ဆောင်းပါးရွေးကောက်ပွဲ

ရှမ်းအရေးအတွက် နှစ်ထပ်ကွမ်း ဝန်ကြီးဖြစ်လိုသူ ရှမ်းနီကိုယ်စားလှယ်လောင်း

မပြီးပြည့်စုံသေးသည့် တိုင်းရင်းသားအခွင့်အ‌ရေးနှင့် နိမ့်ကျနေဆဲ တိုင်းရင်းသားများ၏ လူမှုဘဝအခြေအနေများက ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦးဖြစ်သည့် ဒေါ်မွှေးမွှေးခင်ကို နှစ်ကြိမ်ဆက်တိုက် ရွေးကောက်ပွဲဝင်ပြိုင်ရန် တွန်းအားပေးနေသည်။

ဒေါ်မွှေးမွှေးခင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားပြု၍ ရွေးကောက်ခံခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဖြစ်သည်။ ဝန်ကြီးသက်တမ်း ငါးနှစ်အတွင်း အကောင်အထည်ဖော်ခဲ့သည့် တိုင်းရင်းသားဖွံ့ဖြိုးရေးလုပ်ငန်းများကို အားသစ်လောင်းရန် စိတ်အားထက်သန်နေသူလည်း ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်းတာဝန်ယူထားသည့် စစ်ကိုင်းတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်ပင် ထပ်မံရွေးကောက်ယှဉ်ပြိုင်ဦးမည်ဖြစ်သည်။​ 

“ငါးနှစ်တာမှာ လုပ်ခဲ့တဲ့ဟာတွေကို ပိုပြီးတော့ အဆင့်မြှင့်ချင်တယ်။ အားစိုက်ပြီး အဆင့်မြှင့်ချင်တယ်” ဟု စစ်ကိုင်းတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်မွှေးမွှေးခင်က ပြောသည်။

တိုင်းရင်းသားရေးရာဝန်ကြီးနေရာသည် ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်တင်မြှောက်သည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ဝန်ကြီးနေရာဖြစ်သည်။ ချင်းပြည်နယ်မှအပ တိုင်းနှင့်ပြည်နယ်အားလုံးတွင် တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာစုစုပေါင်း ၂၉ ခုရှိကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးအနက် အမျိုးသမီးတိုင်းရင်းသားရေးရာဝန်ကြီး ၅ ဦး ရှိသည့်အနက် ဒေါ်မွှေးမွှေးခင် တစ်ဦးတည်းသာ တိုင်းရင်းသားပါတီကိုယ်စားပြု ကိုယ်စားလှယ်ဖြစ်သည်။ ကျန်အမျိုးသမီးဝန်ကြီး ၄ ဦးစလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဖြစ်သည်။

နိုင်ငံရေးလမ်းခရီးအစ

ဒေါ်မွှေးမွှေးခင် (ခ) နန်းမွှေးမွှေးခင်သည် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ ကက်သာကျေးရွာဇာတိ ဖြစ်သည်။ အသက် ၅၈ နှစ်ရှိပြီဖြစ်သည့် ဒေါ်မွှေးမွှေးခင်သည် ရှမ်းနီတိုင်းရင်းသူဖြစ်ပြီး ဆေးပင်စင်ဖြင့် အငြိမ်းစားယူခဲ့သည့် အထက်တန်းသူနာပြုတစ်ဦးလည်းဖြစ်သည်။ 

ဝန်ထမ်းဘဝဖြင့် စစ်ကိုင်း၊ ကသာ၊ မန္တလေး စသည့်မြို့များသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မိသားစုနှင့် မန္တလေးတွင် အခြေချခဲ့သည်။

၂၀၀၈ တွင် သူနာပြုဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူခဲ့ပြီး ဆေးဝါးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ခဲ့သည်။၂၀၁၀ အလွန် မြန်မာ့နိုင်ငံရေးရာသီဥတု ပြောင်းလဲလာချိန်တွင် နိုင်ငံရေးလောကထဲသို့ ဝင်ရောက်ခဲ့ကြောင်း ဒေါ်မွှေးမွှေးခင်က ပြန်ပြောင်းပြောပြသည်။

အထူးသဖြင့် တိုင်းရင်းသားလူမျိုးများနေထိုင်ရာ ဒေသများသည် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတိုးတက်ရေးတို့တွင် အစစအရာရာနိမ့်ကျနေဆဲဖြစ်ပြီး ထိုအခြေအနေကို မြှင့်တင်ပေးချင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

