ဆောင်းပါးရွေးကောက်ပွဲ

“ပဋိပက္ခ ပလက်ဝက ခူမီးပါတီ”

ချင်းပြည်နယ်တောင်ဘက်စွန်းတွင် တည်ရှိသည့် ပလက်ဝဒေသသည် ဖွံ့ဖြိုးမှုနိမ့်ကျ၍ ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် သီးခြားပိုင်းကန့်ခံထားရသော မြို့နယ်တစ်ခုသဖွယ် ဖြစ်နေသည်။ 

ပလက်ဝသည် လက်ရှိအချိန်၌  တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ဖြစ်ပွားလျက်ရှိသည့် စစ်ပွဲပဋိပက္ခဒဏ် ခံစားနေရသည်။ သို့သော်လည်း နိုဝင်ဘာ ၈ တွင် အခြားမြို့နယ်များနည်းတူ ပလက်ဝ၌လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပသွားရန် စီစဉ်လျက်ရှိသည်။ 

ပလက်ဝမြို့နယ်တွင် မဲဆန္ဒရှင် သုံးသောင်းကျော် ရှိပြီး အမျိုးသားလွှတ်တော် ၂ နေရာ၊ ပြည်နယ်လွှတ်တော် ၂ နေရာနှင့် ပြည်သူ့လွှတ်တော် ၁ နေရာ စုစုပေါင်း  ၅ နေရာ ရှိသည်ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အဆိုပါနေရာများအတွက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းထားသည့် ပါတီ ၆ ပါတီနှင့် တစ်သီးပုဂ္ဂလတစ်ဦးတို့ ရှိသည်။ ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများတွင် ချင်းပါတီများ ပေါင်းစည်းထားသော ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီ ( USDP)၊ ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော် ယှဉ်ပြိုင်မည့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) နှင့် မတူပီအခြေစိုက် တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ (ENDP) ကဲ့သို့သော ပါတီကြီးများ ပါဝင်သည်။

၎င်းပါတီကြီးများနှင့် အကြိတ်အနယ် ပြိုင်ဆိုင်ရမည့် အင်အားအသေးဆုံးပါတီမှာ ပါတီဝင်အင်အား ၃,၀၀၀ ခန့်သာရှိသည့် ခူမီး (ခမီး) အမျိုးသားပါတီပင် ဖြစ်သည်။ 

ယင်းပါတီသည် ပလက်ဝ၏တစ်ခုတည်းသော ဒေသရင်းစွဲလူမျိုးစုပါတီ ဖြစ်ကာ ခူမီးပါတီကို ဥက္ကဋ္ဌ လုသ်ကျော်ထွန်း အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၆ ဦးတို့ဖြင့် ၂၀၁၄ တွင် တည်ထောင်ခဲ့သည်။

ခူမီးပါတီဥက္ကဋ္ဌ လုသ်ကျော်ထွန်းအား ၂၀၁၅ ခုနှစ်က ပလက်ဝ၌ တွေ့ရစဉ် (ဓာတ်ပုံ / KMG)

ခူမီးပါတီ၏ ဥက္ကဋ္ဌဖြစ်သူ လုသ်ကျော်ထွန်းသည် ၁၉၉၀ ပြည့်နှစ်တွင် NLD ပါတီ ကိုယ်စားပြုလျက် ပြည့်သူ့လွှတ်တော်နေရာအတွက် ပလက်ဝမှ အနိုင်ရခဲ့သူဖြစ်သည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သည်။ ၂၀၁၅ တွင်လည်း ၎င်းကိုယ်တိုင် တည်ထောင်သည့် ခူမီးပါတီဖြင့် ထပ်မံယှဉ်ပြိုင်ရာ တစ်ဖန် ရှုံးနိမ့်ပြန်သည်။  

ယခုနှစ် အထွေထွေရွေးကောက်ပွဲတွင်တော့ ခူမီးပါတီအနေဖြင့်  ၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး အမျိုးသားလွှတ်တော်နေရာအတွက် အမှတ် (၇) နှင့် အမှတ် (၈) မဲဆန္ဒနယ်မြေ၊ ပြည်နယ်လွှတ်တော် အမှတ် (၂) မဲဆန္ဒနယ်မြေတို့မှ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ 

အမျိုးသားလွှတ်တော် အမှတ် (၈) နေရာတွင် ပါတီဥက္ကဋ္ဌ လုသ်ကျော်ထွန်း၊ အမှတ် (၇) နေရာတွင် လုသ်ကံလင်းတို့က လည်းကောင်း၊ ပြည်နယ်လွှတ်တော် အမှတ် (၂) နေရာတွင် လုသ်အောင်ဘက လည်းကောင်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

