တရုတ်-မြန်မာ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသော ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တစ်ခုလုံးကို ယနေ့ (ဒီဇင်ဘာ ၁၅) နံနက်တွင် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ထိန်းချုပ်လိုက်ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့က တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ပြီးနောက် မူဆယ်မြို့အရှေ့ဘက် ၆ မိုင်ခန့်အကွာ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ စစ်ကောင်စီ လက်ကျန်ဗျူဟာကုန်းတပ်စခန်းကို ယနေ့ သိမ်းပိုက်နိုင်ခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။
၁၀၅ မိုင် ရှိ ဒေသခံ အမျိုးသားတစ်ဦးကလည်း ယနေ့ နံနက်ပိုင်း တိုက်ပွဲများ ငြိမ်သက်နေကာ ဗျူဟာကုန်းတပ်စခန်းအတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ် (MNDAA) အလံ လွှင့်ထူထားသည်ကို တွေ့ရကြောင်း ပြောသည်။
“မနေ့က ဂျက်လေယာဉ်နဲ့ ဗျူဟာကုန်းအနီးမှာ လာပစ်သွားတယ်။ တစ်ညလုံးလည်း တိုက်ပွဲပြင်းထန်နေတယ်။ ဒီမနက်တော့ ဗျူဟာကုန်းကို သိမ်းလိုက်ပြီးတော့ ၁၀၅ မိုင်ကို ထိန်းချုပ်လိုက်ပြီလို့ ကြားတယ်။ တိုက်ပွဲမှာ (ညီနောင်မဟာမိတ်) ၃ ဖွဲ့လုံး ပေါင်းပြီး တိုက်တယ်”
လက်ရှိတွင် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အတွင်း ညီနောင် ၃ ဖွဲ့က ဝင်ရောက်နေရာယူ ထိန်းချုပ်ထားပြီး ဒေသခံအများစုက မူဆယ်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ပါဝင်သော ကျင်စန်းကျော့နယ်စပ်ဂိတ်ကို နိုဝင်ဘာလကုန်တွင် မြောက်ပိုင်းအဖွဲ့က ထိန်းချုပ်ခဲ့ပြီး ထိုဇုန်ရှိ နမ့်ပေါ်တံတား၊ ၁၀၅ မိုင် အဝင်တပ်စခန်းများကို ဆက်လက် သိမ်းပိုက်ခဲ့ကာ နောက်ဆုံးကျန်သည့် ၁၀၅ မိုင် ဗျူဟာကုန်းတပ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
မူဆယ် ၁၀၅ မိုင်ဗျူဟာကုန်းအခြေအနေနှင့် ပတ်သက်ပြီး ညီနောင် ၃ ဖွဲ့က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ ညီနောင် ၃ ဖွဲ့က တိုက်ပွဲသတင်းကို ညသန်းခေါင်မှသာ ထုတ်ပြန်နေသည်။
ထိုဗျူဟာကုန်းကို ညီနောင် ၃ ဖွဲ့က ပိတ်ဆို့ထားဆဲဖြစ်သည်၊ အပြီးသတ်သိမ်းပိုက်နိုင်ရန် ကြိုးစားနေရာ စစ်တပ်ဘက်ကလည်း ပြင်းပြင်းထန်ထန်ခုခံနေသည်ဟု TNLA ပြန်ကြားရေးရုံးမှ တာဝန်ခံ ရဲမေက ယနေ့ (ဒီဇင်ဘာ ၁၅) ညနေ ၄ နာရီခန့်က ပြောသည်။
“မနေ့ကဆိုရင် တော်တော်လေး ပြင်းထန်ပါတယ်။ မူဆယ်ဘက်က စစ်ကောင်စီတပ်ကလည်း ဂျက်ဖိုက်တာရော၊ ပြီးရင် MI 35 ရော ပစ်ကူတာတွေရှိသလို အတွဲလိုက်ဒုံးကျည်တွေ ပစ်တာတွေလည်း ရှိပါတယ်” ဟု အဆိုပါ တာဝန်ခံက ဆိုသည်။
TNLA ၏ စာရင်းများအရ ဂျက်တိုက်လေယာဉ်ဖြင့် ၁၁ ကြိမ်၊ MI 35 ရဟတ်ယာဉ်ဖြင့် ၂ ကြိမ်၊ အတွဲလိုက်ဒုံးဖြင့် သုံးကြိမ်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ထို့ပြင် ယမန်နေ့ မွန်းလွဲတွင် စစ်ရဟတ်ယာဉ်ဖြင့် မူဆယ်မြို့သို့ စစ်အင်အားတချို့နှင့် ခဲယမ်း၊ ရိက္ခာများ လာရောက် ပို့ဆောင်ခဲ့သည်ဟု TNLA ထံမှ သိရသည်။
မူဆယ်မြို့ဘက်မှ ၁၀၅ မိုင်ဘက်သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ယနေ့ နံနက်အစောပိုင်းတွင် မူဆယ်မြို့နှင့် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အကြား တုန်ခန်ကျေးရွာအနီး တိုက်ပွဲပြင်းထန်နေကြောင်း မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားရာ တုန်ခန်ကျေးရွာမှ ရွာခံတချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး အများစုသည် တိုက်ပွဲအတွင်း ပိတ်မိနေဆဲ ဖြစ်ကြောင်း သိရသည်။
