သတင်း

ကိုဗစ်ကာလအတွင်း အချိန်မီဆေးကုသခွင့်ဆုံးရှုံးသည့် နာတာရှည်ရောဂါဝေဒနာရှင်များရှိနေ 

ကိုဗစ်နိုင်တင်း (Covid-19) ဒုတိယလှိုင်းကျရောက်မှုတွင် ရန်ကုန်တွင် ကူးစက်မှုအများဆုံးဖြစ်ပွားလျက်ရှိရာ ပုဂ္ဂလိကဆေးခန်းများ ပိတ်ထားခြင်းနှင့် အစိုးရဆေးရုံများသို့ သွားရောက်ပြသရန် အကန့်အသတ်ရှိနေသောကြောင့် ပုံမှန်ဆေးကုသမှုခံယူနေရသူများ အခက်အခဲဖြစ်လျက်ရှိသည်။ 

ဝန်ထမ်းသုံးဦး ရောဂါပိုးကူးစက်ခံရသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် စက်တင်ဘာ ၁၀ ရက်မှစ၍ လမ်းမတော်မြို့နယ်ရှိ ဗဟိုရ်စည်ပုဂ္ဂလိကဆေးရုံကို အသွားအလာကန့်သတ် (Lockdown) ပိတ်ပင်ခဲ့ပြီး ကျန်းမာရေးဝန်ဆောင်မှုကို ယာယီရပ်နားခဲ့သည်။

ဗဟိုရ်စည်ဆေးရုံ ယာယီပိတ်ထားသဖြင့် ဆေးကုသမှုခံယူရန် အခက်အခဲဖြစ်သွားသူများအနက် ပဲခူးတိုင်း နတ်တလင်းမြို့နယ်မှ ရန်ကုန်သို့ လာရောက်ခဲ့သူ ၆၁ နှစ်အရွယ် ဦးအေးဝင်းလည်း ပါဝင်သည်။ 

ရန်ကုန်မြို့သို့ စက်တင်ဘာ ၃ ရက်တွင် ရောက်လာခဲ့သည့် ဦးအေးဝင်းသည် ဗဟိုရ်စည်ဆေးရုံ၌ ခွဲစိတ်ကုသမှု ပြုလုပ်ရန် ဆီးလမ်းကြောင်းကို စစ်ဆေးနေဆဲအချိန်တွင် ဆေးရုံပိတ်သွားခဲ့ခြင်းဖြစ်သည်။ ကပ်ရောဂါအခြေအနေကြောင့် နေရပ်သို့လည်း မပြန်နိုင်ဖြစ်နေသည်။ 

အစိုးရဆေးရုံများတွင် သွားရောက်ပြသပါက ကိုဗစ်နိုင်တင်း ကူးစက်ခံရမည်ကိုလည်း စိုးရိမ်သဖြင့် နီးစပ်ရာ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တည်းခိုရင်း ဆီးပိုက်တန်းလန်းဖြင့် စောင့်ဆိုင်းနေရသည်ဟု ဦးအေးဝင်းက ဆိုသည်။

“ပထမတော့ အစိုးရဆေးရုံတွေမှာ ပြမလို့ပဲ။ နောက်တော့ ဗြုန်းစားကြီး ရက်ပိုင်းအတွင်း ကိုဗစ်နိုင်တင်းလူနာတွေလည်း ဝင်နေတယ်။ ပြောရမယ်ဆိုရင် ရောဂါကြောင့် အသက်အန္တရာယ် မများပေမယ့်လို့ အဲ့ဒီမှာ (အစိုးရဆေးရုံ) အန္တရာယ်များတဲ့နေရာ ဖြစ်နေတာကြောင့်မို့လို့ အခုလို ဖြစ်နေတာပေါ့” ဟု ဆေးကုရန်စောင့်ဆိုင်းနေရသည့်အဖြစ်ကို ဦးအေးဝင်းက ပြောပြသည်။ 

ကျောက်တံတားမြို့နယ်ရှိ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ၌လည်း မေ့ဆေးဆရာဝန်တစ်ဦးနှင့် သူနာပြု ၂၀ ဦး ကိုဗစ်နိုင်တင်းကူးစက်ခံရသဖြင့် စက်တင်ဘာ ၂၁ မှစ၍ ဆေးရုံကို ပိတ်ထားခဲ့သည်။ ဗိုလ်တထောင်မြို့နယ် ပါရဂူပုဂ္ဂလိကဆေးရုံတွင် ကိုဗစ်အတည်ပြုလူနာ မတွေ့ရှိသော်လည်း လတ်တလောတွင် ဆေးကုသမှု ရပ်နားထားသည်။  

ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် အချိန်ပိုင်း ဆေးခန်းထိုင်သည့် အစိုးရဆရာဝန်အများစု ဆေးခန်းမလာနိုင်တော့ကြောင်း လှိုင်သာယာတွင် ဖွင့်လှစ်ထားသည့် စွယ်စုံအထွေထွေရောဂါကုဆေးခန်းပိုင်ရှင် ကိုတည်ငြိမ်သန့်က ပြောသည်။

ဆရာဝန်များသည် အစိုးရဆေးရုံများတွင် ကိုဗစ်နိုင်တင်းသံသယလူနာများနှင့် နေ့စဉ်ထိတွေ့မှုရှိသဖြင့် ရောဂါပိုးကူးစက်ခံရနိုင်ခြေများသည့်အပြင် ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်သူများ ဖြစ်နေနိုင်သဖြင့် ၎င်းတို့မှတစ်ဆင့် ထပ်မံကူးစက်မှု မဖြစ်စေရန် ပြင်ပဆေးခန်းများတွင် ကုသမှုမပြုတော့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

အလားတူပင် ပြင်ပဆေးခန်းများမှ ရောဂါပိုးကူးစက်ခံသွားရလျှင်လည်း တာဝန်ထမ်းဆောင်နေသည့် အစိုးရဆေးရုံများတွင် ထပ်မံကူးစက်ပြန့်ပွားစေမည်ကို စိုးရိမ်နေကြသည်ဟု ကိုတည်ငြိမ်သန့်က ဆိုသည်။

“နောက်တစ်ကြောင်းကလည်း သူတို့ (ပုဂ္ဂလိက) ဆေးရုံတွေမှာ အချိန်မပေးနိုင်တော့တာ၊ ပြင်ပဆေးခန်းတွေမှာ သိပ်အချိန်မပေးနိုင်တော့တာပေါ့” ဟု ၎င်းက ပြောသည်။

လတ်တလောတွင် ဆေးခန်း ယာယီပိတ်ထားသဖြင့် အခက်အခဲကြုံနေရသည့် လူနာများရှိသည်ဟုလည်း ကိုတည်ငြိမ်သန့်က ဆိုသည်။ 

“တချို့လူနာဆို တော်တော်တောင် သနားဖို့ကောင်းတယ်။ အသက်အန္တရာယ်ဆုံးရှုံးမှုနဲ့ ကြုံလိုက်ရတဲ့ လူနာတွေတောင် ကျွန်တော့်မျက်မြင် ရှိခဲ့ပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ ဆေးခန်းတော်တော်များ ပိတ်ထားရတယ်။ ပိတ်ထားရတော့ အချိန်မီ ဆေးရုံကို မလွှတ်လိုက်ရဘူး။ ဒီလိုနဲ့ အသက်ဆုံးပါးသွားတဲ့ လူနာတွေ ရှိခဲ့ဖူးတယ်။ ဒီရက်ပိုင်း လပိုင်းလေးမှာပဲ” ဟု ၎င်းက ပြောသည်။ 

၎င်း၏ ဆေးခန်းတွင် အထွေထွေရောဂါကုဆရာဝန် နှစ်ဦး၊ အထူးကုဆရာဝန် သုံးဦးနှင့် ဆေးခန်းဝန်ထမ်း ငါးဦးရှိပြီး ယခင်က နေ့စဉ် လူနာ ၇၀ ကျော် လက်ခံကုသပေးလေ့ရှိသည်ဟု ဆိုသည်။ 

ဆေးခန်းပိတ်ထားသော်လည်း ကုသနေကျ လူနာအချို့ကို အွန်လိုင်းမှတစ်ဆင့် ညွှန်ကြားမှုများပေးနိုင်ရန် အထူးကုဆရာဝန်ကြီးများနှင့် ချိတ်ဆက်ပေးကြောင်း၊ ရံဖန်ရံခါ ရက်ချိန်းဖြင့် တွေ့ဆုံကုသနိုင်ရန်လည်း စီစဉ်ပေးကြောင်း ကိုတည်ငြိမ်သန့်က ပြောသည်။ 

