သတင်း

မြောက်ပိုင်းသုံးဖွဲ့ကို ရှမ်းတိုင်းရင်းသားတို့နှင့် စစ်ကောင်စီရန်တိုက်ပေး

၁၀၂၇ စစ်ဆင်ရေးကို ကိုးကန့်မိသားစုချင်းပြဿနာ၊ ‘ကျူးကျော်စစ်’ ဟု တံဆိပ်မျိုးစုံ ကပ်နေသည့် စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ်များကို ရှမ်းတိုင်းရင်းသားများနှင့် ရန်တိုက်ပေးနေသည်။

မြောက်ပိုင်းမဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေးသည် ‘ကျူးကျော်စစ်’ ဟု ပြီးခဲ့သည့်ရက်ပိုင်းက တံဆိပ်ကပ်ခဲ့ပြီး တရုတ်မုန်းတီးရေးလှုပ်ရှားမှု အသက်သွင်းခဲ့သည့်စစ်ကောင်စီက တအာင်းနှင့် ကိုးကန့်လက်နက်ကိုင်တပ်များကို ရှမ်းတိုင်းရင်းသားများနှင့် ရန်တိုက်ပေးပြန်သည်။

စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှမ်းလူမျိုးများပိုင်ဆိုင်သည့် နေအိမ်နှင့် နေရာများကို တအာင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA တို့က ဝင်ရောက်နေရာယူလာသည်ဟု ပြောဆိုကြောင်း စစ်တပ်ထိန်းချုပ်ထားသည့် သတင်းဌာနများတွင် ယမန်နေ့ (နိုဝင်ဘာ ၂၂) ညပိုင်းက ဖော်ပြခဲ့ကြသည်။

သီတင်းပတ်အနည်းငယ်အတွင်း ရာနှင့်ချီသော စစ်စခန်းများဆုံးရှုံးထားသည့် စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးကို လူမျိုးရေးပဋိပက္ခအသွင် ကူးပြောင်းစေရန် အကြိမ်ကြိမ်အားထုတ်ခဲ့ရာ ယခုနောက်ဆုံးကြိုးပမ်းမှုအဖြစ် မြောက်ပိုင်းသုံးဖွဲ့နှင့် ရှမ်းတိုင်းရင်းသားတို့အကြား လူမျိုးရေးပဋိပက္ခဖြစ်ရန် သွေးထိုးလာခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုစစ်ဆင်ရေးမှာ နိုဝင်ဘာ ၁ ရက်နေ့က ကိုးကန့်မိသားစုချင်းပြဿနာဟု ပြောဆိုခဲ့ပြီး နိုဝင်ဘာလ ၁၉ ရက်နေ့တွင်မူ “ကျူးကျော်သူများ၏ ကျူးကျော်စစ်” ဟု ရည်ညွှန်းပြန်သည်။

ထို့နောက် စစ်တပ်ထောက်ခံသူများက ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့သို့ ချီတက်ဆန္ဒပြခဲ့ကြပြီး ၁၀၂၇ စစ်ဆင်ရေး၏ နောက်ကွယ်တွင် တရုတ်နိုင်ငံပါဝင်သည်ဟု အမည်တပ်ကာ စွပ်စွဲခဲ့ကြသည်။

နိုဝင်ဘာ ၂၁ ရက်တွင်မူ ‘ကျူးကျော်စစ်’ ဆိုသည့် အသုံးအနှုန်းကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်မသုံးစွဲတော့ဘဲ တအာင်း၊ ကိုးကန့်နှင့် ရှမ်းလူမျိုးအမည်များကို ၁၀၂၇ စစ်ဆင်ရေးနှင့် ချိတ်ဆက်ကာ စတင်ပြောဆိုလာခဲ့သည်။

