သတင်း

စစ်ဘေးကြောင့် မူဆယ်မြို့ကို ဒေသခံအများအပြား စွန့်ခွာ

နှစ်ကုန်ပိုင်းတွင် ဒေသတွင်း တိုက်ပွဲများ ပိုပြင်းထန်လာနိုင်သည့် ယူဆချက်ဖြင့် မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း ခရိုင်မြို့ကြီးတစ်ခုဖြစ်သော မူဆယ်မြို့ကို ဒေသခံအများအပြား စွန့်ခွာနေကြကြောင်း စုံစမ်းသိရှိရသည်။

တအာင်းတပ် (TNLA) ဦးဆောင်သည့် မဟာမိတ်များက မူဆယ်မြို့အနီး ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ထားသည်။ ကုန်သွယ်ရေးနှင့် စီးပွားရေးအချက်အချာကျသည့် မူဆယ်မြို့ကိုလည်း ဆက်လက်သိမ်းပိုက်ရန် ချဉ်းကပ်လာလျက်ရှိကြောင်း မူဆယ်မြို့ခံများက ပြောသည်။

ငွေကြေးတတ်နိုင်သူတို့က နယ်နိမိတ်ချင်း ထိဆက်နေသည့် တရုတ်နိုင်ငံဘက်ခြမ်းသို့ နယ်စပ်ဂိတ်ဖြတ်၍ ပြောင်းရွှေ့နေကြကြောင်း၊ ထိုသို့ ရွှေ့သွားကြသူများမှာ ဒေသခံ ရှမ်းနှင့် ကချင်တိုင်းရင်းသားများ ဖြစ်ကြကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

နယ်မြေခံမဟုတ်သူများသည် မန္တလေးမြို့ဘက်သို့  ရွှေ့ပြောင်းသွားကြသည်ဟု သူက ဆိုသည်။

“လကုန်ပြီးရင်တော့ (တိုက်ပွဲ) ဖြစ်ကြမယ်လို့ ကြားတယ်။ အဲ့ဒါကြောင့်မို့လို့ အခု တော်တော်များများ စရှောင်ကြပြီ။ ကျွန်တော်တို့သိတဲ့လူ တော်တော်များများ ရှောင်ဖို့ လုပ်နေပြီဗျ” ဟု ထိုသူက ဆိုသည်။

နယ်စပ်ဂိတ်ကို ဖြတ်ပြီး တရုတ်နိုင်ငံ ကျယ်ဂေါင်နှင့် အခြားဆက်စပ်မြို့များသို့ ထွက်ခွာသွားသူများသည် ယာယီနယ်စပ် ဖြတ်ကျော်ခွင့်ကတ်၊ မြန်မာ-တရုတ်နယ်စပ်နိုင်ငံကူးလက်မှတ်ကို အသုံးပြုကြောင်း၊ စစ်ဘေးရှောင်လိုသူများအပြင် တရုတ်တွင် အလုပ်သွားရောက်လုပ်ကိုင်သူများ ပါဝင်ကြောင်း သူက ဆိုသည်။

တစ်ချိန်တည်းတွင် မြို့ဝန်းကျင်တွင် ရှိနေသည့် မြောက်ပိုင်းမဟာမိတ်တပ်များက အချိန်မရွေးဝင်သိမ်းနိုင်ကြောင်း မူဆယ်မြို့ခံ အခြားအမျိုးသားတစ်ဦးက ပြောသည်။

“ပြောရမယ်ဆိုရင် ဝင်တိုက်ဖို့ပဲ ရှိတော့တယ်။ သူတို့က အရန်သင့် စောင့်နေပြီ၊ ဝိုင်းထားပြီးပြီ။ အဲ့သတင်းကြောင့် ဝင်တိုက်မယ်ဆိုပြီးတော့ အကုန်ကြောက်နေကြတယ်” ဟု ၎င်းက ဆိုသည်။

အရေအတွက် အတိအကျမသိသော်လည်း နေ့စဉ် တရုတ်ဘက်သို့ သွားလာသူ အများအပြားတွေ့နေရပြီး မူဆယ်မြို့မှ ပြည်တွင်းဘက်ကို ကားအစီးရေရာချီကာ ပို့ဆောင်ပေးနေကြောင်း ၎င်းက ပြောသည်။

မန္တလေးမြို့သို့ ထွက်ခွာသူအများအပြားရှိနေပြီး မူဆယ်-မန္တလေးကားခ ၃ သိန်းမှ ၅ သိန်းကြား ဈေးပေါက်နေသည်။

