
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် လိုင်ဇာမြို့အနီးတွင် ယနေ့ (ဇန်နဝါရီ ၃) ရက် နံနက်ပိုင်းက စစ်ရဟတ်ယာဉ်တစ်စီးကို ပစ်ခတ်ခဲ့ရာ ပျက်ကျသွားကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
ထိုရဟတ်ယာဉ်သည် တရုတ်နယ်စပ် လိုင်ဇာမြို့ အရှေ့မြောက်ဘက် ၈ မိုင်ခန့်အကွာ ဝိုင်းမော်မြို့နယ် ဖော့ဒေါ့ကျေးရွာအုပ်စု နာဖော့ဒေသရှိ စစ်ဗျူဟာတပ်စခန်းသို့ ရိက္ခာလာပို့သည်ဟု ယူဆရကြောင်း ၎င်းက ဆိုသည်။
“ပျက်ကျသွားတာ အတည်ပြုပြောလို့ရပါတယ်။ ပစ်တာလည်း အတည်ပြုပြောလို့ရပါတယ်။ ဒါပေမဲ့ ထိမှန်သွားတာလား တခြားချို့ယွင်းချက်ကြောင့် ပြုတ်ကျသွားတာလားဆိုတာတော့ မသိရသေးပါဘူး။ … “မြစ်ကြီးနားလေတပ်စခန်းကနေ နာဖော့ကို ရိက္ခာပို့တယ်လို့ သုံးသပ်တာပါ။ တိုက်ပွဲတွေလည်း မရှိဘူးဆိုတော့ ရိက္ခာပို့တဲ့ ရဟတ်ယာဉ်ဖြစ်မှာပါ”။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။
နာဖော့ဒေသသည် ယခင်က KIA ဗဟိုဌာနချုပ် အခြေစိုက်ရာဒေသဖြစ်သည်။ ၁၉၈၆ ဝန်းကျင်ခန့်တွင် စစ်တပ်က တိုက်ခိုက်သိမ်းယူခဲ့ခြင်းကြောင့် KIAက လိုင်ဇာဒေသသို့ ပြောင်းရွှေ့အခြေစိုက်ခဲ့ခြင်း ဖြစ်သည်။

KIA သည် ၂၀၂၁ ဖေဖော်ဝါရီတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် စစ်တပ်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ကာ အခြားသော တော်လှန်ရေးအင်အားစုများကို ထောက်ပံ့ကူညီမှုများပြုလုပ်နေသည့် ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်သည်။
ကချင်ပြည်နယ်နှင့် စပ်လျက် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် KIA က အခြားသော ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်မှုများရှိသည်။
စစ်ကောင်စီကလည်း KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ထိန်းချုပ်နိုင်ရန် မြေပြင်၊ ဝေဟင် အသုံးပြု၍ အပြင်းအထန်ကြိုးပမ်းနေသော်လည်း ယနေ့တိုင် အောင်မြင်မှုမရသေးပေ။ ထိုအခြေအနေတွင် လေကြောင်းနှင့် အဝေးပစ်လက်နက်ကြီးကို အားပြု၍ စစ်ကောင်စီက တိုက်ခိုက်နေရာ အရပ်သားအများအပြား ထိခိုက်သေဆုံးသည့် ဖြစ်စဉ်များ KIA ထိန်းချုပ်ဒေသများအတွင်း ပေါ်ပေါက်နေသည်။
အာဏာသိမ်းစ ၂၀၂၁ မေ ၃ ရက်ကတည်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ် မြို့သစ်နှင့် ကုန်းလောကြားအတွင်း စစ်ရဟတ်ယာဉ်တစ်စီးကို KIAက ပစ်ချနိုင်ခဲ့သည်။ ထိုသို့ပစ်ချခံရသဖြင့် လေတပ်မှ အရာရှိ စစ်သည်သုံးဦး ဆုံးရှုံးသည်ဟု မေလ ၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီတာဝန်ရှိသူက ထုတ်ဖော်ဝန်ခံခဲ့သည်။
၂၀၂၃ နိုဝင်ဘာလအတွင်းကလည်း ကရင်နီဒေသ (ကယားပြည်နယ်) ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီ တိုက်လေယာဉ်တစ်စီး ပစ်ချခံရကာ လေယာဉ်မှူး ဗိုလ်မှူးကို တော်လှန်ရေးအင်အားစုများက ဖမ်းဆီးထားသည်။ ထို့အတူ ကရင်နီဒေသ ဘောလခဲမြို့နယ်တွင် ၂၀၂၃ ဇူလိုင်ကလည်း စစ်လေယာဉ်တစ်စီးကို ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့က ပစ်ချနိုင်ခဲ့သည်။
အာဏာသိမ်းပြီး ၃ နှစ်နီးပါးရှိချိန်တွင် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံမှုများ ပို၍ အရှိန်မြင့်နေသည်။ တော်လှန်ရေးအဖွဲ့များက ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီဒေသ (ကယားပြည်နယ်)၊ ကရင်ပြည်နယ်တို့ရှိ စစ်စခန်း၊ ရဲစခန်း ရာနှင့်ချီ သိမ်းပိုက်ထားနိုင်သလို နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မြို့အချို့ကိုလည်း ထိန်းချုပ်ထားနိုင်ကြသည်။