
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးတွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား သတင်းတစ်ပတ်နီးပါးကြာ ဖြစ်ပွားနေသည့် ပြင်းထန်သောတိုက်ပွဲများကြောင့် မူဆယ်မြို့ပေါ်သို့ စစ်ဘေးရှောင် ၁,၀၀၀ ကျော် ရောက်လာကြောင်း ဒေသခံကယ်ဆယ်ရေးသမားများက ပြောသည်။
ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရက္ခိုင့်တပ်တော် AA ညီနောင်မဟာမိတ်သုံးဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် နိုဝင်ဘာ ၂၆ မှစတင်ကာ တရုတ်နှင့် ကုန်သွယ်ရေးတွင် အဓိကကျသည့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။
နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှုများလည်းရှိပြီး တိုက်ပွဲပြင်းထန်နေသည့် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီး ပိတ်မိနေသူများကို မူဆယ်မြို့ ပရဟိတအဖွဲ့များက နိုဝင်ဘာ ၂၉ နှင့် ၃၀ ရက်တို့တွင် လူပေါင်း ၆၀၀ ကျော်ကို သွားရောက်ခေါ်ထုတ်ခဲ့ရကြောင်း မူဆယ်အခြေစိုက် လူမှုကူညီရေးအဖွဲ့မှ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။
“လောလောဆယ်ကတော့ လူမှုကူညီရေးအသင်းတွေက ဝိုင်းဝန်းပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် မူဆယ်မြို့အနေနဲ့ စစ်ရှောင်တွေအတွက်က အတတ်နိုင်ဆုံး ဝိုင်းကူနေတာလေ။ လောလောဆယ် အခက်အခဲတော့ မရှိသေးဘူး” ဟု သူက ပြောသည်။

စစ်ရှောင်များကို မူဆယ်မြို့ ကချင်ဘုရားကျောင်း၊ နမ့်ခုံဘုန်းကြီးကျောင်းနှင့် တောင်ရပ်ကွက် ရှမ်းလူမှုကယ်ဆယ်ရေးအသင်းတို့တွင် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ၎င်းက ဆိုသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ မူဆယ်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် ၉ ခု၊ ကျေးရွာအုပ်စု ၁၆ ခုတွင် စုစုပေါင်း လူဦးရေ ၁၁၇,၅၀၇ နေထိုင်ကြောင်း ဖော်ပြထားသည်။ ရှမ်း၊ ကချင်၊ ဗမာ၊ ပလောင်၊ အခြားတိုင်းရင်းသားနှင့် နိုင်ငံခြားသားများနေထိုင်သည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းများတွင် တွေ့ရသည်။
မူဆယ်မြို့ပေါ်တွင် စစ်ရှောင်များကို လက်ခံနိုင်သည့် နေရာအားလုံးပြည့်သွားသော်လည်း တိုက်ပွဲများအတွင်း ပိတ်မိနေ၍ ခေါ်ထုတ်ပေးရန် ဆက်သွယ်သူများစွာရှိနေကြောင်း နောက်ထပ်မူဆယ်မြို့ခံ အမည်မဖော်လိုသူ အများသားတစ်ဦးက ဒီဇင်ဘာ ၁ ရက်နေ့က ပြောသည်။
“၁၀၅ မိုင်ကနေ ဖုန်းလိုင်းရတဲ့နေရာအထိ ထွက်လာတယ်။ တချို့လည်း တောင်အပေါ်ထိ တက်ပြီးတော့ မနေ့ညကလည်း အကူအညီတောင်းနေတယ်။ သူတို့အုပ်စုတွေကို ကူပေးပါ၊ ကယ်ပေးပါဆိုပြီး ပြောတယ်။ ထပ်သယ်ဖို့လည်း ရှိသေးတယ်” ဟု ၎င်းက ဆိုသည်။
