
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီး တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက်သတ္တပတ်နီးပါး တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ယမန်နေ့ (နိုဝင်ဘာ ၂၇) တွင် ကျောက်မဲမြို့အခြေစိုက်စခန်းသို့ ပြန်ဆုတ်ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာ ၁၂ ရက်နေ့က ဖောက်ခွဲဖျက်ဆီးခံထားရသည့် သီပေါမြို့ဝင်အနီး ကျင်သီတံတားကို ပြင်ရန် စစ်အင်ဂျင်နီယာတပ်နှင့် စစ်သားများ နိုဝင်ဘာ ၂၁ ရက် ညက ရောက်ရှိခဲ့ပြီး နောက်တစ်နေ့ နံနက်တွင် TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တံတားအနီး နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ခဲ့သည်။
ဘော်ကြိုဘုရားအနီး သီပေါမြို့အဝင်တံတားကို ပြင်ဆင်ခြင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသသို့ စစ်ကူပို့ရေးအတွက် ဖြစ်နိုင်သည်ဟု လေ့လာသူတို့က ယူဆကြသည်။
တပ်သားအင်အား ရာဂဏန်းနီးပါးနှင့် ယာဉ်များ၊ စက်ယန္တရားများ ပါဝင်သည့် အဆိုပါ လမ်းပြင်စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း ကနဦး ဆုတ်သွားသည့်နေရာမှာ ကျောက်မဲမြို့မှ လားရှိုးမြို့ဘက်သို့အထွက် အေရှားဝေါတိုးဂိတ်တွင် ဖြစ်သည်။
ကျောက်မဲမြို့အရှေ့တောင်ဘက် တစ်မိုင်ခန့်အကွာ တိုးဂိတ်တွင်ရှိသော ထိုစစ်ကြောင်းကို ယမန်နေ့ ညနေ ၅ နာရီခန့်တွင် TNLA က သွားရောက်တိုက်ခိုက်ရာ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်၊ ထို့နောက် စစ်ကောင်စီတပ်က နောင်ချိုဘက်မှ ကျောက်မဲမြို့အဝင်ရှိ ခြေမြန်တပ်ရင်း အမှတ် (၅၀၂) တပ်စခန်းဝင်းအထိ ပြန်တပ်ဆုတ်ခဲ့ကြောင်း ကျောက်မဲမြို့ခံများက ဆိုသည်။
“ကျင်သီကနေ ပြေးလာတဲ့ စကစတပ်တွေပဲလေ။ တိုးဂိတ်မှာလည်း TNLA ဘက်က ပြန်တိုက်တော့ ကျောက်မဲထဲကို လမ်းလျှောက်ပြေးလာရတယ်။ သူတို့ သီပေါဘက် ထွက်သွားတုန်းက ပါသွားတဲ့ တင့်ကားရော၊ စစ်ကားတွေရော မပါလာတော့ဘူး” ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးက ယနေ့ နံနက်က ပြောသည်။
မြို့ထိပ်တစ်ဖက်စီတွင် ရှိသော တိုးဂိတ်မှ ကျောက်မဲအခြေစိုက် ခမရ ၅၀၂ သည် ၄ မိုင်ခန့် ကွာဝေးကြောင်း သိရသည်။
တံတားပြင်ဆင်မှုရာခိုင်နှုန်း မည်မျှ ပြီးစီးသွားသည်ကို မသိရသေးပေ။
တိုက်ပွဲဖြစ်ပွားမှုအပြီး ည ၇ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာ မြို့အထွက် တိုးဂိတ်အဆောက်အအုံ၊ ဂိတ်အနီးရှိ ကုန်ကား ၃ စီး၊ ပန့်စက်သုံးဆီဆိုင် တစ်ဆိုင်တို့ မီးလောင်ပျက်စီးခဲ့သည်ဟု ထိုအမျိုးသားက ဆိုသည်။
လေကြောင်းတိုက်ခိုက်မှု မတိုင်ခင်ကတည်းက ဒေသခံအရပ်သားများက မြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများသို့ ကြိုတင်တိမ်းရှောင်နေကြသော်လည်း မီးလောင်နေသော ဆီဆိုင်အနီး အမျိုးသား၊ အမျိုးသမီး ခွဲခြားမရသော မီးသင့်အလောင်း ၄ လောင်း တွေ့ရှိခဲ့ရကြောင်း ဒေသအခြေစိုက် နမ့်ခုံးရှမ်းများပရဟိတအသင်း (ကျောက်မဲအသင်းခွဲ) ထံမှ သိရသည်။

တိုက်ပွဲများကြောင့် ယနေ့ နံနက်အစောပိုင်းမှစ၍ ကျောက်မဲမြို့ပေါ်တွင် အသွားအလာ နည်းပါးနေသည်၊ မနက်ခင်းစျေးနှင့် မြို့မစျေးတို့တွင်လည်း ဆိုင်ခန်းထက်ဝက်ခန့်သာ ဖွင့်လှစ်ကြသည်ဟု မြို့ခံများက ဆိုသည်။
ယခုဆန်းပိုင်းကတည်းက ကျောက်မဲမြို့အနီး TNLA ဝင်ရောက်လာသည့်သတင်းများကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာရုံးဝန်ထမ်းများသည် ကျောက်မဲမြို့၊ ခမရ ၅၀၂ တပ်စခန်းအတွင်းသို့ တိမ်းရှောင်နေထိုင်နေကြသည်မှာ လက်ရှိအချိန်အထိဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်က ကျောက်မဲမြို့ပေါ်ကို ရောက်ရှိလာသည့် အစီး ၅၀ ပါ စစ်ယာဉ်တန်းသည် ၅၀၂ တပ်ဝင်းအတွင်း ရပ်နားထားရသည်၊ “၁၀၂၇ စစ်ဆင်ရေး” ၏ ရှမ်းမြောက်တိုက်ပွဲများကို ရင်ဆိုင်နေရသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ဘက်သို့ သွားမည့် ယာဉ်တန်းဖြစ်နိုင်သည်ဟု လေ့လာသူတို့က ဆိုသည်။