မြို့အထွက်လမ်းများပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေခြင်း၊ စစ်တပ်နှင့် TNLA တို့၏ တင်းကျပ်သည့် စစ်ဆေးမှုများရှိနေခြင်း၊ လမ်းခရီးကြမ်းတမ်းခြင်းကြောင့် ခက်ခက်ခဲခဲ သွားလာနေရသည်ဟုလည်း သိရသည်။

လတ်တလောတွင် တိုက်ပွဲများငြိမ်နေသော်လည်း ယမန်နေ့ (ဒီဇင်ဘာ ၂၄) တွင် စစ်ကောင်စီဘက်မှ စစ်လေယာဉ်ပျံဝဲခဲ့သည်၊ တော်လှန်ရေးမဟာမိတ်အဖွဲ့များ၏ ဒရုန်းများလည်း ပျံဝဲနေသည်ဟု ဒေသခံတို့က ပြောသည်။ မူဆယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ရနေသေးသော်လည်း လျှပ်စစ်ဓာတ်အားလိုင်း အသုံးပြုနိုင်ခြင်း မရှိသဖြင့် အခက်ကြုံနေရသည်ဟု သိရသည်။

TNLA ၏ ပြန်ကြားရေးရုံးမှ တာဝန်ခံ အမျိုးသမီးတစ်ဦးက မူဆယ်‌တွင် တိုက်ပွဲများဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီတပ်၏ လက်ကျန်စခန်းများ ရှိနေသေးသည်ဟု ယခုလ ဒီဇင်ဘာ ၁၈ တွင် ပြောဆိုထားသည်။

မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားနိုင်ခြေနှင့်ပတ်သက်၍ TNLA က တရားဝင် ထုတ်ပြောထားခြင်းမရှိပေ။ TNLA ၏ ဒီဇင်ဘာ ၂၄ ရက်နေ့ ထုတ်ပြန်ချက်တွင်မူ ရင်ဆိုင်တိုက်ပွဲများ၊ ထိုးစစ်၊ ခံစစ်၊ စခန်းသိမ်းတိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားနေသည်၊ စစ်ဆင်ရေးသည်လည်း အရှိန်အဟုန်မပျက် ပုံမှန်ရွေ့လျားလျက်ရှိသည်ဟု ဆိုသည်။

မြို့အရှေ့ဘက် ၆ မိုင်ခန့်အကွာ ၁၀၅ မိုင်ရှိ ဗျူဟာကုန်စခန်းကို စစ်တပ်က လက်လွှတ်လိုက်ပြီးနောက် ထိုစခန်းမှ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်သားများက မူဆယ်မြို့တွင်းရှိ အခြားတပ်များနှင့် သွားရောက်ပူးပေါင်းကာ ခံစစ်ပြင်ထားသည်။

မူဆယ် ၁၀၅ မိုင်စခန်းကို သိမ်းနိုင်ပြီဖြစ်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် လူမှုကွန်ရက်ပေါ် တင်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ။

နယ်စပ်ကုန်သွယ်ရေးနှင့် မူဆယ်မြို့၏ ပထဝီအနေအထား

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် အရေးအပါဆုံးဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ထိန်းချုပ်နိုင်ရန်အတွက် TNLA က နိုဝင်ဘာ ၂၆ မှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ဒီဇင်ဘာ ၁၅ တွင် မူဆယ်မြို့အရှေ့ဘက် ၆ မိုင်ခန့်အကွာ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ စစ်ကောင်စီ လက်ကျန်ဗျူဟာကုန်းတပ်စခန်းကို မဟာမိတ်ညီနောင် ၃ ဖွဲ့က သိမ်းပိုက်လိုက်သည်။ ထို့ပြင် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို TNLA နှင့် မဟာမိတ်များက ထိန်းချုပ်ထားသည်ဟု ဒေသခံများက ဆိုသည်။

ထိုကုန်သွယ်ရေးဇုန်သည် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုတစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်းနီးပါး ကုန်သွယ်သည့်နေရာဖြစ်သည်။ ပို့ကုန်သွင်းကုန်လိုင်စင်နှင့် အကောက်ခွန်ဆိုင်ရာ ဝန်ဆောင်မှုများပေးသည့် ထိုစခန်းကို ဖြတ်သန်းပြီးမှ နယ်စပ်ဂိတ်ပေါက်များမှ ကုန်စည်များ တင်ပို့၊ တင်သွင်းနိုင်မည်ဖြစ်သည်။

လတ်တလောတွင် ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်လျက်ရှိပြီး တရုတ်နိုင်ငံမှ ကုန်ကြမ်းပစ္စည်းများ မှီခိုနေရသည်၊ ကုန်ဈေးနှုန်းမြင့်တက်နေသည်ဟု ဒေသခံ ကုန်သည်တစ်ဦးက ပြောသည်။