သို့သော် တိုက်ပွဲဧရိယာအတွင်းသို့ ခွင့်ပြုချက်ရမှသာ ဝင်ရောက်နိုင်၍ ပိတ်မိနေသူများကို ခက်ခက်ခဲခဲ ကယ်ထုတ်ရပြီး နိုဝင်ဘာ ၃၀ က ၁၀၅ မိုင်တွင် မူဆယ်အခြေစိုက် နှလုံးလှပရဟိတအသင်း၏ မော်တော်ယာဉ်တစ်စီး ပစ်ခတ်ခံရသလို အသက် ၂၆ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးလည်း ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။

မူဆယ်မြို့ပေါ်တွင် တိုက်ပွဲငြိမ်နေပြီး ပုံမှန်လှုပ်ရှားသွားလာမှုရှိသော်လည်း မြို့နှင့်အနီးဆုံးနေရာများတွင် တိုက်ပွဲများပြင်းထန်နေသည်။ စစ်ကောင်စီတပ်၏ တိုက်လေယာဉ်သုံးစီး မကြာခဏပျံဝဲနေသလို လက်နက်ကြီးဖြင့် ပစ်ခတ်သံအဆက်မပြတ်ကြားနေရကြောင်း မြို့ခံများက ပြောသည်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ကျင်စန်းကျော့ စစ်တပ်စခန်းနှင့် လုံခန်းတပ်စခန်းကုန်းအပါအဝင် အခြားစစ်စခန်းများကို တအာင်းတပ် (TNLA) နှင့် မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၁၀၅ မိုင် စစ်တပ်ဗျူဟာကုန်းကို သိမ်းပိုက်ရန် နိုဝင်ဘာ ၂၆ ကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ထိုစစ်ဗျူဟာကုန်းမကျစေရန် အာဏာသိမ်းစစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် တုံ့ပြန်တိုက်ခိုက်နေရာ တိုက်ပွဲတွင်းပိတ်မိသူများရှိနေသလို အရပ်သားများသေဆုံးမှုရှိကြောင်း ၎င်းက ဆိုသည်။
၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရပြီး အနောက်ဘက် ၆ မိုင်ဝန်းကျင်သာ ဝေးသည့် မူဆယ်မြို့ပေါ်တွင် ဆက်သွယ်၍ရသေးသည်။ ည ၆ နာရီမှ မနက် ၆ နာရီအတွင်း မြို့ပေါ်တွင် ညမထွက်ရအမိန့်ထုတ်ထားသည်ဟု ဒေသခံများက ဆိုသည်။
ဆန်ဝယ်ရ ခက်လာပြီး စစ်မဖြစ်ခင် ပေါ်ဆန်းမွှေးတစ်အိတ်ကို ကျပ် ၁၆၀,၀၀၀ ရှိရာမှ ကျပ် ၂၀၀,၀၀၀ ရှိလာသည်။ မူဆယ်မြို့ဆန်ကုန်သည်အသင်းက ဆန်များထုတ်ရောင်းသော်လည်း အချိန်တိုအတွင်း ကုန်သွားသည်ဟု ဆိုသည်။
မြို့ပေါ်တွင် လက်တလောတိုက်ပွဲမရှိသေးသော်လည်း ငွေကြေးတတ်နိုင်သူနှင့်၊ အဆက်သွယ်ရှိသူတို့က နယ်နိမိတ်ချင်း ကပ်နေသည့် တရုတ်နိုင်ငံ ရွှေလီနှင့် ကျယ်ဂေါင်မြို့သို့ သွားရောက်စစ်ရှောင်နေကြောင်း မူဆယ်ဒေသခံတို့ထံမှ သိရသည်။
မြောက်ပိုင်းမဟာမိတ်များက စစ်တပ်စခန်းတစ်ခုပြီးတစ်ခုကို တိုက်ခိုက်သိမ်းပိုက်နေရာ မူဆယ်နှင့် လားရှိုးလမ်းပေါ်ရှိ အချက်ချာကျသည့် နမ့်ပေါ်တံတားစခန်းကုန်းတစ်ခုကို ဒီဇင်ဘာ ၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
လက်ရှိအပြင်းအထန်တိုက်ခိုက်နေသည့် ၁၀၅ မိုင်ဗျူဟာကုန်းရပြီးလျှင် မူဆယ်မြို့ကို ဆက်လက် သိမ်းပိုက်နိုင်ခြေရှိကြောင်း ဒေသခံများက ခန့်မှန်းသည်။ မူဆယ်မြို့ပေါ် စုပေါင်းရုံး၊ ရဲစခန်းနှင့် ခရိုင်အားကစားကွင်း နေရာတို့တွင် စစ်ကောင်စီတပ်က အခိုင်အမာခံစစ်ပြင်ထားသည်ဟုလည်း သိရသည်။