သတင်း

ရခိုင်ပြည်နယ် NLD အမတ်လောင်းသုံးဦး လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးမှုခံရ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို ယနေ့ (အောက်တိုဘာ ၁၄) နံနက် ၁၀ နာရီကျော်ခန့်တွင် အမည်မသိလက်နက်ကိုင် ၁၀ ဦးခန့်က ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က ပြောသည်။

တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့သည် ယနေ့ နံနက်ပိုင်းတွင် တောင်ကုတ်မြို့နှင့် ၁၅ မိုင်ခန့် ဝေးကွာသည့် ဖောင်းကားကျေးရွာသို့ သွားရောက်မဲဆွယ်ပြီး ပါတီဝင်တစ်ဦး၏ အိမ်တွင် ထမင်းစားနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဦးတင်သိန်းအောင်က Myanmar Now ကိုပြောသည်။

“ဖောင်းကားရွာမှာ သူတို့မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့အချိန်ပေါ့။ ထမင်းစားနေတဲ့ကာလမှာ လက်နက်ကိုင်အဖွဲ့က လာပြီးတော့ ဖမ်းခေါ်သွားတယ်။ ဘယ်အဖွဲ့အစည်းက ဖမ်းခေါ်သွားတာလဲဆိုတာ မသိသေးဘူးဗျ” ဟု ၎င်းက ဆိုသည်။

NLD ကိုယ်စားလှယ်လောင်းသုံးဦးကို အမည်မသိလက်နက်ကိုင်များက စက်လှေဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားခြင်းဖြစ်သည်ကိုမူ မသိရှိကြောင်း ဖောင်းကားကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မင်းသန်းက Myanmar Now ကို ပြောသည်။ 

“ကျနော်တို့ အတိအကျမသိဘူး။ ဘာဖြစ်လို့ခေါ်လဲ၊ ဘာရည်ရွယ်ချက်နဲ့ ခေါ်သွားလဲဆိုတာ၊ ဘယ်အဖွဲ့အစည်းက ခေါ်သွားလဲဆိုတာ မသိဘူး။ ကျနော်တို့ရွာမှာ လက်နက်ကိုင်အဖွဲ့အစည်းဆိုတာ မြင်တောင်မမြင်ဖူးပါ။ သူတို့ ဘယ်ဘက်က လာတာလဲဆိုတာကိုလည်း မသိဘူး။ ဒါပေမယ့် သူတို့မောင်းသွားတာက ရွာရဲ့ အနောက်ဘက်က ကလိန်တောင်မြစ်ဘက်ကို မောင်းသွားပါတယ်။ စက်လှေက ကမ်းစပ်နားမှာ ကပ်ထားပြီးတော့ မောင်းသွားတာ” ဟု ၎င်းက ပြောသည်။ 

ဦးမင်းအောင်သည် မဲဆွဲစည်းရုံးရေးလုပ်ရန်အတွက် အောက်တိုဘာ ၁၁ ရက်နေ့ကတည်းက တောင်ကုတ်မြို့နယ်နေအိမ်မှ ထွက်သွားခြင်းဖြစ်ပြီး၊ ယနေ့မနက် ၁၀ နာရီခွဲခန့်တွင် ဖမ်းဆီးခံရခြင်းဟု ကြားသိရခြင်းဖြစ်ကြောင်း ၎င်း၏ဇနီး ဒေါ်မြဝတ်ရည်က ပြောသည်။

“ကျွန်မအမျိုးသားက  ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ လွှတ်တော်ကနေပြီး ပြည်သူရဲ့လိုအပ်ချက်တွေကို တောင်းပေးနေတာ၊ အကျိုးပြုလုပ်ငန်းတွေလုပ်နေတာပါ။ ကျွန်မကြားတာက သူ့ကို ရိုက်နှက်ပြီး၊ ကြိုးတုပ်ပြီး ခေါ်သွားတယ်ပြောတယ်။ အဲဒီလိုမျိုးကတော့ လုံးဝမဖြစ်သင့်ပါဘူး” ဒေါ်မြဝတ်ရည်က ပြောသည်။