သို့သော် အွန်လိုင်းအခြေပြု ကျန်းမာရေးဝန်ဆောင်မှု ပုဂ္ဂလိကလုပ်ငန်းအချို့ရှိနေသော်လည်း နာတာရှည်ရောဂါရှိလူနာများနှင့် အရေးပေါ်လူနာများအတွက်မူ ထိရောက်မှုနည်းကြောင်း အွန်လိုင်းမှတစ်ဆင့် ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် “Hello – ဆရာဝန်” ၏ အယ်ဒီတာချုပ်နှင့် စီမံအုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာသူရိန်လှိုင်ဝင်းက ပြောသည်။

“ကျွန်တော်တို့ အွန်လိုင်းကနေ ကုသမှုလုပ်လို့ရတယ် ဆိုတာကလည်း အပရိက အပေါ်ယံရောဂါတွေပဲ လုပ်လို့ရတာ များတယ်။ ပိုပြီးတော့ အသေးစိတ်လာတဲ့ အနုစိတ်လာတဲ့ ရောဂါတွေကျတော့ အွန်လိုင်းကနေလုပ်လဲ ဘာမှမထူးဘူး” ဟု ဒေါက်တာသူရိန်လှိုင်ဝင်းက ပြောသည်။

ကိုဗစ်နိုင်တင်း ကူးစက်ခံရခြင်းကြောင့် မဟုတ်ဘဲ ကိုဗစ်ကြောင့် ယန္တရားများအားလုံး ရပ်နေသဖြင့် နာတာရှည်ရောဂါသည်များ ပိုမိုထိခိုက်နေခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ 

ကိုဗစ်ကာလအတွင်း ဆေးရုံဆေးခန်း သွားရောက်ပြသရန် အခက်အခဲတွေ့နေသူ ဝေဒနာရှင်များအနက် ကျောက်ကပ်ရောဂါခံစားနေရသူ အသက် ၂၅ နှစ်အရွယ် မယဉ်မွန်အောင်လည်း ပါဝင်သည်။ ၎င်းသည် ၁၉ နှစ် အရွယ်ကတည်းက တစ်ပတ်လျှင်နှစ်ကြိမ် ပုံမှန်ကျောက်ကပ်ဆေးနေရသူဖြစ်သည်။ 

မယဉ်မွန်အောင်ကို အပတ်စဉ်ကျောက်ကပ်ဆေးပေးနေသည့် သင်္ဃန်းကျွန်းစံပြဆေးရုံမှ ဆရာဝန်မှာ ကိုဗစ်လူနာနှင့် ထိတွေ့မိပြီး ကွာရန်တင်းဝင်လိုက်ရ၍ စက်တင်ဘာ ၂၂ မှစ၍ ကုသမှုမရရှိတော့ဟု ဆိုသည်။ 

“တစ်ပတ်ကိုတစ်ခါ ဆေးရတဲ့ လူနာမျိုးတွေပေါ့။ အဲဒီလိုလူတွေအတွက်ကျတော့ ဘယ်နေရာမှ သွားစရာမရှိဘဲနဲ့။  ပြီးတော့ ကိုယ်တွေက ကျောက်ကပ်မဆေးရင် သေသွားရမယ့် သူတွေလေ။ တစ်ပတ်ကို နှစ်ခါဆေးတဲ့သူက တစ်ခါပဲဆေးရင်တောင် ဘယ်လိုမှ နေလို့ထိုင်လို့မရဘူး။ ရက်ကလေးတောင် ကျော်လို့မရဘူး။ အသက်တွေ ရှူလို့မရ၊ ပြုလို့မရ၊ ဆီးဆိပ်တွေကတက်” ဟု ကျောက်ကပ်ဝေဒနာနှင့် ပတ်သက်၍ မယဉ်မွန်အောင်က ပြောသည်။

ပုံမှန်ကျောက်ကပ်ဆေးနေသည့် ဆေးခန်းများ ပိတ်သွားသဖြင့် အခက်အခဲဖြစ်နေသူ နောက်တစ်ဦးမှာ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်နေ အသက် ၄၀ အရွယ် ဒေါ်ခင်စန်းရီ ဖြစ်သည်။ ပုံမှန်သွားနေကျ ဆေးခန်းများ ပိတ်ထားသဖြင့် ပုဇွန်တောင်မြို့နယ်ရှိ မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ် အထူးကုဆေးခန်းတွင် ကျောက်ကပ်ဆေးနေရသည်ဟု ဆိုသည်။ 