မူဆယ်မြို့ပေါ်သို့ တိုက်ပွဲများ ကူးစက်လာမည်ကို မြို့ခံများက စိုးရိမ်နေကြပြီး ယမန်နေ့ နေ့လယ်ကလည်း မြို့ပေါ် စက်မှုရပ်ကွက်အနီး ပစ်ခတ်မှုများ ရှိခဲ့သလို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။
မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း မြို့အနီးဝန်းကျင်သို့ ညီနောင်သုံးဖွဲ့ ရောက်ရှိနေသည့်အတွက် စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေသည်ဟု မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မူဆယ်မြို့အထွက် သိပ်မဝေးတဲ့ နမ့်ခွန်ရွာဘုန်းကြီးကျောင်းမှာ ညီနောင်သုံးဖွဲ့က ရောက်နေကြတယ်။ အဲဒီမှာ သူတို့ (စစ်တပ်) က အကုန် တောက်လျှောက်ပစ်နေတော့တာပဲ။ ပစ်နေတာမှ မူဆယ်မြို့က အိမ်တွေအကုန်လုံးတုန်၊ စိုးရိမ်ထိတ်လန့်မှုတွေက အများကြီးပေါ့။ တိုက်ပွဲက နီးလာပြီလို့ ပြောရမှာပဲ” ဟု ထိုအမျိုးသားက ပြောသည်။
၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီး နွားခြံကို ယမန်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကုန်တင်ကား၊ လယ်ထွန်စက် ထိခိုက်ပျက်စီးပြီး နွားကောင်ရေအများအပြား သေဆုံးကြောင်း အဆိုပါ နွားခြံလုပ်ငန်းနှင့် နီးစပ်သူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“မနေ့က ကျတာဖြစ်မယ်၊ ဒီနေ့မနက် အကြောင်းကြားလာတာဆိုတော့။ ၁၂ ဘီးကား ကုန်အပြည့်နဲ့ ရပ်ထားတဲ့တစ်စီးပေါ့။ ခြံက သုံးတဲ့ လယ်ထွန်စက် လောင်သွားတယ်။ နောက်ပြီးတော့ နွားက ၁၅ ကောင်ကနေ ၂၈ ကောင်ကြား သေသွားတယ်ပြောတယ်” ဟု ၎င်းက ဒီဇင်ဘာ ၁၅ နေ့လယ်ပိုင်းတွင် ပြောသည်။
ယခင်ကလည်း ထိုခြံအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် လူသေဆုံးမှု ရှိခဲ့ဖူးသည်။
နိုဝင်ဘာ ၂၇ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိုနွားခြံလုပ်ငန်းခွင်အတွင်း ဆော့ကစားနေသည့် အသက် ၇ နှစ် အရွယ် မောင်ဒူရကာဘာဒူး၊ ၁၀ နှစ်အရွယ် မောင်တိုင်ဗဟာဒူး (ခ) သော်ဇင်ခန့်နှင့် ၁၈ နှစ်အရွယ် ရိုဟန်တို့ သေဆုံးခဲ့ခြင်း ဖြစ်သည်။
၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သည် တရုတ်နယ်စပ်ကုန်သွယ်ရေး၏ အဓိကနေရာဖြစ်သောကြောင့် စစ်ကောင်စီက ထိုနေရာကို လက်လွှတ်ရပါက ဝင်ငွေရလမ်း များစွာထိခိုက်မည်ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က ပြောသည်။
“၁၀၅ မိုင်ကျသွားရင် စကစ သွားပြီ၊ ကုန်းကောက်စရာ မရှိတော့ဘူး။ ၁၀၅ မိုင်က လောက်ကိုင်ထက် ပိုအရေးပါတယ်။ ရှမ်းပြည်မြောက်ပိုင်းရဲ့ အသက်သွေးကြောပဲ” ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က သုံးသပ်သည်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သည် MNDAA က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားသည့် မြန်မာ-တရုတ်နယ်စပ် ကြူကုတ် (ပန်ဆိုင်း) မြို့နှင့် တစ်ဆက်တည်း တည်ရှိပြီး ၁၀၂၇ စစ်ဆင်ရေးအတွင်း နောက်ထပ် နယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခုကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။
လောင်းကစားဝိုင်းအများအပြားနှင့် တရုတ်နိုင်ငံက နှိမ်နင်းနေသော ကျားဖြန့်လုပ်ငန်း တည်ရှိနေသည့် မူဆယ်မြို့သည် ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထိန်းချုပ်မည့် နယ်မြေတွင် ပါဝင်နေကြောင်း TNLA နှင့် နီးစပ်သူများထံမှ သိရသည်။
မူဆယ်မြို့နှင့်ကပ်လျက် မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့တွင်လည်း လက်ကျန် စခန်းသစ်စခန်းကုန်းကို TNLA က ရက်ပေါင်း ၂၀ ကျော်ကြာ စီးနင်းတိုက်ခိုက်နေပြီး စစ်တပ်ကလည်း လေကြောင်းမှ နေ့စဉ်ရက်ဆက် ပြန်လည်ခုခံနေသည်။