သားသမီးသုံးဦး၏ မိခင် ဒေါ်မွှေးမွှေးခင်သည် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဖြစ်ပြီးနောက် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ရုံးစိုက်ရာ မုံရွာမြို့တွင် ဝန်ကြီးတာဝန်များ ထမ်းဆောင်ရသဖြင့် မိသားစုများနေထိုင်သည့် မန္တလေးမြို့ကိုပင် မပြန်ဖြစ်ပေ။

တိုင်းရင်းသားအရေးအတွက် ခရေစေ့တွင်းကျ ပံ့ပိုးကူညီရန် အင်အားကြီးနိုင်ငံရေးပါတီများသို့ မဝင်ရောက်ဘဲ စစ်ကိုင်းနှင့် ကချင်ပြည်နယ်တွင် အခြေပြုဖွဲ့စည်းထားသည့် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်မက ဝန်ထမ်းတစ်ယောက် လုပ်တယ်ဆိုရင် ညွှန်ကြားရေးမှူးလောက်ပဲ ဖြစ်မယ်။ ကျွန်မရဲ့ ဌာနတစ်ခုတည်းလောက်ကိုပဲ လုပ်ပေးနိုင်မယ်ပေါ့။ ကျွန်မ လူမျိုးတစ်ခုလုံးရဲ့ အရေးအရာကိစ္စတွေ လုပ်မယ်ဆိုရင် ကျွန်မတို့က နိုင်ငံရေးလုပ်မှ ဖြစ်မယ်ဆိုတဲ့ စိတ်က ဖြစ်လာတယ်။ အဲ့ဒါကြောင့် နိုင်ငံရေးထဲ ဝင်လုပ်ဖြစ်တာပေါ့” ဒေါ်မွှေးမွှေးခင်က ပြောသည်။

မန္တလေးမြို့တွင် ပါတီဌာနချုပ်အခြေစိုက်သည့် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီကို လက်ရှိပါတီဥက္ကဋ္ဌ စိုင်းဌေးအောင်နှင့် ရှမ်းနီခေါင်းဆောင်များက ၂၀၁၂ မေတွင် ထူထောင်ခဲ့သည်။ 

ရှမ်းနီတိုင်းရင်းသားများကို ကိုယ်စားပြုသည့် ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီလည်းရှိပြီး ယင်းပါတီသည် ၂၀၁၅ မေ တွင် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ခွဲထွက်ထူထောင်ခဲ့ခြင်းဖြစ်သည်။ ပါတီအတွင်း အယူအဆနှင့် သဘောထားမတိုက်ဆိုင်မှုကြောင့် ခွဲထွက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ရှမ်းနီလူမျိုးအများစုနေထိုင်သည့် စစ်ကိုင်းနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်လောင်း ၅၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 

ယင်းတို့အနက် စစ်ကိုင်းတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်မွှေးမွှေးခင်နှင့် ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့် နှစ်ဦးသာ အနိုင်ရရှိခဲ့သည်။ ထိုကဲ့သို့ အနိုင်ရရှိခြင်းသည် ဒေါ်မွှေးမွှေးခင်၏ ရှမ်းတိုင်းရင်းသားဖွံ့ဖြိုးရေးအတွက် ရည်မှန်းချက်များကို ဆေးသားတင်ပေးလိုက်သကဲ့သို့ ဖြစ်သည်။

ဝန်ကြီးတစ်ဦးအတွက် မှတ်ကျောက်

တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦးအနေဖြင့် သီးသန့်ဘတ်ဂျက်စာရင်းမရှိသဖြင့် လုပ်ပိုင်ခွင့်အကန့်အသတ် များစွာရှိသော်လည်း ရှမ်းတိုင်းရင်းသားရေးရာနှင့်ပတ်သက်၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းခဲ့သည်ဟု ဒေါ်မွှေးမွှေးခင်က ဆိုသည်။

တိုင်းရင်းသားဒေသများတွင် မူးယစ်ဆေးဝါးပြဿနာသည် အကြီးကျယ်ဆုံးသော ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး ကျေးလက်အခြေပြု မူးယစ်ဆေးဝါးပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ရန် ဆောင်ရွက်ခဲ့သည်ဟု ၎င်းကဆိုသည်။  

သို့သော် တိုင်းရင်းသားဒေသများသည် ဝေးလံခေါင်ဖျားသည့် နေရာများတွင် တည်ရှိခြင်းတို့ကြောင့် ဒေသအနှံ့အပြားသို့ ကွင်းဆင်းလေ့လာရန် အခက်အခဲရှိသည်ဟု ဒေါ်မွှေးမွှေးခင်က ဆိုသည်။