မဲဆွယ်ကာလ စတင်နေပြီဖြစ်သော်လည်း ပလက်ဝတွင် ပါတီဥက္ကဋ္ဌသာရှိပြီး ကျန်ကိုယ်စားလှယ်လောင်း နှစ်ဦးဖြစ်သည့် လုသ်အောင်ဘနှင့် လုသ်ကံလင်းတို့မှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲနှင့် နယ်မြေ မအေးချမ်းသော အခြေအနေများကြောင့် ယနေ့အချိန်အထိ ပလက်ဝသို့ မလာနိုင်ကြသေးပေ။

ပလက်ဝဒေသတွင် ခူမီးမျိုးနွယ်စုအကြီးအကဲများသည် ၎င်းတို့၏နယ်မြေအလိုက် လွတ်လပ်စွာ အုပ်ချုပ်စီမံခဲ့ကြသည်။ အင်္ဂလိပ်တို့ဝင်ရောက်လာချိန်တွင် ခူမီးအကြီးအကဲများက ရရာလက်နက်ဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သည်။ သို့သော် အင်အားမမျှ၍ ချင်းတောင်တန်း၌ အင်္ဂလိပ်နှင့် စစ်ပြေငြိမ်းရေးစာချုပ်ကို ပထမဆုံးချုပ်ဆိုသည့် မျိုးနွယ်စုတစ်ခု ဖြစ်ခဲ့သည်။

အင်္ဂလိပ်တို့သည် ရခိုင်တောင်တန်းခရိုင်တွင် ပလက်ဝအား ထည့်သွင်းကာ ခရိုင်မြို့အဆင့်သတ်မှတ်၍ သီးခြားအုပ်ချုပ်ခဲ့သည်။ မျက်မှောက်ခေတ်တွင်မူ ပလက်ဝသည် ချင်းပြည်နယ်၊ မတူပီခရိုင်အတွင်းမှ မြို့နယ်တစ်ခုအဖြစ် တည်ရှိသည်။

ပလက်ဝ မြို့ဝင်ဆိုင်းဘုတ်အား ယခုနှစ် ဖေဖော်ဝါရီလက တွေ့ရစဉ် (ဓာတ်ပုံ / Myanmar Now) 

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ စာရင်းဇယားများအရ ပလက်ဝမြို့နယ်တစ်ခုလုံးတွင် လူဦးရေ တစ်သိန်းကျော်ရှိသည့်အနက် ကိုးသောင်းနီးပါးက ချင်းတိုင်းရင်းသား ခူမီးမျိုးနွယ်စုဝင်များ ဖြစ်သည်။  ၁၈,၀၀၀ ဦးကျော်မှာ ရခိုင်တိုင်းရင်းသားများဖြစ်ကာ အခြားတိုင်းရင်းသား၊ လူမျိုး အနည်းငယ်လည်း ရှိသည်။

ခူမီးပါတီမှ အမျိုးသားလွှတ်တော် အမှတ် (၈) နေရာ ယှဉ်ပြိုင်မည့် ပါတီဥက္ကဋ္ဌ လုသ်ကျော်ထွန်းနှင့် ဆက်သွယ်မေးမြန်းရန် Myanmar Now က ကြိုးစားခဲ့သည်။ သို့သော် အသက် ၇၅ နှစ် ရှိသည့် ၎င်းမှာ နားကြားကိရိယာ ပျက်ယွင်းနေသည်။ မတူပီနှင့် ကားလမ်းပြတ်တောက်နေ၍ နားကြားကိရိယာသစ် မှာယူထားသော်လည်း ရောက်မလာသေးကြောင်း ၎င်း၏ မိသားစုဝင်ထံမှ သိရသည်။

ခရီးလမ်း ၁၃၅ မိုင် ကွာဝေးသည့် မတူပီနှင့် ပလက်ဝကြားတွင် မြေသားလမ်းသာ ပြီးစီးသေးသည်။ ပွင့်လင်းရာသီတွင်သာ ဆွဲတတ်သည့် လိုင်းကားများက မိုးတွင်းဖြစ်၍ မပြေးဆွဲကြတော့ပေ။ မဖြစ်မနေ သွားလာကြရမည်ဆိုလျှင်လည်း ကားဖြစ်စေ၊ ဆိုင်ကယ်ဖြစ်စေ ငှားရမ်းပါက စရိတ်စက ကြီးမားသည်။