ထိုစစ်ကြောင်းများ ရှေ့ဆက်မတက်နိုင်ရန် TNLA က ပိတ်ဆို့တိုက်ခိုက်နေရာ ရက်သတ္တပတ်နီးပါး ရှိလာပြီ ဖြစ်သည်။
TNLA က ကျောက်မဲမြို့နယ် အေရှားဝေါတိုးဂိတ်အနီး ယမန်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း အခြေအနေအသေးစိတ် မဖော်ပြထားပေ။
TNLA ပြောရေးဆိုခွင့်ရှိသူနှင့် အဆက်အသွယ်ရရှိရန် Myanmar Now က ကြိုးစားဆက်သွယ်နေဆဲ ဖြစ်သည်။
အလားတူ ယမန်နေ့တစ်ရက်အတွင်း ကျောက်မဲမြို့နယ်တွင် နားခေါ်၊ ကောင်းမူးလိန်ကျေးရွာအနီး နံနက် ၇ နာရီခန့်က စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေနတ် ၁ လက်၊ စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့သလို မန်စံတပ်စခန်းကိုလည်း ည ၁၀ နာရီခန့်တွင် ဝင်ရောက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်ရေး အစောပိုင်းကတည်းက နောင်ချိုမြို့နှင့် ဂုတ်တွင်းတံတားကို TNLA, MDY-PDF ပူးပေါင်းတပ်များက ထိန်းချုပ်လိုက်သည်၊ ရှမ်းမြောက်ကို အင်အားဖြည့်တင်းရန် ပြင်ဦးလွင်မြို့ဘက်မှ လာသည့် စစ်ကောင်စီယာဉ်တန်းသည် လမ်းကြောင်းတစ်လျှောက် ပိတ်ဆို့တိုက်ခိုက်ခံနေရသောကြောင့် ကျောက်မဲမြို့ပေါ်တွင် ၁ လကြာ သောင်တင်နေသည်။
နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း ကျောက်မဲမြို့ရှိ အမှတ် ၅၀၂ ခြေမြန်တပ်ရင်းကို TNLA က ဝင်ရောက် တိုက်ခိုက်ခဲ့သေးသည်။
ယမန်နေ့က TNLA နှင့် စစ်တပ် ၈ နေရာထက်မနည်း တိုက်ပွဲများဖြစ်ပွားရာ ထိုအထဲတွင် မူဆယ်နှင့် လားရှိုး၊ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တိုက်ပွဲများလည်း ပါဝင်သည်။
မူဆယ်မြို့နယ်နှင့် လားရှိုးမြို့နယ်အတွင်း လေကြောင်းမှ တိုက်ခိုက်မှု ၄ နေရာရှိခဲ့ပြီး မူဆယ်မြို့နယ်အတွင်း မွန်းတည့်ချိန်တွင် လုံခန်ကျေးရွာနှင့် နမ့်တောင်းကျေးရွာကြား၊ မွန်းလွဲ ၂ နာရီခန့်တွင် နမ့်အွန်ကျေးရွာနှင့် ဆိုင်ခေါင်ကျေးရွာကြား ဗုံးကြဲခဲ့သည်။
အလားတူ မူဆယ်မြို့နယ် ၁၀၅ မိုင်တွင် မွန်းလွဲ ၃း၅၈ နာရီအချိန်တွင် နှစ်ကြိမ်၊ လားရှိုးမြို့နယ် ဟိုဟက်ကျေးရွာနှင့် ဟိုခိုင်ကျေးရွာကြားတွင် ညနေ ၄း၀၅ နာရီအချိန်တွင် ၄ ကြိမ် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TNLA ဘက်က ဆိုသည်။
မူဆယ်မြို့နယ်၊ ၁၀၅ မိုင်အနီးတိုက်ပွဲများတွင် ဒေသခံ ၂ ဦး သေဆုံးပြီး ကားကြီးကွင်းအတွင်း အဆောက်အအုံ၊ နေအိမ် ၁ လုံးနှင့် လုံခန်ကျေးရွာတွင် နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း TNLA ၏ နိုဝင်ဘာ ၂၇ ညပိုင်း ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီကလည်း နိုဝင်ဘာ ၂၇ ညပိုင်းတွင် တိုက်ပွဲသတင်းအကျဉ်းချုပ် သတင်းထုတ်ပြန်ထားရာ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများနှင့် ပတ်သက်ပြီး အနည်းငယ် ပါဝင်သည်ကို တွေ့ရသည်။
“မနေ့ညဘက်ကတော့ မူဆယ် ၁၀၅ မိုင်ဘက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာရှိပါတယ်။ တပ်မတော်အနေနဲ့ တိကျစွာနှိမ်နင်းခဲ့တဲ့အတွက် ဒီမနက်ပိုင်းမှာတော့ အဲဒီဘက်မှာ ထိတွေ့တိုက်ပွဲ မရှိခဲ့ပါဘူး။ ရန်သူအနေနဲ့ အထိအခိုက်အကျအဆုံး များစွာရှိတယ်ဆိုတာ သိရှိရပါတယ်” ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျောက်မဲဒေသ တိုက်ခိုက်ခံရမှုအကြောင်းကိုမူ ဖော်ပြထားခြင်း မရှိပေ။