သတင်း

ထိုင်း-မြန်မာ နယ်စပ် ထီးခီးစခန်းကို KNU,PDF ပူးပေါင်းတပ်များ သိမ်းပိုက်

ပူးပေါင်းတပ်က နယ်စပ်ရှိ အရေးပါသော စစ်စခန်းတစ်ခုကို ၁၀ ရက်ကျော် တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိခဲ့သည်။ စစ်ကောင်စီတပ်သားအများအပြား ထိုင်းနိုင်ငံထဲ ဆုတ်ခွာသွားသည်။

ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ထီးခီးစခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့   ၁၀ ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ ( မေ ၉) နံနက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

ထီးခီးတပ်စခန်း နှင့် ငါးမိုင်အကွာအဝေးရှိ ထီးထာဗျူဟာကုန်းကို ဧပြီ ၁၉ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီး ထပ်မံ ပေါ်ပေါက်လာသည့် အောင်မြင်မှုဖြစ်သည်ဟု  PDF တနင်္သာရီတိုင်းစစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားက ပြောသည်။

“ဒီနေ့ မနက် ၉ နာရီလောက်မှ စခန်းရလိုက်တယ်ပေါ့။ စခန်းကိုတော့ သွားဝိုင်းထားတာကတော့ ကြာပါ ပြီ။ ရက်သတ္တပတ် တစ်ပတ်ကျော်လောက်တော့ ကြာပါပြီ။ ထီးထာဗျူဟာကို သိမ်းပြီးတဲ့နောက်မှာ အဲဒီစခန်းကို သွားဝိုင်းတယ်ပေါ့။ KNU တပ်မဟာ ၄ ရဲ့ ဦးဆောင်မှုနဲ့  ပြည်သူ့ကာကွယ်ရေးတပ်တွေ PDF တပ်ရင်း၊ တပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့ အဲဒီ စခန်းကို သိမ်းပိုက်တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထီးခီးသည် ထိုင်း-မြန်မာနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းလည်းဖြစ်၊ အဓိကတပ်စခန်းလည်းဖြစ်သည်။

ထီးခီးတိုက်ပွဲတွင် စစ်ကောင်စီတပ်က အကျအဆုံးများပြီး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားသူများ လည်း ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

“ထီးခီးစခန်းက နယ်စပ်စခန်းပေါ့၊ ထိုင်းဘက်ကို အဓိကသွားနေတဲ့လမ်းပိုင်းပေါ်မှာ အဓိက စိုးမိုးထား တာ။ အခုဆိုရင် ထီးခီးစခန်းလည်းကျပြီ၊ ထီးထဗျူဟာလည်း ကျပြီ ဆိုတော့ နယ်စပ်တကြောမှာတော့ တော်တော်လေး လုံခြုံသွားပြီ”ဟု ၎င်းက ပြောသည်။

“အဓိကတော့ အဲဒီမှာ ရှိနေကြတဲ့ ဒေသခံလည်း ပိုပြီးတော့ လွတ်လပ်သွားတယ်လို့ ပြောလို့ရတယ်။  ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ကလည်း ထိုင်းနယ်စပ် ကူးလူးဆက်ဆံတဲ့အချိန်မှာ တော်တော်လေးအဆင်ပြေသွားတယ်လို့ ပြောလို့ ရတယ်” 

ထိုဒေသတိုက်ပွဲအကြောင်းကို စစ်ကောင်စီက သတင်းထုတ်ပြန်လေ့ မရှိပေ။

ထီးခီးတပ်စခန်းကို ထိုးစစ်ဆင်ခံရချိန်တွင် စစ်ကောင်စီလေတပ်က နေ့စဉ် ဗုံးကြဲပြီး ပြင်းပြင်းထန်ထန် ပြန်လည် ခုခံခဲ့သည်။

စစ်ကောင်စီတပ်သား အများအပြား  နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးသွားသည်ဟု KNU မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