ဝန်ကြီးသက်တမ်းအတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်ပြင်၊ ပင်လည်ဘူး၊ တမူး၊ ဗန်းမောက်၊ ထီးချိုင့်၊ အင်းတော် မြို့နယ်ရှိ စာသင်ကျောင်းများတွင် ရှမ်း၊ ရှမ်းနီတိုင်းရင်းသားစားပေများ သင်ကြားနိုင်ရန် ကြိုးပမ်းခဲ့သည်ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပပေးသည့်အပြင် ရှမ်းနီစာပေညီလာခံကိုလည်း နှစ်ကြိမ်တိုင် ကျင်းပပေးနိုင်ခဲ့သည်ဟု ဒေါ်မွှေးမွှေးခင်က ဆိုသည်။

“စာပေပျောက်ရင် စကားပျောက်မယ်ပေါ့။ အခုစကားက ကျွန်မတို့ တိုင်းရင်းသားရွာတွေမှာ ကလေးတွေဆိုရင် ရှမ်းစကားကို သိပ်မပြောတတ်ကြတော့ဘူး။ ဒီစာတွေ သင်ပေးခြင်းဖြင့် စကားတွေ ပြောလာမယ်” ဟု ၎င်းက ရှမ်းဘာသာစကား သင်ကြားပေးခြင်း၏ အကျိုးကျေးဇူးကို ရှင်းပြသည်။

သို့သော်လည်း ထိုကဲ့သို့ တိုင်းရင်းသားယဉ်ကျေးမှုအခမ်းအနားနှင့် ရှမ်းနီစာပေညီလာခံ နှစ်ကြိမ် ကျင်းပနိုင်ခဲ့ခြင်းသည် ဒေါ်မွှေးမွှေးခင် တစ်ဦးတည်း၏ စွမ်းဆောင်မှုကြောင့် မဟုတ်ဟု သျှမ်းနီစာပေသုတေသနအဖွဲ့၏ အဖွဲ့ဝင် ဒေါက်တာစိုင်းခိုင်ကျော်က ဆိုသည်။

ဒေါ်မွှေးမွှေးခင်၏ စွမ်းဆောင်မှုများသည် တိုင်းဝန်ကြီးတစ်ဦး၏ သမားရိုးကျ ဆောင်ရွက်ချက်များသာဖြစ်ပြီး ထူးထူးခြားခြားအသိအမှတ်ပြုဖွယ်ရာ မရှိကြောင်း ၎င်းက ဆိုသည်။

“ထူးထူးခြားခြားကြီးတော့ သိပ်ပြီးတော့ မမြင်ပါဘူး။ ပုံမှန်လုပ်ရိုးလုပ်စဉ်အနေနဲ့ လူကြီးတစ်ယောက်အနေနဲ့ လုပ်ရိုးလုပ်စဉ်အနေနဲ့ လုပ်တာတွေတော့ရှိတာပေါ့” ဟု ၎င်းကဆိုသည်။ 

တိုင်းရင်းသားများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနည်းဥပဒေ ရေးဆွဲရာတွင် ပါဝင်ခဲ့ပြီး ထပ်မံရွေးကောက်အနိုင်ရရှိပါက ယင်းနည်းဥပဒေပါအချက်များကို ဆက်လက် လက်တွေ့အကောင်အထည်ဖော်လိုသည်ဟု ဒေါ်မွှေးမွှေးခင်က ဆိုသည်။

တိုင်းရင်းသားများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနည်းဥပဒေတွင် စာပေ၊ ယဉ်ကျေးမှုနှင့် လူ့စွမ်းအားအရင်းအမြစ်လုပ်ငန်းများ ဆောင်ရွက်ရန် တိုင်းနှင့် ပြည်နယ်အစိုးရ၏ ဘတ်ဂျက်စာရင်းတွင် သီးသန့်ငွေစာရင်းတင်ပြတောင်းခံနိုင်မည် ဖြစ်သည်။

“ဒီနည်းဥပဒေမှာ တိုင်းရင်းသား စာပေ၊ ယဉ်ကျေးမှုကိစ္စတွေ ပါတယ်။ သယံဇာတ တူးဖော်မှုတွေ ပါမယ်။ နောက်ပြီး ကျွန်မတို့ရဲ့အခွင့်အရေးပေါ့နော်။ တိုင်းဒေသကြီးဘတ်ဂျက်ထဲမှာ စာပေယဉ်ကျေးမှုကိစ္စတွေ ထည့်ဆွဲလို့ရတယ်ဆိုတာလည်း ပါတယ်” ဟု ၎င်းကဆိုသည်။