လမ်းတွင် မြေပြိုလျှင်၊ သို့မဟုတ် ကားဘီးနွံနစ်လျှင် ခရီးက ကြန့်ကြာပြန်သည်။ ဆမီးမြို့နှင့် ပလက်ဝကြား ပစ်ခတ်မှုများ ရှိလျှင်တော့ ရာသီဥတု ကောင်းကောင်းဆိုးဆိုး လမ်းက ပိတ်သွားတတ်သည်မှာလည်း သီတင်းပတ်နှင့်ချီ၍ ကြာတတ်သည်။

ပလက်ဝနှင့် ရခိုင်ပြည်နယ်ဘက်မှ ကျောက်တော်မြို့ကြားတွင်မူ ကားလမ်းက ၃၃ မိုင်သာ ဝေးပြီး ကျောက်ချောလမ်းအဆင့်အထိ ပြီးစီးနေပြီ ဖြစ်သည်။ သို့သော် စစ်ပွဲအခြေအနေများကြောင့် ၂၀၁၉ နှစ်ဆန်းပိုင်းကတည်းက အစိုးရက လုံးဝ ပိတ်ထားသည်။ ရေလမ်းကြောင်းတွင်မူ ဌာနဆိုင်ရာက တားမြစ်ခြင်းမဟုတ်သော်လည်း တိုက်ပွဲများကြောင့် မည်သည့်စက်လှေသမားမျှ မပြေးဆွဲရဲတော့သည်မှာ ရှစ်လဝန်းကျင်ရှိပြီ ဖြစ်သည်။

ယင်းအခြေအနေများကြောင့် ပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေးစသည့် အခြေခံဝန်ဆောင်မှုများမှသည် ကုန်စည်စီးဆင်းမှုအထိပါ ထိခိုက်ပြီး ဆန်၊ ဆီ၊ ဆေးဝါး၊ စက်သုံးဆီ ပြတ်လပ်ခြင်း၊ ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်ခြင်းတို့နှင့် ပလက်ဝဒေသသည် အမြဲလိုလို ရင်ဆိုင်နေရသည်။ 

ယခုနှစ်မှာ ကိုဗစ်နိုင်တင်း ကပ်ရောဂါဘေး ရှိနေသော်လည်း နိုင်ငံတစ်ဝန်းတွင် မဲဆွယ်ကာလ ဖြစ်သည့်အလျောက် နိုင်ငံရေးပါတီများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တီထွင်ကြံဆလျက် စည်းရုံးရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေကြပြီ ဖြစ်သည်။

ပလက်ဝဒေသမှာတော့ ကိုဗစ်နိုင်တင်း ရောဂန္တရကပ်ဘေး ရတက်မအေးကြသေးချိန် စစ်ဘေးပဋိပက္ခ အရှိန်ကလည်း မပြေသေးပြန်ရာ ဘူးလေးရာဖရုံဆင့်နေသည့်အခြေအနေတွင် ရွေးကောက်ပွဲအတွက် ဘာမျှလှုပ်လှုပ်ရှားရှား မရှိသေးဟု ဒေသခံများက ဆိုသည်။

“ပလက်ဝဒေသအတွက် လောလောဆယ် အဓိကလိုအပ်တာကတော့ တိုင်းရင်းသားညီအစ်ကိုများရဲ့ ကူညီတဲ့ခွန်အားပေါ့ဗျာ။ စားနပ်ရိက္ခာနဲ့ ဆေးဝါးပေါ့ဗျာ” ဟု ခူမီး (ခမီး) အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော် အမှတ် (၂) နေရာမှ ဝင်ပြိုင်မည့် လုသ်အောင်ဘက ပြောသည်။

ယခုနှစ် ရွေးကောက်ပွဲတွင် ခူးမီးပါတီမှ အမျိုးသားလွှတ်တော် အမှတ် (၇) နေရာအတွက် ယှဉ်ပြိုင်မည့် လုသ်ကံလင်းမှာ ဥက္ကဋ္ဌ၏ ညီအရင်းဖြစ်သည်။

“နိုင်ငံရေးလုပ်ရင်တော့ ပိုက်ဆံလေးဘာလေးတော့ နည်းနည်းရှိမှပဲဆိုတဲ့ အတွေးလေးတော့ ကျွန်တော် နည်းနည်းပေါက်တယ်ဗျ။ အဲဒီတော့ တနိုင်းတို့ ဘာတို့ဘက် ကျောက်သွားတူးလိုက်သေးတယ်” ဟု လုသ်ကံလင်းက ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ တစ်နှစ်ဝန်းကျင်ကာလက အခြေအနေကို ပြန်ပြောင်းပြောပြသည်။