ဖမ်းဆီးသွားသည့် လက်နက်ကိုင်အဖွဲ့သည် တပ်မတော်နှင့် တိုက်ပွဲများဖြစ်နေသော ရက္ခိုင့်တပ်တော်(AA) ဟု စွပ်စွဲနေမှုများရှိပြီး၊ ထိုကိစ္စနှင့်ပတ်သက်၍ AA တာဝန်ရှိသူများအား အတည်ပြုမေးမြန်းရန် ကြိုးစားခဲ့သော်လည်း ယခုအချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဦးမင်းအောင်သည် ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်ကာ လက်ရှိလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဒေါ်နီနီမေမြင့်သည်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို မသိရှိရသေးကြောင်းနှင့် ၎င်းတို့ပြန်လည်လွတ်မြောက်လာစေရန် တောင်ကုတ်မြို့မရဲစခန်းသို့ တိုင်ကြားထားပြီး ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေနေကြသည်ဟုလည်း ဦးတင်သိန်းအောင်က ဆက်လက်ပြောသည်။

“ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို စည်းရုံးရေးဆင်းတဲ့ကာလမှာ ခြိမ်းခြောက်ပြီးတော့ တစ်မျိုး၊ အခုလို ကိုယ်ထိလက်ရောက် ခေါ်သွားတဲ့အပိုင်းကျတော့ လုံးဝမလုပ်သင့်တဲ့ကိစ္စပဲ။ ဒါတွေကိုတော့ ကျနော်တို့လက်မခံဘူး”ဟု ၎င်းက ပြောသည်။ 

လွှတ်တော်ကိုယ်စားလှယ်များသည် လာမည့် နိုဝင်ဘာ ၈ တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန်အတွက် အပြင်းအထန်ကြိုးစားနေကြပြီး၊ ယခုကဲ့သို့ ဖမ်းဆီးသွားခြင်းကြောင့် ကျန်လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ဝန်းရံသူများအတွက် စိုးရိမ်မိသည်ဟု ဦးတင်သိန်းအောင်က ပြောသည်။

NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က လွှတ်တော်အမတ်လောင်းသုံးဦး ဖမ်းဆီးခံရမှုကို အတည်ပြုပြီး ဖမ်းဆီးခံရသူ သုံးဦးလုံးကို ရမ်းဗြဲကျွန်းဘက်သို့ စက်လှေဖြင့် ခေါ်ဆောင်သွားသည်ဟု သတင်းရထားသည်ဟု ၎င်းကပြောသည်။

မည်သည့်အဖွဲ့က ဖမ်းဆီးသွားသည်ကို အတိအကျမပြောနိုင်သေးသော်လည်း ရက္ခိုင့်တပ်တော်AA ဖြစ်နိုင်သည်ဟု မှန်းဆ၍ ပြောနိုင်ကြောင်း ၎င်းကဆိုသည်။

တရားဝင်မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ ကိုယ်စားလှယ်လောင်းတွေကို အခုလို အကြမ်းဖက်ခေါ်ဆောင်သွားခြင်းက ပြည်သူလူထုရဲ့ယုံကြည်မှု ကျဆင်းစေနိုင်တယ်။ နောက်ပြီး တိုင်းရင်းသားအ‌ရေးနဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးကို အထောက်အကူမဖြစ်နိုင်ဘူး။ အမြန်ဆုံးကျန်းကျန်းမာမာနဲ့ ပြန်လွှတ်ဖို့ ကျွန်တော်တို့တောင်းဆိုပါတယ်ဟုဒေါက်တာမျိုးညွန့်က ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းနှင့် ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးလည်းဖြစ် NLD တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ်သည့် ဦးဝင်းမြင့်တို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

Show More

Related Articles

Back to top button