သတင်း

ဒေါ်အောင်ဆန်းစုကြည် ထောင်ဝင်စာတွေ့ခွင့် ဆက်လက်ကန့်သတ်ခံနေရ

သုံးနှစ်ကျော်ကြာ ပိတ်ပင်ထားသည့် ထောင်ဝင်စာတွေ့ဆုံခွင့်ကို အောက်တိုဘာ ၂၄ မှစတင်ပြီး စစ်ကောင်စီက ပြန်လည်ခွင့်ပြုခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုမူ ဆက်လက် ကန့်သတ်ထားသည်။

မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကိုပင် မသိရှိရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် သူ၏ရှေ့နေအဖွဲ့နှင့် သားဖြစ်သူ ကိုထိန်လင်းတို့၏ တောင်းဆိုထားမှုကိုလည်း စစ်ကောင်စီက အကြောင်းမပြန်ဘဲ နှုတ်ဆိတ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ရှေ့နေအဖွဲ့ နောက်ဆုံးတွေ့ဆုံခဲ့သည်က ၂၀၂၂ ဒီဇင်ဘာလက ဖြစ်သည်။

စစ်ကောင်စီ ကြံဖန် စွဲချက်တင်ထားသည့် အမှုများအနက် ၈ မှု အတွက် အထူးအယူခံကြားနာမှုကို နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ယနေ့ (ဒီဇင်ဘာ ၄) နှင့် မနက်ဖြန်တွင် ကြားနာရန်ရှိသော်လည်း ရှေ့နေများက သွားရောက်တွေ့ဆုံခွင့် မရသေးကြောင်း စုံစမ်းသိရှိရသည်။

“ခုက ဥပဒေအခွင့်အရေးကို မပေးတာလေ၊ ရှေ့နေ၊ မိသားစုနဲ့ တွေ့ခွင့် ပေးကိုပေးရမယ်။ ခုက မပေးတာလေ။ အမှုတွေပြီးသွားရင် အန်တီ (ဒေါ်အောင်ဆန်းစုကြည်) နဲ့ တွေ့ခွင့်က မိသားစုကလွဲရင် အခွင့်အလမ်းမရှိတော့ဘူး” ဟု ရှေ့နေအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခ) Dannian Kim Arundel Aris က သူ၏မိခင်နှင့် တွေ့ခွင့်ရရန် လန်ဒန်မြို့ မြန်မာသံရုံး၊ ဗြိတိသျှနိုင်ငံခြားရေးရုံး၊ နိုင်ငံတကာကြက်ခြေနီအသင်းတို့ထံ စာပို့ပြီးတောင်းဆိုထားသည်ဟု နိုဝင်ဘာ ၁ ရက်နေ့က Myanmar Now ကို စာရေးသားဖြေကြားထားသည်။

အာဏာသိမ်းစ ၂၀၂၁ ဖေဖော်ဝါရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ဆန္ဒပြနေသည့် ပြည်သူများ။ ဓာတ်ပုံ – Myanmar Now

စစ်ကောင်စီ ပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူက တွေ့ခွင့်တောင်းလျှင် စဉ်းစားမည်ဟု အောက်တိုဘာလကုန်တွင် VOA သတင်းဌာနကို ပြောထားသော်လည်း ယနေ့အချိန်အထိ တွေ့ဆုံခွင့်မပေးသေးပေ။

လူချင်းတွေ့ဆုံခွင့် ကန့်သတ်ခံထားရသော်လည်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အတွက် ဆေးဝါး၊ စာအုပ်နှင့် အသုံးဆောင်ပစ္စည်းကို အပတ်စဉ် တနင်္လာနေ့တိုင်း နေပြည်တော်အချုပ်ထောင်သို့ ပို့ဆောင်ခွင့်ပြုထားသည်။ ဒေါ်အောင်ဆန်းစုကြည် မှာယူသည့် ဆေးဝါးများကို လေ့လာပြီး ကျန်းမာရေးကောင်းမွန်သည်ဟု ယူဆ၍ရနိုင်ကြောင်း ရှေ့နေအဖွဲ့နှင့် နီးစပ်သူက ပြောသည်။

NLD ဥက္ကဋ္ဌလည်းဖြစ်၊ အစိုးရအဖွဲ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းခဲ့ပြီး အမှု ၁၉ မှု ဆင်ကာ ထောင် ၃၃ နှစ် အမိန့်ချထားသည်။

စွပ်စွဲခံအမှုများအနက် အဂတိအမှု ၆ မှု၊ ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က)၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေအမှု၊ စုစုပေါင်း ၈ မှုအတွက် ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်နေ့တွင် နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ အထူးအယူခံ ကြားနာရန် ရှိနေသည်။

ကျန်လက်ကျန် ၁၁ မှု၏ အထူးအယူခံများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချထားကြောင်း ရှေ့နေအဖွဲ့နှင့် နီးစပ်သူက ဆိုသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဇူလိုင် ၂၆ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုအတွင်း တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကားချပ်။ ဓာတ်ပုံ – EPA

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်တွင် ဖမ်းဆီးထားရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းလိုက်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေပြည်တော်တွင် ဖမ်းဆီးတရားစွဲခံထားရသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူ၊ နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦးတို့ကိုလည်း ၎င်းတို့၏မိသားစုများက ထောင်ဝင်စာတွေ့ခွင့် မရရှိသေးပေ။

၎င်းတို့အပြင် NLD တိုင်း၊ ပြည်နယ်ဝန်ကြီးချုပ်များကိုလည်း စစ်ကောင်စီက မိသားစုနှင့် တွေ့ခွင့်မပြုသေးကြောင်း စုံစမ်းသိရှိထားရသည်။

တောင်ငူထောင်တွင် ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုမူ ဇနီးဖြစ်သူက အောက်တိုဘာလကုန်ပိုင်းက တွေ့ဆုံခဲ့သည်။

Show More

Related Articles

Back to top button