တိုက်ပွဲဖြစ်ပွားရာ ရှမ်းမြောက်မှ နယ်မြေအချို့သည် ရှမ်းလူမျိုးများ အများဆုံးနေထိုင်သည့် နယ်မြေများဖြစ်ပြီး TNLA နှင့် MNDAA တို့က ထိုမြို့ရွာများနှင့် အနီးအနားမှ စစ်စခန်းများကို တိုက်ခိုက်ကြသည်ဟု ၎င်းက စွပ်စွဲသည်။

“(TNLA, MNDAA တို့က တိုက်ပွဲတွေ) ပြီးရင် အစောပိုင်းက ကျွန်တော်ပြောခဲ့တဲ့ ရှမ်းလူမျိုးတွေပိုင်ဆိုင်တဲ့ အိမ်တွေ၊ နေရာတွေမှာ ဝင်ရောက်နေရာယူတယ်။ အဲဒီအထဲကနေ တပ်စခန်းတွေကို တိုက်ခိုက်တာမျိုးတွေ တွေ့ရပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရှမ်းလူမျိုးတွေအနေနဲ့လည်း ရှမ်းပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းတွေ နှုတ်ဆိတ်နေတာကို စတင်ပြီးကန့်ကွက်တာတွေ၊ သဘောထားထုတ်ဖော်ပြောကြားလာတာတွေကို တွေ့ရပါတယ်” ဟု စစ်တပ်၏ ဝါဒဖြန့်လုပ်ငန်းအတွက် ဖွဲ့ထားသည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာနအရာရှိလည်းဖြစ်သော ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ယနေ့ (နိုဝင်ဘာ ၂၂) စစ်ကောင်စီအာဘော်သတင်းစာများတွင်လည်း ထိုပြောကြားချက်အပြည့်အစုံကို ထည့်သွင်းထားကြသည်။

မကြာသေးမီကလည်း စစ်ကောင်စီကျောထောက်နောက်ခံပေးထားသည့် တယ်လီဂရမ်ချန်နယ်များက ၁၀၂၇ စစ်ဆင်ရေးတွင် မြောက်ပိုင်းမဟာမိတ်များဘက်မှ ဝင်တိုက်ပေးနေသည့် BPLA, PLA, PDF စသည့် လက်နက်ကိုင်တပ်များမှ “ဗမာ” လူငယ်များကို မြောက်ပိုင်းမဟာမိတ်တပ်များက ရှေ့တန်းတွင် ထားကာ အသေခံခိုင်းနေသည်ဟု လူမျိုးရေးကို အခြေခံသည့် ဝါဒဖြန့်ချိမှုများ ပြုလုပ်ခဲ့ကြသည်။

ကိုးကန့်တပ် MNDAA ပြောခွင့်ရ ကိုကျော်နိုင် (ခ) လီကျားမင်းကမူ စစ်ကောင်စီက ရှမ်းပြည်နယ်တွင် နေထိုင်သည့် လူမျိုး အချင်းချင်းကြား ပဋိပက္ခဖြစ်စေရန် သွေးခွဲ လှုံ့ဆော် နေခြင်းဖြစ်ကြောင်း၊ စစ်တပ်၏ ရက်စက် ဖိနှိပ်မှုကြောင့် လက်နက်ကိုင် တော်လှန်နေရခြင်း ဖြစ်ပြီး စစ်ကောင်စီ မရှိမှသာ ရှမ်းပြည်နယ် အေးချမ်းသာယာမည်ဟု ဆိုသည်။

“သူတို့ ရင်ဆိုင်နေရတဲ့ အဖက်ဖက်ကလာတဲ့ စစ်ဆင်ရေးနဲ့ စစ်ရေး ဖိအားကို လျှော့ချနိုင်ဖို့အတွက် သွေးခွဲတာတို့ ပရိယာယ် အမျိုးမျိုးကို သုံးမှာပဲ။ ဒါက ကျွန်တော်တို့ ရှမ်းပြည်နယ်ထဲမှာ ရှိနေတဲ့ လူမျိုးအချင်းချင်းကြားမှာ သွေးခွဲနေတဲ့ လက်ချက် ဖြစ်တယ်ဆိုတာ သိသာထင်ရှားနေတာပေါ့” ဟု ၎င်းက ပြောသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သည် ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသည် (ဓာတ်ပုံ – BPLA)