ဒေါ်မွှေးမွှေးခင်သည်၂၀၁၈ တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) ရေးထိုးရာတွင် တစ်ဦးတည်းသော အမျိုးသမီးအသိသက်သေအဖြစ် ပါဝင်ခဲ့သည်။

ရွေးကောက်ပွဲ မျှော်လင့်ချက်

ရက်ပိုင်းသာ လိုတော့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်း ၇,၀၀၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အမျိုးသမီးကိုယ်စားလှယ်လောင်းမှာ ၁,၁၀၀ ကျော် ပါဝင်သည်။

လူထုထောက်ခံမှုရရန် ပါတီများက အပြိုင်အဆိုင်မဲဆွယ်နေကြပြီး ရှမ်းတိုင်းရင်းသားအများစု လွှမ်းမိုးသည့် ဒေသများတွင် တိုင်းရင်းသားကိုယ်စားပြုပါတီများသည် လူမျိုးရေးပေါ် အခြေခံကာ မဲဆွယ်ကြသဖြင့် ၂၀၁၅ ရွေးကောက်ပွဲထက် ပြိုင်ဆိုင်မှုပိုပြင်းထန်ကြောင်း ဒေါ်မွှေးမွှေးခင်၏ ပြိုင်ဘက် အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားလှယ်လောင်း ဦးကျော်ဌေးလွင်က မှတ်ချက်ပြုသည်။

NLD ပါတီသည် တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ပြည်ထောင်စုပါတီဖြစ်ပြီး ၎င်းရွေးကောက်ခံရပါက တိုင်းရင်းသားရေးရာနှင့်ပတ်သက်၍ ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ဦးကျော်ဌေးလွင်က ဆိုသည်။

“သူ (ဒေါ်မွှေးမွှေးခင်) လည်း စွမ်းဆောင်နိုင်သလောက် စွမ်းဆောင်ပါတယ်။ ကျွန်တော်ဖြစ်ခဲ့တယ်ဆိုရင် သူ့ရဲ့လုပ်ဆောင်ချက်ထက် ပိုပြီးတော့ လုပ်ရမှာက ကျွန်တော့်တာဝန်ပေါ့။ ပြီးကျမှ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုရှိအောင် ကျွန်တော်အနေနဲ့ လုပ်ဆောင်ရမယ်ဆိုတာ ကျွန်တော့်ရဲ့ တာဝန်လို့ပဲ ခံယူပါတယ်” ဟု ၎င်းက ဆိုသည်။

ယခုရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် တစ်သီးပုဂ္ဂလနှင့် နိုင်ငံရေးပါတီ ၈ ခုမှ ကိုယ်စားလှယ်လောင်း ၈ ဦး ဝင်ပြိုင်မည်ဖြစ်ပြီး အမျိုးသား ၄ ဦးနှင့် ဒေါ်မွှေးမွှေးခင်အပါအဝင် အမျိုးသမီး ၄ ဦး ဖြစ်သည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဒေါ်မွှေးမွှေးခင်၊ NLD ပါတီမှ ဦးကျော်ဌေးလွင်၊ ပြည်ခိုင်ဖြိုးပါတီမှ ဒေါ်ခင်မိုးရီ၊ တစ်သီးပုဂ္ဂလ စိုင်းခမ်းရွှေ၊ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီမှ စိုင်းလှိုင်ငြိမ်းနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဒေါ်သိန်းမြင့်တို့ အသီးသီး ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

နိုင်ငံရေးတွင် အမျိုးသမီးများကို ဦးစားပေးလာသည့်အပြင် အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုအပေါ် ယုံကြည်ချက် မြင့်မားလာခြင်းကြောင့် အမျိုးသမီးကိုယ်စားလှယ်လောင်းပါဝင်မှု မြင့်တက်လာသည်ဟု‌ ဒေါ်မွှေးမွှေးခင်က ဆိုသည်။

ဒေါ်မွှေးမွှေးခင်အနေဖြင့်လည်း မဲဆွယ်စည်းရုံးရေးဆင်းရာတွင် လူထု၏ထောက်ခံမှုကို အားရကျေနပ်မှုရှိပြီး အထူးသဖြင့် အမျိုးသမီးများ၏ ထောက်ခံမှုမှာ ယခင်ကထက် ပိုမိုအားကောင်းလာသည်ဟု ဆိုသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရကာ နောက်ထပ်သက်တမ်း ၅ နှစ် တာဝန်ထမ်းဆောင်နိုင်ရမည်ဟုလည်း ဒေါ်မွှေးမွှေးခင်က ခိုင်ခိုင်မာမာ ယုံကြည်ထားသည်။

Show More

Related Articles

Back to top button