား က ပြောသည်။

“အခုလောလောဆယ်မှာ အမြောက်ကုန်းတစ်ကုန်းပဲကျန်တယ်။ ကျန်တာကတော့ နယ်မြေရှင်းလင်းနေတာပေါ့။ အမြောက်ကုန်းသိမ်းပြီးနိုင်ရင် အကုန်လုံးရပြီ။ အမြောက်ကုန်းမှာတော့ သူတို့အကြွင်းအကျန်ပဲ ရှိတာပေါ့” ဟု ၎င်းက ဆိုသည်။

တနင်္သာရီတိုင်း၏ အရှေ့ဘက် မောတောင်သည် ယခင်က KNU တနင်္သာရီမြို့နယ်၏ ဌာနချုပ်အဖြစ် ရုံးစိုက်ခဲ့သည့် မြို့ဖြစ်ပြီး ၁၉၉၀ ခုနှစ်တွင် စစ်တပ်ထိုးစစ်ကြောင့် လက်လွှတ်ခဲ့ရသည့် နေရာဖြစ်သည်။

တစ်ချိန်က လက်လွှတ်ခဲ့ရသည့်မြို့ကို ၃၅ နှစ်အကြာ KNU က ပြန်လည်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း ပဒိုစောအယ်နားက ပြောသည်။

-မောတောင်နယ်စပ်ဂိတ်ကို ယခုရက်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-သံသရာအေး ဆုတောင်းပြည့် ဆရာတော်) 

မောတောင်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ်ဂဏန်းဝန်းကျင် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်ပွဲများအတွင်း မောတောင်နယ်စပ်ရှိ စစ်တပ်စခန်း၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

စစ်ကော်မရှင်တပ်သည် မောတောင်မြို့ရှိ ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို အင်အားဖြည့်ရန် ၂၀၂၄ ခုနှစ် နှစ်ကုန် ကတည်းက တနင်္သာရီမြို့နယ်မှတစ်ဆင့် မောတောင်မြို့သို့ ဦးတည်၍ စစ်ကြောင်းထိုးချီတက်နေသည်။

အဆိုပါ စစ်ကြောင်းသည် တနင်္သာရီမြို့အရှေ့တောင်ဘက် ၁၆ မိုင်အကွာ သိန်းခွန်ရွာအထိရောက်နေပြီး ရှေ့မတိုးနိုင်ဖြစ်နေသည်မှာ လနှင့်ချီကြာနေပြီဖြစ်ကြောင်း KNU တပ်မဟာ (၄) ထံက သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တနင်္သာရီတိုင်း စစ်ဌာန ၊ တိုင်းကွပ်ကဲရေးမှူး ရဲဘော်စတား ကလည်း “အခုလောလောဆယ် နယ်မြေရှင်းလင်းရေး လုပ်နေဆဲဖြစ်တယ်။ ရန်သူဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်။ မြေပြင်အခြေအနေ မငြိမ်သက်သေးဘူး။ အသေးစိတ် အခြေအနေကို တပ်ပေါင်းစုက ထုတ်ပြန်လာပါလိမ့်မယ်” ဟု ဆိုသည်။

သို့သော်လည်း မောတောင်မြို့ကိုမူ KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ၎င်းက အတည်ပြုသည်။

မောတောင်မြို့ကို ဦးတည်စစ်ကြောင်းထိုးလာသည့် စစ်တပ်မှ စစ်သားကိုးဦးသည် ဇူလိုင်လအတွင်းက KNU တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်ရင်း (၁၁) ၏ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းထံ လက်နက်နှင့်အတူ ဘက်ပြောင်း ခိုလှုံခဲ့ကြသည်။

မောတောင်ဒေသကို အလုံးစုံသိမ်းပိုက်နိုင်ပါက မောတောင်သည် တနင်္သာရီတိုင်းအတွင်း KNU သိမ်းပိုက် နိုင်သည့် ဒုတိယမြောက် နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာနေရာ ဖြစ်လာနိုင်သည်။

KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ၁၀ ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ယခုနှစ် မေလ ၉ ရက်နေ့နံနက်တွင် သိမ်းပိုက်နိုင်ခဲ့သော ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ထီးခီးစခန်းသည် ပထဆုံးသိမ်းနိုင်သော ထိုင်း-မြန်မာနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းဖြစ်ပြီး အဓိက တပ်စခန်းလည်းဖြစ်သည်။

KNU သည် တနင်္သာရီတိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် သုခစစ်စခန်း ၊ ငါးရံ့နီစခန်း ၊ ဘောဒီစခန်း ၊ နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ ထားဝယ်မြို့နယ် ထီးခီးကျေးရွာ နှင့် ထီးခီးအနီး ထီးထဗျူဟာတို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

မောတောင်နယ်စပ်အတွင်းရှိ ဒေသခံများထွက်ပြေးတိမ်းရှောင်နေသည်ကို နိုဝင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ထားစဉ်။(ဓာတ်ပုံ-KNU) 

Related Articles

Back to top button