
ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ- တရုတ်နယ်စပ်အနီးရှိ မူဆယ်မြို့ပတ်ချာလည်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ၍ ပိတ်မိနေသူတချို့ကို ကယ်ထုတ်နိုင်သော်လည်း အရပ်သားရုပ်အလောင်းများ မကောက်ယူနိုင်သေးဟု ဒေသခံ လူမှုကယ်ဆယ်ရေးသမားများက ပြောသည်။
ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့သည် “၁၀၂၇ စစ်ဆင်ရေး” အစိတ်အပိုင်းအဖြစ် နိုဝင်ဘာ ၂၆ ရက်မှစတင်၍ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
နယ်စပ်စည်းမျဉ်းပေါ်ရှိ မူဆယ်မြို့နှင့် အရှေ့ဘက် ၆ မိုင်ခန့် အကွာမှ ကုန်သွယ်ရေးဇုန်အကြားအထိ တိုက်ပွဲဖြစ်နေကာ စစ်ကောင်စီဘက်က လေကြောင်းသာမက လက်နက်ကြီးပစ်ကူများဖြင့်ပါ တုံ့ပြန်နေသည်ဟု သိရသည်။
မူဆယ်မြို့အထွက် အေးရှားဝေါဂိတ်တွင် စစ်တပ်က ပိတ်ဆို့နေရာယူထားပြီး ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ဘက်သို့ သွားရာလမ်းရှိ တုန်ခန်ကျေးရွာအနီး ပစ်ခတ်မှုများရှိ၍ ဝင်မရဖြစ်နေသည်ဟု မူဆယ်အခြေ စိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ယနေ့ (ဒီဇင်ဘာ ၄) ပြောသည်။
“သေဆုံးထားတဲ့သူတွေရှိတယ်။ အဲ့ဒါတွေကို ကောက်ဖို့ စီစဉ်တာကို ကောက်လို့လည်း မရဘူး။ သွားလို့လည်း မရဘူး။ မိုင်းယု ၁၀၅ မိုင် တစ်ကြောလုံးပဲလေ။ အဲ့ဒီပတ်ချာလည်မှာ တိုက်ပွဲတွေဖြစ်ပြီးတော့ ထိခိုက်ဒဏ်ရာရထားတဲ့သူတွေ၊ သေဆုံးထားတဲ့ အလောင်းတွေရှိနေတယ်” ဟု ၎င်းက ပြောသည်။
ရုပ်အလောင်းမည်မျှရှိမည်ကို အတိအကျ မသိရသော်လည်း တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှု များနေကာ ဒီဇင်ဘာ ၂ ရက်နေ့ ညနေပိုင်းက အေးရှားဝေါတိုးဂိတ်တိုက်ခိုက်ခံရစဉ် အနီးရှိ နေအိမ်မှ လေးလအရွယ် ကလေးငယ်တစ်ဦး သေဆုံးကာ မိခင်ဖြစ်သူ ဒဏ်ရာရသည်ဟု သိရသည်။
“တိုက်ပွဲက မြို့ပတ်ချာလည်မှာ ဖြစ်နေပြီဗျ။ ဒီနေ့မနက်လည်း ပစ်ခတ်နေတယ်။ နေ့တိုင်းလိုလို ဖြစ်နေတယ်။ ကျွန်တော်တို့ဆိုရင် ဒီနေ့ဆိုရင် ၃ ရက်မြောက်ပေါ့။ စစ်ဘေးရှောင်ဖို့အတွက် သွားပြီး ကူညီတယ်။ သွားကူတော့ လမ်းတွေ ပိတ်ထားတယ်။ ကူလို့မရဘူး” ဟု အထက်ပါ အမျိုးသားက ဆိုသည်။
၁၀၅ မိုင်အနီး ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့ကုန်တင် ကားဝင်းအတွင်း မကောက်ယူနိုင်သေးသည့် ရုပ်အလောင်း ၂၇ လောင်းရှိနေသည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ရွှေဖီမြေသတင်းဌာနက ယနေ့ ရေးသားသည်။ သီးခြား အတည်မပြုနိုင်ပေ။