ဒေါ်ခင်စန်းရီသည် သင်္ဃန်းကျွန်းစံပြဆေးရုံနှင့် မဟာဗန္ဓုလပန်းခြံလမ်းရှိ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံတွင် အပတ်စဉ် ကျောက်ကပ်ဆေးနေသူဖြစ်သည်။ ယင်းဆေးခန်းများ ပိတ်သွားသဖြင့် အာယု၊ ပင်လုံ၊ SML၊ ဆာကူရာ၊ ပန်းလှိုင် စသည့်ဆေးရုံများသို့ သွားရောက်စုံစမ်းခဲ့သော်လည်း ကျောက်ကပ်ဆေးရန် ရက်ချိန်းမရခဲ့ဟု ဆိုသည်။

“ဒီ (မြင့်မြတ်ဖြူစင်ဆေးခန်း) က ခေါ်လိုက်လို့ တော်သေးတယ်။ မခေါ်ရင် ညတုန်းကလည်း တညလုံးမအိပ်နိုင်ဘူး။ ခြင်ထောင်ထဲမှာ ကုလားထိုင်ထည့်ပြီးတော့ အဲဒီလိုကြီး ငုတ်တုတ်နေနေရတယ်။ အသက်ရှူလို့ မဝတော့ဘူး။ ပြင်ပဆေးခန်းတွေဆီလည်း သွားပါတယ်။ သူတို့က ပထမလူနာတွေ လက်ခံထားတာတွေ ရှိလို့တဲ့။ လူနာတွေက အရမ်းဖြစ်နေတော့တဲ့ ခေါ်လို့မရဘူးတဲ့” ဟု ဒေါ်ခင်စန်းရီက ပြောသည်။

မြင့်မြတ်ဖြူစင်ဆေးခန်း၌ ပြသရန် စောင့်ဆိုင်းနေသည့် ဒေါ်ခင်စန်းရီကို စက်တင်ဘာ ၂၇ တွင် တွေ့ရစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)

ကျောက်ကပ်ပုံမှန်ဆေးရန် လိုအပ်သည့်လူနာများသည် ဆေးထိုး၊ ဆေးသောက်၊ ဆေးသွင်း၍ ကုသနိုင်သူများမဟုတ်ဘဲ ဆေးရမည့်ရက် ကျော်လွန်ပါက ဝေဒနာပြင်းထန်စွာ ခံစားရသည်ဟု ရန်ကုန် စမ်းချောင်းမြို့နယ်မှ ကျောက်ကပ်ဝေဒနာသည်တစ်ဦးဖြစ်သည့် မဝေဇင်ဦးက ပြောသည်။ အကြိမ် ၅၀၀ ကျော် ကျောက်ကပ်ဆေးထားရသူလည်းဖြစ်သည်။ 

“အဲဒီလိုမှ မဆေးနိုင်ဘူးဆိုရင် ကျွန်မတို့အတွက် အန္တရာယ်ရှိပါတယ်။ အရမ်းကို မောကျပ်လာပါတယ်။ အဲ့လို မောကျပ်လာတဲ့အခါမှာ ဘယ်သူကမှ မကယ်နိုင်ပါဘူး။ ကယ်နိုင်တဲ့သူကတော့ ကျောက်ကပ်ဆေးတဲ့ စက်ကြီးပါပဲ” ဟု မဝေဇင်ဦးက ပြောသည်။

ပုံမှန် ကျောက်ကပ်ဆေးနေရသူများသည် အချိန်မီဆေးခွင့်မရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်ဟု အင်းစိန်ပြည်သူ့ဆေးရုံကြီး ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာမာမာကြည်က ပြောသည်။ 

“ကျောက်ကပ်ဆိုတာက တော်တော်ဆိုးတယ်။ သူတို့တွေဟာ ကိုယ်ခံအားကျနေရင် ဒီ (ကိုဗစ်) ပိုး ဝင်လွယ်တယ်။ ဒီပိုးဝင်သွားပြီးရင်လည်း ခန္ဓာကိုယ်မှာ Cytokine storm ဆိုတာ ကိုယ်ခံအားပြောင်းလဲပြီးရင် ကိုယ်ခံအားစနစ်တွေ ပျက်ယွင်း၍ မုန်တိုင်းကဲ့သို့ လွန်ကဲစွာ တုံ့ပြန်ခြင်းလို့ခေါ်တဲ့ တုံ့ပြန်ခြင်းမျိုးဖြစ်နိုင်တယ်။ အဲဒါဖြစ်ရင် အသက်အန္တရာယ်ရှိတယ်။ သေတတ်တယ်” ဟု ၎င်းက ပြောသည်။