“လုပ်ငန်းတော်တော်များများက တရုတ်နယ်စပ်ကုန်သွယ်ရေးကို အားကိုးနေရတယ်။ ပြည်တွင်းကုန်ထုတ်လုပ်ငန်းတွေအတွက် သွင်းကုန်ကြမ်းတွေ၊ ထုပ်ပိုးပစ္စည်းတွေကအစ အကုန်လုံးနီးပါး တရုတ်ရဲ့ ကုန်ကြမ်းတွေပေါ်မှာ အခြေခံနေရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဈေးတွေ အရမ်းတက်နေပြီ။ တရုတ်ခေါက်ဆွဲခြောက် တစ်ထုပ်တောင်မှ အရင်တုန်းက ၁၅၀၀ လောက်ရှိတယ်၊ အခု ၃၀၀၀ လောက် ရှိကုန်ပြီ”

တရုတ်ဘက်သို့ သွားရောက်မည့် ကုန်တင်ကားများကို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – ပေးပို့)

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအားလုံး ပြတ်တောက်သွားခြင်းကြောင့် တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့ရာတွင် ရေလမ်းကြောင်းကို အားကိုးနေရသည်ဟု မန္တလေးမြို့နေ ကုန်သည်တစ်ဦးကလည်း ဆိုသည်။

စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ပဲမျိုးစုံကို ရန်ကုန်ဆိပ်ကမ်းများမှ တရုတ်နိုင်ငံဆိပ်ကမ်းများသို့ ပို့ရသည့်အတွက် ကုန်ကျစရိတ်များပြီး တွက်ခြေမကိုက်ဟုလည်း ထိုကုန်သည်က ဆိုသည်။

“ပဲမျိုးစုံတွေက လုံးဝအဝယ်ရပ်သွားတယ်။ ပြောင်းဖူးစေ့လိုဟာမျိုးပေါ့။ အဲ့ဒီတွေက ပင်လယ်ရေကြောင်းက ပတ်ပြီးတော့ သယ်လို့မကိုက်ဘူး၊ အဲ့ဒီလမ်းကြောင်းက စရိတ်ပိုကုန်တယ်၊ ပို့နိုင်တဲ့အားနည်းသွားတယ်၊ ဒီမှာ ကုန်လက်ကျန်တွေ ပုံနေတယ်”

မူဆယ်မြို့သည် မန္တလေးမြို့ အရှေ့မြောက်ဘက် ၂၈၀ မိုင်အကွာတွင်ရှိပြီး မန္တလေး-လားရှိုး-မူဆယ် လမ်းအတိုင်း ကားဖြင့်ခရီးနှင်ပါက ၉ နာရီကျော် ကြာနိုင်သည်။ ထိုလမ်းအတိုင်း ပြင်ဦးလွင်၊ နောင်ချို၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်နှင့် နမ့်ဖက်ကာ စသည့် မြို့များကို ဖြတ်သန်းပြီးနောက် မူဆယ်မြို့ကို ရောက်မည်ဖြစ်သည်။

မြို့အရှေ့ဘက်နှင့် မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တောင်ဘက်နှင့် အနောက်ဘက်၌ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။

မူဆယ်မြို့နယ်အတွင်း ရပ်ကွက် ၉ ခု၊ ကျေးရွာအုပ်စု ‌၁၆ စုတွင် အိမ်ထောင်စု ၂၂,၂၁၄ ရှိကာ စုစုပေါင်း လူဦးရေ ၁၁၇,၅၀၇ ဦးအနက် မြို့ပြနေထိုင်သူမှာ ၆၃ ရာခိုင်နှုန်းရှိသည်ဟု ၂၀၁၄ သန်းခေါင်စာရင်းတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၂၇ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် တစ်လခွဲကျော် ကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းပေါင်းရာချီကို မြောက်ပိုင်းသုံးဖွဲ့ဖြစ်သည့် တအာင်းတပ်မတော် (TNLA), ကိုးကန့်တပ် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) တို့က သိမ်းပိုက်ထားနိုင်ခဲ့သည်။

ယနေ့အထိ သိမ်းပိုက်ခံရသည့် စခန်းနှင့် မြို့များသို့ လေကြောင်းနှင့် အင်အားအနည်းငယ် ပေးပို့သည်ကလွဲ၍ စစ်ကောင်စီတပ်က မြေပြင်မှ စစ်ကူပို့ပေးနိုင်ခြင်းမရှိဘဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ ထိုးစစ်ကို လက်ကျန်တပ်များဖြင့် ခုခံနေရသည် TNLA က ဆိုသည်။

Show More

Related Articles

Back to top button