အစ်ကိုဖြစ်သူ၏ တိုက်တွန်းစည်းရုံးချက်အရရော၊ မိမိ၏ တိုင်းရင်းသား ခူမီးမျိုးနွယ်စုများအရေး ကြိုးပမ်းဆောင်ရွက်လိုစိတ်အရရော ထိုနှစ်က ရွေးကောက်ပွဲကို ဝင်ပြိုင်လိုက်သည်။ သို့သော် မနိုင်ခဲ့ပေ။

ရွေးကောက်ပွဲဝင်နိုင်ရန် ပိုက်ဆံရှာခဲ့သော်လည်း “ဟိုမှာတော့ဗျာ လောပန်းအခေါ်ခံရတာပေါ့။ ဒါပေမယ့် ပြန်လာတဲ့အခါကျတော့ သိန်း လေးငါးဆယ်လောက် ပြုတ်သွားတာပေါ့” ဟု စာရင်းစစ်မှူး အငြိမ်းစားတစ်ဦးလည်းဖြစ်သည့် လုသ်ကံလင်းက ရယ်ရယ်မောမောဖြင့် ပြောသည်။

ခူမီးပါတီ ဦးဆောင်၍ ၂၀၁၆ မတ်လက ပလက်ဝအား ခရိုင်အဆင့် တိုးမြှင့်ဖွဲ့စည်းပေးရေး ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ / KMG) 

ခူမီးပါတီ၏ မူဝါဒသဘောတရား ကြေညာချက်တွင် “ခူမီးတိုင်းရင်းသားနှင့် ဒေသခံဌာနေတိုင်းရင်းသားတို့၏ နယ်မြေနှင့် အမျိုးသားလက္ခဏာများ တည်တံ့ရှင်သန်ဖွံ့ဖြိုးရေး၊ ဆင်းရဲမွဲတေမှု လျော့ပါးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းရေးနှင့် လူမှုစီးပွားတိုးတက်မြင့်မားရေးကို ဖြစ်ထွန်းစေမည့် ခူမီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိရန် လိုအပ်သည်ဟူ၍လည်းကောင်း၊ ရထိုက်သည်ဟူ၍လည်းကောင်း အခိုင်အမာယုံကြည်ကြောင်း” ဖော်ပြထားသည်။

ရွေးကောက်ပွဲအောင်နိုင်ရေး အစီအမံများကို Myanmar Now က မေးမြန်းကြည့်သည့်အခါ ပါတီဗဟိုအလုပ်အမှုဆောင်များလည်းဖြစ်၊ ကိုယ်စားလှယ်လောင်းများလည်း ဖြစ်သည့် ၎င်းတို့ နှစ်ဦးထံတွင် တိတိပပ အဖြေများ မရှိကြသေးပေ။ 

အောင်နိုင်ရေးဟု ဆိုသော်လည်း အခြားပါတီများကဲ့သို့ ပါတီတွင် ရန်ပုံငွေမရှိ။ အားလုံးဝေပုံကျ ထည့်ဝင်၍ လိုအပ်သည့် စရိတ်စကများအတွက် သုံးစွဲကြမည်ဟုတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က စဉ်းစားထားသည်။

သို့သော် တစ်ဖက်တွင်လည်း ကိုဗစ်နိုင်တင်းရောဂါကပ်ဘေး ဖြစ်ပွားနေသေး၍ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအနှံ့သို့ ခရီးသွားခွင့် မရခြင်းကြောင့် စရိတ်အနည်းငယ်ကာမိမည်ဟုလည်း အသက် ၇၀ ရှိပြီဖြစ်သည့် လုသ်ကံလင်းက ဆိုသည်။

၎င်းသည် ယခုအခါ မတူပီမြို့ပေါ်တွင် နေထိုင်လျက်ရှိပြီး ပလက်ဝသို့ ပြန်ရန် အခွင့်အခါကောင်းကို စောင့်ဆိုင်းလျက်ရှိသည်။ နောက်ထပ်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ လုသ်အောင်ဘကတော့ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့တွင်သာ ရှိနေသေးသည်။ ၎င်းကတော့ လာမည့် အောက်တိုဘာ ၁၅ ခန့်တွင် ပလက်ဝသို့ သွားနိုင်ရန် မျှော်မှန်းထားသည်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း လုသ်အောင်ဘ (ဓာတ်ပုံ / ပေးပို့) 