မြောက်ပိုင်းမဟာမိတ်များနှင့် ရှမ်းလက်နက်ကိုင်များအကြား ဆက်ဆံရေး

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်များအနက် RCSS/SSA နှင့် SSPP/SSA တို့သည် အင်အားအကြီးဆုံးသော အဖွဲ့အစည်းများဖြစ်ကြသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်တိုင်းလျန်းဒေသတွင် အခြေစိုက်သော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ကို ဗိုလ်ချုပ်ကြီးယွက်ဆစ် ဦးဆောင်သည်။ အင်အား ၈ ထောင်နှင့်အထက်ရှိသည်ဟု သုတေသနအဖွဲ့များက ခန့်မှန်းထားသည့် RCSS/SSA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားပြီး စစ်ကောင်စီနှင့်လည်း ပုံမှန်ဆွေးနွေးမှုများရှိသည်။

RCSS တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – Tai Freedom)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းတွင် အခြေစိုက်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) သည် အင်အား ၁ သောင်းနှင့်အထက်ရှိသည်ဟု သုတေသနအဖွဲ့များက ခန့်မှန်းထားသည်။ SSPP/SSA သည် NCA စာချုပ်ကို လက်မှတ်မထိုးထားပေ။

ထိုရှမ်းလက်နက်ကိုင်နှစ်ဖွဲ့သည် ပြီးခဲ့သည့်နှစ်များအတွင်းက ထိပ်တိုက်တွေ့ပြီး တိုက်ခိုက်ခဲ့ကြသည်။

SSPP/SSA ကို ၁၀၂၇ စစ်ဆင်ရေးတွင် မတွေ့ရသော်လည်း စစ်ဆင်ရေးအဖွဲ့ဝင် ရခိုင်တပ် AA, တအာင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA တို့နှင့် မဟာမိတ်ဆက်ဆံရေးရှိသည်။ RCSS နှင့် တိုက်ပွဲဖြစ်စဉ်က TNLA က SSPP ဘက်မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

မြောက်ပိုင်းအဖွဲ့များနှင့် မဟာမိတ်ဆက်ဆံရေးရှိသော်လည်း ၁၀၂၇ စစ်ဆင်ရေးတွင် SSPP က မည်သည့်ဘက်ကမှ မပါဝင်ဘဲ ကြားနေမည်ဖြစ်ကြောင်း၊ နှစ်ဖက်တပ်များအနေဖြင့် အရပ်သားများ မထိခိုက်ရေးအတွက် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြရန်လည်း SSPP ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းဆုက နိုဝင်ဘာ ၁၀ ရက်နေ့တွင် ပြောကြားထားသည်။

SSPP တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – SSPP Info)

လှုပ်ရှားနယ်မြေ ဆက်စပ်နေသည့် TNLA နှင့် SSPP တို့အကြား မဟာမိတ်ဆက်ဆံရေးရှိသည့်တိုင် အောက်ခြေတပ်ဖွဲ့ဝင်များအကြား ပစ်ခတ်တိုက်ခိုက်မှုတချို့ ရှိခဲ့သည်။ နိုဝင်ဘာ ၇ ရက်နေ့က TNLA နှင့် SSPP နှစ်ဖက်တပ်များအကြား မူဆယ်-နမ့်ခမ်းလမ်းပေါ်တွင် ဓာတ်ပုံရိုက်ကူးမှုပြဿနာဖြင့် ပစ်ခတ်ကြရာ တစ်ဖက် ၄ ဦးစီ သေဆုံး၊ ၂ ဦးစီ ဒဏ်ရာရခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။ ထိုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမည်ဟုလည်း SSPP/SSA က တန်ပြန်သဘောထားထုတ်ပြန်ခဲ့သည်။ ထိုနှစ်ဖွဲ့သည် စက်တင်ဘာ ၂၃ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

Show More

Related Articles

Back to top button