နိုဝင်ဘာလကုန်ပိုင်းက တိုက်ပွဲပြင်းထန်ရာ နေရာတချို့ကို ဝင်ရောက်၍ ဒဏ်ရာရသူများနှင့် ပိတ်မိနေသူများကို ကယ်ထုတ်ခဲ့သော အထက်ပါ လူမှုကူညီကယ်ဆယ်ရေးသမားကမူ ကားလမ်းဘေးနှင့် ကျေးရွာများအပြင်ဘက်တွင် မကောက်ယူနိုင်သေးသည့် ရုပ်အလောင်း ၅ လောင်းခန့် ရှိသည်ဟု ဆိုသည်။
မူဆယ်မြို့အနီးဖြစ်နေသော တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီက နေ့စဉ် သတင်းထုတ်ပြန်သော်လည်း အရပ်သားထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ ဖော်ပြခြင်း မရှိပေ။
တိုက်ပွဲအတွင်း ပိတ်မိနေ၍ လာရောက်ကယ်ထုတ်ရန် အကူအညီတောင်းသူများရှိနေပြီး စစ်တပ်၏ ခွင့်ပြုချက်ရမှသာ ဝင်ရောက်နိုင်သဖြင့် ခက်ခက်ခဲခဲကယ်ထုတ်နေရပြီး တိုက်ပွဲအတွင်း ပရဟိတကားများ ပစ်ခတ်ခံရသည်လည်းရှိသည်ဟု မူဆယ်အခြေစိုက် ပရဟိတအဖွဲ့များထံမှ သိရသည်။
မူဆယ်မြို့တွင် စစ်ရှောင်ဦးရေ ၁,၀၀၀ ကျော် ရောက်နေပြီး ကချင်ဘုရားကျောင်း၊ နမ့်ခုံဘုန်းကြီးကျောင်းနှင့် တောင်ရပ်ကွက် ရှမ်းလူမှုကယ်ဆယ်ရေးအသင်းတို့တွင် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း မြို့ခံကူညီကယ်ဆယ်ရေးသမား နောက်တစ်ဦးက ပြောသည်။
တိုက်ပွဲပတ်ချာလည်ဖြစ်နေသည့် မူဆယ်မြို့တွင် စစ်ကောင်စီက “ညမထွက်ရအမိန့်“ ထုတ်ပြန်ထားပြီး ငွေကြေးတတ်နိုင်သူနှင့် အဆက်သွယ်ရှိသူများက နယ်နမိတ်ချင်း ထိဆက်နေသည့် တရုတ်နိုင်ငံ ရွှေလီနှင့် ကျယ်ဂေါင်မြို့များသို့ သွားရောက်ကာ စစ်ရှောင်နေသည်ဟု သိရသည်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ကျင်စန်းကျော့ စစ်တပ်စခန်းနှင့် လုံခန်းတပ်စခန်းကုန်းအပါဝင် လားရှိုး- မူဆယ်လမ်းတစ်လျှောက် အခြားစစ်စခန်းများကို TNLA နှင့် မဟာမိတ်တပ်များက တိုက်ခိုက် သိမ်းပိုက်နေသည်။
“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် စစ်ရေးအရှိန်မြင့်လာရာ စစ်ကောင်စီက မြို့ရွာများကို ဦးတည်တိုက်ခိုက်နေကာ နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၃ ရက်အထိ သီပေါ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ လာရှိုးနှင့် ကျောက်မဲမြို့တို့တွင် ကလေးငယ်များအပါဝင် အရပ်သား၂၅ ဦး သေဆုံးပြီး ၅၅ ဦး ထိခိုက်ဒဏ်ရာရသည်ဟု တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။