“စ.က.စ စစ်သားတွေ ထွက်ပြေးတာ ၄၀ ကျော် ၅၀ လောက်ရှိပြီ။ တချို့က အဲဒီ လက်နက် မပါဘဲ ထွက်ပြေးတာ ရှိတယ်။ တချို့က လက်နက်ယူသွားပြီးတော့ ထွက်ပြေးတာရှိတယ်။ ဒါပေမယ့် ထိုင်းဘက် က ဖမ်းတာ ရှိတယ်။ ဘယ်လို အရေးယူမလဲ၊ သူတို့ရဲ့ ဘယ်လိုဆောင်ရွက်မလဲတော့ အသေးစိတ် မသိရသေးဘူး” 

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ထီးခီးစခန်းမှ ထွက်ပြေးလာသော စစ်သားများကို ထိုင်းဘက်မှ စစ်ဆေးနေသည်ကို တွေ့ရစဉ်။

ထိုနယ်မြေသည် KNU ၏ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၄) ဘိတ်/ထားဝယ် ခရိုင် တွင် ပါဝင်နေသည်။

ထားဝယ်-ထီးခီးကုန်သွယ်ရေးလမ်းတလျှောက် နှစ် ၃၀ ကျော်ကြာမြင့်နေပြီ ဖြစ်သည့်  ထီးထာဗျူဟာကုန်းကို စီးနင်းမှုတွင် ဗျူဟာမှူးအပါအဝင် သုံ့ပန်း ၁၅ ဦးဖမ်းမိခဲ့သည်။ 

“အဲဒီ ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ချိန်မှာ စစ်တပ်ဘက်က အင်အား ၁၀၀ ကျော်ကျော်လောက်ရှိတယ်။ လက်နက်မချဘူးဗျ။  လက်နက်က  ၅၀ ကျော်ကျော်လောက်တော့ သိမ်းမိတာရှိတယ်။ အင်အား ၁၀၀ ကျော်မှာ ကျန်တာသေတယ်။ သေတာရော၊ ထွက်ပြေးတာတွေရော ရှိသေးတယ်။ အရှင်ဖမ်းမိတာက ၁၅ ယောက်” ဟု KNLA တပ် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထီးခီးတပ်စခန်းတွင် ကမ်းရိုးတန်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ကံပေါက်အခြေစိုက် အမှတ် (၂၇၃) ခြေလျင်တပ်ရင်း (ခလရ ၂၇၃)  က တပ်စွဲခဲ့သည်။ 

ထားဝယ်-ထီးခီးလမ်းတလျှောက်တွင် ၂၀၂၃ နှစ်ကုန်မှ စတင်ပြီး  KNLA နှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင် လာခဲ့ပြီးနောက် စစ်ခေါင်းဆောင်က  စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ် ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို  ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးရာထူးပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လေးမြို့နယ်တွင် တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီ လေတပ်၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း အရပ်သား ၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရသည်၊ စစ်ဘေးဒုက္ခသည် နှစ်သောင်း နီးပါးရှိသည်ဟု ဒေါနတနင်္သာရီ စစ်ဘေးရှောင် အထောက်အကူပြုရေးအဖွဲ့ ထံက သိရသည်။ 

သောင်းနှင့်ချီသည့် စစ်ဘေးဒုက္ခသည်များမှာ နီးစပ်ရာ ကျေးရွာများနှင့် တောတောင်၊ ဥယျာဉ်များတွင် ခိုလှုံနေရပြီး အစားအစာနှင့် ဆေးဝါးများအပြင် မိုးဦးရာသီဖြစ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်။ 

တနင်္သာရီတိုင်းတွင် မတ်လအတွင်း စစ်ကောင်စီ ထိုးစစ်များနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၆၆၈၀၀ ကျော်ရှိနေပြီး ထားဝယ်ခရိုင်အတွင်း ၂၇၃၀၀ ကျော်ရှိ သည်ဟု လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် FE5Tanintharyi က ဧပြီ ၂၃ တွင် ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီက နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးနေပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေရာ တနင်္သာရီမြို့နယ်တစ်ခုတည်းတွင် ဒေသခံ ၁၈၅၀၀ ခန့် တိမ်းရှောင်နေရသည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။

Related Articles

Back to top button