အသက် ၅၈ ရှိပြီဖြစ်သည့် လုသ်အောင်ဘသည် ၂၀၁၆ မတိုင်မီက နိုင်ငံရေးအတွေ့အကြုံ တစ်စွန်းတစ်စမျှ မရှိပေ။ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ ပင်လယ်ကူးသင်္ဘောသားဘဝတို့တွင် ကျင်လည်ခဲ့ပြီး ၂၀၁၆ တွင် အနားယူစဉ်မှ မိမိမွေးရပ်ဇာတိနယ်ရှိ ခူမီးပါတီသို့ ဝင်ဖြစ်ခဲ့သည်။

ရန်ကုန်တွင် လက်ရှိနေထိုင်နေသူဖြစ်သည့်အားလျော်စွာ ဥက္ကဋ္ဌက နိုင်ငံရေးနှင့်ပတ်သက်သည့် သင်တန်းများ စဉ်ဆက်မပြတ်တက်ခိုင်းသည်နှင့် တက်ရသည်။

“မင်း တက်ဦးမလားဆိုတော့ မတက်တော့ဘူး၊ ပညာတွေက စုံနေပြီ၊ တိုင်းပြည်အုပ်ချုပ်လို့ရပြီဆို နောက်ပြောလိုက်တာ၊ အဲဒါနဲ့ မင်း ရွေးကောက်ပွဲဝင်တော့ဆို ဝင်ခိုင်းတယ်” ဟု လုသ်အောင်ဘက ရယ်မောလျက် ပြောပြသည်။

နယ်မြေကွင်းဆင်းခွင့်လည်း မရ၊ ပြည်သူနှင့်လည်း ထိတွေ့ခွင့်မရှိသည့်အနေအထားတွင် လက်ကမ်းစာရွက်များ အဆင့်ဆင့်ဝေမျှခြင်း၊ ဥက္ကဋ္ဌ၏ ပြည်သူသို့ ပြန်ကြားသော ရုပ်သံဗီဒီယို ရိုက်ကူးကာ ဒီဗီဒီချပ်များ ဖြန့်ဝေပေးခြင်းတို့ လုပ်မည်ဟူ၍ ခူမီးပါတီက တွေးဆထားသည်။ သို့သော် မည်သည့်မဲဆွယ်စည်းရုံးမှုမျိုးကိုမျှ စမလုပ်နိုင်သေးပေ။

ပလက်ဝတွင် ရွေးကောက်ပွဲအား မည်သည့်ပုံစံဖြင့် ပြုလုပ်ပေးမည်၊ မည်သို့အစီအစဉ်များ ရေးဆွဲထားသည်ကို သေချာစွာ မသိရသေးဟု လုသ်ကံလင်းက ပြောကြားသည်။

“နောက်တစ်ခုက ရွေးကောက်ပွဲကရော လုပ်ဦးမှာလား၊ မလုပ်ဘူးလား၊ လုံခြုံရေးနဲ့ပတ်သက်လို့ တပ်နဲ့ရော ညှိပြီးပြီလားဆိုတာတွေ ကျွန်တော်တို့ ဘာမှလည်း မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။

ယင်းအခြေအနေအား ပလက်ဝမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးစံသာကျော်ကို မေးမြန်းကြည့်ရာ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လုပ်မယ်ဆိုတော့လည်း လုပ်ရမှာပေါ့ ဆရာရယ်၊ အဓိကက နယ်မြေလုံခြုံရေးပါပဲ၊ နယ်မြေလုံခြုံရေးကောင်းရင်တော့ အေးအေးဆေးဆေး ဖြစ်သွားမှာပေါ့” ဟု Myanmar Now ကို ပြောသည်။

လတ်တလောတွင်မူ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေ၍ စာရေးကိရိယာ၊ စာရွက်စာတမ်း၊ ရုံးသုံးပစ္စည်းကအစ အခြားအစိုးရဌာနများနှင့် ဌာနအချင်းချင်း “လိုတဲ့ဟာ ယူလိုက်၊ ပြန်ရရင် ပြန်ဆပ်လိုက် လုပ်ရတာပေါ့။ အင်တာနက်ကလည်း မရသေးဘူး” ဟု ဦးစံသာကျော်က ဆိုသည်။

Show More

Related Articles

Back to top button