ကိုဗစ်နိုင်တင်းကာလအတွင်း အချိန်မီ ဆေးကုသမှုမရရှိသည့် အခြားဝေဒနာရှင် များစွာရှိသည်ဆိုသော်လည်း အစိုးရဆေးရုံများတွင် ဝန်ဆောင်မှုအချိန် လျှော့ချထားခြင်းမျိုး မရှိကြောင်း ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောသည်။

“Non-Covid (ကိုဗစ်မဟုတ်တဲ့) လူနာတွေပေါ့။ အခုလည်း ကျွန်တော်တို့က အဲ့ဒါတွေကို အချိန်မရွေး လာပြလို့ရအောင် စီစဉ်ထားတယ်။ လာပြရင် အချိန်ပြည့် ကုပေးပါတယ်။ မလာရဘူးလို့ ပြောမထားဘူး။ သူတို့ကိုမလျှော့ဘူး။ လျှော့ပြီးမကုသဘူး။ ဒါပေမယ့် လူနာတွေ မလာတာက မလာတာပဲလေ” ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်နိုင်တင်းကူးစက်မှု ထိန်းချုပ်ရေးလုပ်ငန်းများကို ဦးဆောင်နေသူလည်းဖြစ်သည့် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောသည်။ 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်နိုင်တင်းလက္ခဏာပြ လူနာများကို လက်ခံစစ်ဆေးကြည့်ရှုသည့် အရေးပေါ်ဌာနကို တိုးချဲ့ခဲ့သည့်နည်းတူ အထူးကုပြင်ပလူနာဆိုင်ရာ ဌာနများကိုလည်း လသာ (၂) ကျောင်းဝင်းအတွင်း ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ 

အင်းစိန်မြို့နယ် ဖျားနာကုအခမဲ့ဆေးခန်း၌ ကျန်းမာရေးစေတနာ့ဝန်ထမ်းများနှင့် ဆေးခန်းလာရောက်ပြသသူများကို စက်တင်ဘာ ၂၅ တွင် တွေ့ရစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now) 

ကိုဗစ်နိုင်တင်း မဟုတ်သည့် လူနာများအတွက် မြို့နယ်အလိုက် Fever Clinic (ဖျားနာကုအခမဲ့ဆေးခန်း) ၂၁ ခု ဖွင့်လှစ်ထားသော်လည်း စေတနာ့ဝန်ထမ်းအရေအတွက်ပေါ် မူတည်ကာ အချိန်နှင့် လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံကုသနိုင်သည်။ 

တစ်ရက်လျှင် လူနာ ၅၀ ခန့် လက်ခံကုသပေးနေရသည့် ဖျားနာဆေးခန်းများ ရှိသကဲ့သို့ ၂၀၀ ဝန်းကျင် လက်ခံကြည့်ရှုပေးနေရသည်များလည်း ရှိသည်ဟု တာမွေ၊ လှိုင်နှင့် အင်းစိန်မြို့နယ်များရှိ ဖျားနာဆေးခန်းများမှ စေတနာ့ဝန်ထမ်းဆရာဝန်များက ပြောသည်။ 

အရေးပေါ်ကုသမှုလိုအပ်သည့် နာတာရှည်ရောဂါ ဝေဒနာသည်များအတွက် ယခုကဲ့သို့သော အခက်အခဲများကို ရှောင်လွှဲနိုင်ရန် ကိုဗစ်နိုင်တင်းကာလအတွင်း အစိုးရနှင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပုဂ္ဂလိကဆေးခန်းပိုင်ရှင် ကိုတည်ငြိမ်သန့်က အကြံပြုသည်။

“အစိုးရအနေနဲ့ရော ဝန်ကြီးဌာနတွေအနေနဲ့ရော ပူးပေါင်းပေးဖို့ပေါ့။ အောက်က အပြင်ဆေးခန်းတွေကို ပူးပေါင်းပါ ပူးပေါင်းပါ ပြောပေမဲ့လဲ တကယ့်အောက်ခြေကို သေချာလေးဆင်းပြီးတော့ ဖြစ်ပျက်နေတာလေးတွေကို ထဲထဲဝင်ဝင်လေး လေ့လာပေးကြဖို့” ဟု ၎င်းက ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ စက်တင်ဘာ ၃၀ ရက်နေ့ ည ၈ နာရီအထိ  မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းအတည်ပြုလူနာ ၁၃,၃၇၃ ဦးရှိပြီး သေဆုံးသူ ၃၁၀ ရှိသည်။ 

Show More

Related Articles

Back to top button